Tag Archives: Story

A Love Story

အချစ်စစ်တခု၏ ဘာသာဗေဒ

(ဒီဝတ္ထုတိုကို ၂၀၀၉ တုန်းကတည်းက ရေးပြီး တင်ပြီးပြီ။ ဖောင့်အပြောင်းအလဲကြောင့် အခုတော့ ပြန်ဖတ်လို့ရချင်မှ ရမယ်။ မျက်ရှုကလည်း သုံးမယ်ဆိုတာနဲ့ အရင်အပိုင်းလိုက်တွေကို ဆက်လိုက်တယ်။ သူတို့တည်းထားတယ်ဆိုပေမယ့် ဘယ်နားတွေ ဖြတ်တောက်တယ်ဆိုတာတော့ မသိဘူး။ အခု မြန်မာသရီးဖောင့်နဲ့ ထပ်တင်လိုက်တယ်။ အခုရေးထားတာဟာ အားလုံးတကယ့် အဖြစ်အပျက်တွေချည်းပဲ။ သင်ကာ)

(၁)

ကျနော့်ရှေ့တည့်တည့်တွင် ယဉ်၏ အမျိုးသားထိုင်နေသည်။ နံဘေး တဖက်တချက်တွင် ယဉ်နှင့် ယဉ်၏ ယောက္ခမတို့ ထိုင်နေသည်။ အလယ်တွင် ထမင်းဝိုင်းရှိသည်။ ကျနော်က ယဉ့်အမျိုးသားကို ဖျတ်ကနဲ ကြည့်သည်။ ထိုလူက မရိပ်မိသော်လည်း ယဉ်က ကျနော့်အကြည့်ကို သိသည်။ ကျနော့်အကြည့်တွင် ငါ့ထက် သူက ဘာ သာသလဲဟူသော နာကျည်းသည့် အတွေးကို ယဉ်က အလုံးစုံဖမ်းမိအောင် ပါးနပ်သည်။ တကယ်က ရုပ်ရည်မသာသည့်တိုင် မိန်းမတစ်ယောက်အတွက် ဘဝအာမခံချက်ပေးနိုင်မည့် ပစ္စည်းဥစ္စာဓနတော့ ထိုလူက ကျနော့်ထက်သာပါသည်။ ရင်သည် စူးကနဲ နာသည်။

ဟင်းခွက်ကို လက်အနှိုက်တွင် ထိုလူနှင့် လက်ဆုံသည်။ တကယ်ဆိုလျှင် ယဉ့်ကို ကျနော် ဟင်းခပ်ထည့်ပေးချင်ပါသည်။ ရင်ဘတ်သည် ပိုမိုစူးရှ နာကျင်သောကြောင့် ထမင်းစားပွဲမှ ထလိုက်သည်။

ကျနော် ဗြုန်းကနဲ လန့်နိုးလာသည်။ ကျနော့်ရင်သည် အိပ်မက်ထဲက ထမင်းဝိုင်းမှာ ယဉ်နှင့် တွေ့ခဲ့သည့်အတိုင်း နာကျင်နေဆဲဖြစ်သည်။ ယဉ်နှင့် ကျနော် မတွေ့တော့တာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိတော့မည်။ ကျနော့်ရင်ထဲမှ ယဉ်သည် မနေ့တနေ့က အတိုင်းလေးပဲ ရှိနေပါသည်။ အချစ်ထက် ငွေကြေးကို ဦးစားပေးရွေးချယ်သွားသော၊ သာမာန်မိန်းကလေးတို့၏ ထုံးစံအတိုင်း ဘဝအာမခံချက်ကို ဦးစားပေးသွားသော ယဉ့်ကို ကျနော်သည် မနာကျည်းနိုင်။ ထိုစဉ်က ဆင်းရဲချို့တဲ့လွန်းခဲ့သော ကိုယ့်ဘဝကိုသာ ကျနော် နာကျည်းနေမိသည်ကလည်း ထူးဆန်းပါသည်။ စိတ်မနာနိုင်လောက်အောင်ပင် ယဉ့်ကို ကျနော်ချစ်ပါသည်။ ယဉ် ကျနော့်အပေါ်မှာ အတော်ကလေး ရက်စက်ပါသည်။ အနိုင်ယူပါသည်။ လှည့်စားပါသည်။ သို့သော် ကျနော် ချစ်နေမိသေးသည်။

