
ထေရဝါဒ ဉာယ မဖွံ့ဖြိုးခဲ့ခြင်း အကြောင်းရင်းကို စိစစ်ခြင်း
ဗုဒ္ဓဝါဒသည် အိန္ဒိယ မြောက်ပိုင်းတွင် အေဒီ ၄ ရာစုမှ ၁၂ ရာအထိ တည်ရှိခဲ့ပြီး ယုတ္တိဗေဒ ကျမ်းဂန် အများအပြားလည်း ထွက်ပေါ်ခဲ့သည်။ ထိုစဉ်ကာလ ကတည်းက အိန္ဒိယနှင့် သီရိလင်္ကာတို့ အပြန်အလှန် ဆက်သွယ်မှု ရှိနေခဲ့ရာ အိန္ဒိယ၌ ပေါ်ထွန်းနေသော ယုတ္တိဗေဒကျမ်းများကို သီရီလင်္ကာက မသိဟု ဆိုရန်လည်း ခဲယဉ်းသည်။
ဋီကာဆရာများ ဖြစ်သော ဓမ္မပါလနှင့် မဟာနာမတို့ကဲ့သို့သော ဆရာတော်များသည် သူတို့၏ အဖွင့်ကျမ်းများ၌ အိန္ဒိယ ယုတ္တိဗေဒကို ညွှန်းခဲ့ကြသည်။ ဗိန္နော၊ နက္ခတ်ဗေဒ၊ သဒ္ဒါနှင့် စာပေ ဝေဖန်လေ့လာချက်များကို အိန္ဒိယ စာပေရင်းမြစ်များမှယူ၍ ရေးသားပြုစုခဲ့ကြသော သီရိလင်္ကာ ဗုဒ္ဓစာပေပညာရှင်များသည် ယုတ္တိဗေဒဆိုင်ရာ ကျမ်းများကိုမူ မရေးသားခဲ့ဟု ယုံကြည်ရန်မှာလည်း ခက်သည်။ ဆိုခဲ့ပြီးသည့်အတိုင်း အိန္ဒိယမှရရှိသည့် ပညာရပ်များကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ခဲ့မှုများရှိသော်လည်း ထေရဝါဒနိုင်ငံများ၌ ယုတ္တိဗေဒဆိုင်ရာ လေ့လာမှုများသည် အဘယ့်ကြောင့် မဖွံ့ဖြိုးခဲ့သနည်းဆိုသည်မှာ မေးစရာ ကောင်းသည်။
ဤအချက်ကို ရှင်းပြရန် အကြောင်းများစွာ ရှိသည်။ အိန္ဒိယတွင် ဗုဒ္ဓစာပေ ဆရာများသည် တခြားသော ဒဿနဆိုင်ရာ အစဉ်အလာများနှင့် နှီးနှောဖလှယ်မှု ရှိသည်။ ထို့ကြောင့် ထိုဆရာများ၏ ယုတ္တိဗေဒဆိုင်ရာ ငြင်းဆိုမှုများသည် ဗုဒ္ဓ၏ စကားတော်၊ တရားတော် သက်သက်မှသာ ယူသည်မဟုတ်ဟု သိရှိနိုင်သည်။ ဆန့်ကျင်ဘက် အဆိုကို ချေဖျက်ရန် သူတို့သည် ယုတ္တိဗေဒကျမ်းကို ရေးကြမည်သာ ဖြစ်သည်။ မတူညီသည့် ဘာသာချင်းဆိုင်ရာ အပြန်အလှန်နှင့်၊ ဘာသာတွင်းဆိုင်ရာ အပြန်အလှန် ကိစ္စများတွင် ဤသို့သော ရင်ဆိုင်ခဲ့မှုများ ရှိခဲ့သည်။ ဤအချက်မှာ အိန္ဒိယတွင် ဗုဒ္ဓ ယုတ္တိဗေဒ ဖွံ့ဖြိုးခဲ့မှု အကြောင်းရင်း ဖြစ်သည်။