ဓာတ်ပုံ – Reuters
မနိုးစဖူး ဒီနေ့ စောစောနိုးတယ်။ အုန်းနို့ခေါက်ဆွဲစားချင်တော့ မအဲကို နှိုး။ သူကလည်း ဈေးသွားမှာ လိုက်ခဲ့တဲ့။ ကိုယ်ကလည်း ၂ လနေလို့ သူနဲ့ ဈေး ၁ ခေါက် လိုက်ဖူးတာ မဟုတ်။
အုန်းနို့ ခေါက်ဆွဲ အရင်စား။ သွေးတက်မှာစိုးလို့ သံပုရာသီးတွေ များများညှစ်ထည့်စား။ အိုကေတယ်။
မအဲ ဈေးဝယ်တော့ ဈေးခြင်းဆွဲပြီး နောက်ကလိုက်။ မအဲ အာလူးရွေး၊ မှိုလုံးကလေးတွေ ဝယ်နေတုန်း ဘေးနားက အဘိုးကြီးက ရွေးပြီး ကောက်ကိုင်လိုက်တာ အညွန့်ကလေး သေးသေးလေး ၄ ညွန့်ပါတဲ့ဟာ (ဘာ အညွန့်မှန်း ကျနော် မသိ) ဘယ်လောက်လဲ တစီး၊ ၁၀၀ တဲ့၊ အဘိုးကြီးက အံ့ဩတကြီးနဲ့ ထပ်ထပ်မေးတယ်၊ ၁၀၀ တဲ့။ အဘိုးကြီးက အစည်းကလေးပြန်ချပြီး အောက်ထဲ မြုပ်နေတဲ့ အဲဒီ အစည်းလေးတွေ သေချာ ပြန်အုပ်ပြီး ထွက်သွားတယ်။
ဒန့်သလွန်ရွက် ဟင်းချိုလေးစားချင်တယ်ဆိုတော့ အရွက် အရင့်အများများ အနုနည်းနည်းပေမယ့် ၂၀၀ တဲ့၊ ၂ စည်း ၃၀၀ ဆိုတော့ မရပါတဲ့။ ခပ်မာမာပဲ။ သူတို့လည်း ဝယ်ရင်းဈေးနဲ့ ကိုက်အောင် ရောင်းရတယ်ထင်ပါ့။
ငှက်ပျောသီး တခြမ်းဖဲ့က ၈၀၀။
ဝက်သားဆိုင်ဘက် ရောက်တော့ ဘေးက ကောင်မလေးက ဈေးဆစ်နေတယ်။ မရဘူး … ကုန်ဈေးနှုန်းတွေက တက်နေပြီတဲ့ ဆိုပြီး ဝက်သား တဒုန်းဒုန်း ခုတ်ရင်း ဦးလေးက ပြော။
မအဲ ဆက်ဝယ်နေတဲ့ ကြက်ဥတွေ၊ ဘုရားပန်းတွေ၊ ငါးခူတွေတော့ ဈေး မသိချင်လို့ နောက်ဆုတ်နေလိုက်တယ်။
အိမ်ရှင်မ တော်တော်များများက သူတို့ မှန်းထားတဲ့ ဈေးလောက် အသီးအရွက်တွေ ကောက်ကိုင်သော်ငြားလည်း ဈေးတက်နေတဲ့အခါ ပြန်ချထားခဲ့ကြတာ မြင်ရတော့ စိတ်မကောင်း။
အုန်းနို့ခေါက်ဆွဲ စားလို့ သွေးမတက်ဘူး၊ အဲဒါတွေ မြင်ပြီးမှ သွေးတက်တော့တာ။