Continue reading

Advertisements

Leave a comment

Filed under Story

Love Story (End)

အချစ်စစ်တစ်ခု၏ ဘာသာဗေဒ (ဇာတ်သိမ်း)

(တိုက်ဆိုင်မှု ရှိနိုင်ပါသည်။ စိတ်ကူးယဉ် ဆန်ကောင်း ဆန်မည်ဖြစ်သော်လည်း တကယ့် အဖြစ်အပျက်များ ဖြစ်ပါသည်။ အုံ၊ ယဉ်၊ ပိုင်၊ မိုးနဲ့ သားကြီးတို့ကို ရည်ညွှန်းပါသည်။ သင်ကာ)

(၁၂)

ကျနော်သည် ယဉ့်ကို ချစ်သေးလားဟု ဆိုလျှင် ယခုလည်း ချစ်ခဲ့တယ်ဟု ဝန်ခံနိုင်ပါသည်။ ထိုစဉ်ကမူ ကျနော်သည် မိန်းမတစ်ယောက်ကို လက်ထပ်ယူရန် လုံးဝစိတ်မကူးသေးသူဖြစ်ပါသည်။ ယဉ့်ကို ကျနော် ချစ်ခြင်းသည် အစပိုင်းတွင် ပြောခဲ့သလို ချစ်နေခြင်းဖြင့် အဓိပ္ပာယ် ရှိနေခြင်းသာ ဖြစ်ပါသည်။ သို့သော် ယဉ်သည် သူ့ကိုယ်သူ မိန်းမတစ်ယောက်အဖို့ လက်ထပ်သင့်သော အရွယ်ဟု စဉ်းစားနေသည်လား မပြောတတ်ပါ။ ကျနော်ကလည်း ဒုတိယအကြိမ်မြောက်အဖြစ် ချစ်တယ်ဟု ထုတ်ဖော်မပြောခဲ့ပါ။

ဇာတ်လမ်းသည် ထိုညနေတွင် စသည်။

လက်ထောက်အယ်ဒီတာ ညိုချောမလေးသည် ကားမှတ်တိုင်တွင် စောင့်နေရာမှ ရုံးကို ဖုန်းဆက်သည်။ “ဆူးလေမှာ ဆုံပြီး ညစာသွားစားရအောင်”တဲ့။ ကျနော်ကလည်း “အိုကေ”ပေါ့။

ကားမှတ်တိုင်တွင် ရပ်စောင့်နေသော လက်ထောက်အယ်ဒီတာမလေးကို မြင်လျှင် ယဉ့်သူငယ်ချင်းတွေက ရုံးမှာ ကျန်ခဲ့သော ယဉ့်ကို ဖုန်းဆက် သတင်းပို့သည်။

မရှေးမနှောင်းပင် ယဉ့်ဆီမှ ဖုန်းဝင်လာသည်။ “သူ့ကို လိုက်ပို့”တဲ့။

Continue reading

6 Comments

Filed under Story

Love Story (10 & 11)

အချစ်စစ်တစ်ခု၏ ဘာသာဗေဒ (၁၀၊ ၁၁)

(တိုက်ဆိုင်မှု ရှိနိုင်ပါသည်။ စိတ်ကူးယဉ် ဆန်ကောင်း ဆန်မည်ဖြစ်သော်လည်း တကယ့် အဖြစ်အပျက်များ ဖြစ်ပါသည်။ အုံ၊ ယဉ်၊ ပိုင်၊ မိုးနဲ့ သားကြီးတို့ကို ရည်ညွှန်းပါသည်။ သင်ကာ)

(၁၀)

ကျနော် ဦးဇင်းတဝေသည် ဘုန်းကြီးဖြစ်သွား၍ စာကြည့်နိုင်ချိန် သူတို့ထက် ပိုများလာသည်။ သူတို့အတွက် အဆိုင်းမန့်တွေကိုလည်း စီစဉ်ပေးသည်။

ပညာဆိုလျှင် လိုချင်မှု အာသဝေါ မကုန်နိုင်သော ဦးဇင်းတဝေသည် ဘုန်းကြီးတွေ ကိုရင်တွေ သင်ရသည့်စာကိုလည်း “အတ္ထော အက္ခရ သညာတော”စသဖြင့် ပါဠိ ကကြီး ခကွေးကို ခေါင်းမှာ ဒက်ပေါက်နေသော ကိုရင်လေးများနှင့်အတူ အော်ကျက်ရသေးသည်။

ထို ၂ နှစ်အတွင်း ဘွဲ့တစ်ခုရရန် လောကဓာတ်တက္ကသိုလ်ကိုလည်းတက်၊ ဘုန်းကြီးစာလည်းသင်ကာ ရှင်မဟာရဌသာရ၏ “ဒီဘဝတွင် နှမလက်လျှော့ နေလေတော့” ဟူသော ထုံးကို နှလုံးပိုက်၍ နေလိုက်သည်။

လောကဓာတ်တက္ကသိုလ်တွင် ၁၂ နာရီ ထိုးခါနီးအထိ စာသင်ချိန် မပြီးနိုင်သေးသဖြင့် အပြင်ထွက်ကာ ဆင်းဒဝှစ်နှင့် နွားနို့ ပြေးဝယ် ကပ်၍ ဘုန်းကြီးကျောင်းသားလုပ်သူမှာ မိုးကြီးဖြစ်လေသည်။

ယဉ်သည် ကျနော် သင်္ကန်းဝတ်နဲ့ နေတော့မယ်တော့မယ်ဟု ဆိုစဉ်အခါက စာတစ်စောင် ရေးပို့ဖူးသည်။ ထိုစာလေးတွင် “သူမဘဝမှာ တစ်ယောက်က အသက်ဆုံးလျှက် ထွက်ခွာသွားပြီး တစ်ယောက်က အသက်ရှင်လျှက် ထွက်ခွာသွားသဖြင့် အားကိုးရာမဲ့နေပါပြီ”ဟု ရေးထားပြီး မှင်ပေါ်တွက် ကွက်နေသော မျက်ရည်စက်များကိုလည်း တွေ့ပါသည်။ ဦးဇင်းတဝေ စိတ်ကို ထိန်းပါသည်။ စိတ်သည် လိုက်လံဖမ်းယူနေရသော တလှစ်လှစ်ပြေးတတ်သည့် ရေထဲက ငါးနှယ် ဖြစ်ပါသည်။

Continue reading

4 Comments

Filed under Story

Love Story (8 & 9)

အချစ်စစ်တစ်ခု၏ ဘာသာဗေဒ (၈၊ ၉)

(တိုက်ဆိုင်မှု ရှိနိုင်ပါသည်။ စိတ်ကူးယဉ် ဆန်ကောင်း ဆန်မည်ဖြစ်သော်လည်း တကယ့် အဖြစ်အပျက်များ ဖြစ်ပါသည်။ အုံ၊ ယဉ်၊ ပိုင်၊ မိုးနဲ့ သားကြီးတို့ကို ရည်ညွှန်းပါသည်။ သင်ကာ)

(၈)

ကျနော်က မိုးကြီးအိမ်မှာ အိပ်သည်။ ညဘက် မေးခွန်းသတင်းအစနတွေလိုက်၊ အတိုကောက်ကြည့်စရာတွေ ပြင်ဆင်ပြီး ကျောင်းကို စောစောလာသည်။ ကျန်သူငယ်ချင်းတွေလည်း စောစောချိန်းထားသည်။ ကျနော်တို့ ရောက်သွားချိန်တွင် စိတ်လှုပ်ရှားသောမျက်နှာနှင့် ဂဏာမငြိမ်ဖြစ်နေသော အုံကြီး၊ ပိုင်ပိုင်နှင့် သားကြီးကို တွေ့ရသည်။

“ဟဲ့ တဝေ လာဦး လာဦး”

ကျနော်တို့လူစု ကျောင်းသားတွေနဲ့ ခပ်လှမ်းလှမ်းဆီ သွားကြသည်။ စိတ်လှုပ်ရှားစွာဖြင့် အုံကြီးက အထစ်ထစ်အငေါ့ငေါ့ ပြောသည်။

“တဝေ၊ ယဉ့် ဘဲလေ၊ နင်သိတယ်ဟုတ်၊ ဆေးတပ်ကလေ”

“အင်း ဘာဖြစ်လဲ၊ ယဉ်စာမေးပွဲ ဖြေတာ လာစောင့်လို့လား”

ကျနော်က အေးတိအေးစက်ပင်ပြောသည်။ ပိုင်ပိုင်ကလည်း စာအုပ် မလိုက် လက်မြှောက်လိုက် ဂဏာမငြိမ်။ မိုးကြီးကလည်း အင်း အဲ ဟုဆိုပြီး သူ့အကျင့်အတိုင်း လက်ဖဝါးကို ပွတ်နေသည်။

Continue reading

2 Comments

Filed under Story

Love Story (6 & 7)

အချစ်စစ်တစ်ခု၏ ဘာသာဗေဒ (၆၊ ၇)

(တိုက်ဆိုင်မှု ရှိနိုင်ပါသည်။ စိတ်ကူးယဉ် ဆန်ကောင်း ဆန်မည်ဖြစ်သော်လည်း တကယ့် အဖြစ်အပျက်များ ဖြစ်ပါသည်။ အုံ၊ ယဉ်၊ ပိုင်၊ မိုးနဲ့ သားကြီးတို့ကို ရည်ညွှန်းပါသည်။ သင်ကာ)

(၆)

ပထမနှစ်ပြီးဖို့ လပိုင်းပဲ လိုတော့သည်။ ကျနော်စာကို လုပ်ပါသည်။ ကျနော် စာလုပ်လျှင် သူငယ်ချင်းများကိုလည်း အညီအမျှကူပါသည်။ ယဉ့်ကိုလည်း ကျနော် စေတနာမပျက်ခဲ့ပါ။ အဆိုင်းမန့်တွေ ကူရေးပါဆိုတုန်းကလည်း ကျနော် ကူရေးပေးပါသည်။ ကျနော် ယဉ့်ကို လိုက်မပို့ဖြစ်တော့ပါ။ သူ့အိမ်မှာ တစ်ခုခုလုပ်စားမယ်ဆိုရင်လည်း သူငယ်ချင်းတွေ စုံမှ သွားပါသည်။

အချစ်ကြောင့် အရက်သောက်သလားဟု မေးစရာ ရှိမည်ထင်ပါသည်။ တကယ်တွင် မဟုတ်ပါ။ သို့သော် ထိုသို့ဖြစ်အောင် အချစ်က မောင်းဖြုတ်ပေးလိုက်သည် ဆိုလျှင်မူ မှန်နိုင်ပါသည်။

ကျနော့် ကလေးဘဝသည် အရာရာ သာယာခဲ့ပါသည်။ ၈၈ အရေးအခင်းမတိုင်မီတွင် မိသားစု စီးပွားရေး ပျက်စီးလာသည်မှ စ၍ ကျနော် ၁၀ တန်းအရောက်တွင် အိမ်ထောင်ပြိုကွဲသည်အထိ ဖြစ်သွားခဲ့ပါသည်။ အားကိုးစရာ ဆွေမျိုးဆို၍လည်း လောက်လောက်လားမရှိသော ကျနော်သည် ထိုဒဏ်ချက်တို့ဖြင့် ပြည့်နှက် နာကျင်နေခဲ့ပြီးဖြစ်ပါသည်။ ၁၀ တန်းဖြေပြီးသည်မှစ၍ ယနေ့အထိ ကျနော်သည် တစ်ယောက်တည်း ဖြတ်သန်းခဲ့ပါသည်။ ကျနော့်နားကို အဖော်အဖြစ်ရောက်လာသည့် မိန်းကလေးများသည်လည်း ကြာမြင့်စွာ ကျနော့်ကို စိတ်မရှည်နိုင်ခဲ့ကြပါ။

ထိုအချိန်တွင် ကျန်သော ဘဝအတွက် စိတ်ကူးယဉ်ထားခဲ့သမျှကိုလည်း ယဉ်က ဖြိုချလိုက်ပါသည်။ ကျနော်သည် လူဆိုးလူမိုက် ထောင်ကျတန်းကျလောက်တော့ ဘဝပျက်မသွားပါ။ သို့သော် အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်၊ ကိုယ့်ဝမ်းကိုယ်ကျောင်းရင်း အရက်သောက်တတ်သူတော့ ဖြစ်သွားပါသည်။

Continue reading

6 Comments

Filed under Story

Love Story (4 & 5)

အချစ်စစ်တစ်ခု၏ ဘာသာဗေဒ (၄၊ ၅)

(တိုက်ဆိုင်မှု ရှိနိုင်ပါသည်။ စိတ်ကူးယဉ် ဆန်ကောင်း ဆန်မည်ဖြစ်သော်လည်း တကယ့် အဖြစ်အပျက်များ ဖြစ်ပါသည်။ အုံ၊ ယဉ်၊ ပိုင်၊ မိုးနဲ့ သားကြီးတို့ကို ရည်ညွှန်းပါသည်။ သင်ကာ)

(၄)

ဖုန်းဆက်ပြီးနောက် မိုးကြီးနှင့် အုံကြီးတို့ ပန်းချီဆိုင်ကို ရောက်လာကြသည်။ လက်ဖက်ရည်ဆိုင် ထွက်ထိုင်ကြသည်။

“ဟေ့ယောင် ဘယ်လိုလဲ၊ မနေ့က ပြန်ချော့လိုက်လား”

မိုးကြီးက စပ်ဖြဲဖြဲနှင့်မေးတော့ အုံကြီးရှေ့မှာမို့ ရှက်ကိုးရှက်ကန်း ဖြစ်မိသည်။ နောက်တော့ ထွေရာလေးပါးပြောရင်း ဟိုရောက် ဒီရောက်။

ပြောနေရင်းက အုံကြီးက စကားမစပ် ထပြောသည်။

“တဝေ နင်သိသင့်တယ်လို့ ငါတို့ ထင်တယ်။”

ပြောပြီး အုံကြီးက မိုးကြီးကို လှမ်းကြည့်သည်။ မိုးကြီးက ရေနွေးငှဲ့သလို အလုပ်များချင်ယောင် ဆောင်နေသည်။

“တဝေ၊ ငါတို့ နင့်ကို အခုမပြောရင် နောက်တော့ နင်ပိုခံစားရမယ်။ ယဉ့်မှာ ရည်းစားရှိနေပြီ။ ဆေးတပ်က။ ကျောင်းပြီးရင် သူတို့ ယူကြမယ်လို့ ပြောတယ်”

Continue reading

1 Comment

Filed under Story

Love Story (3)

အချစ်စစ်တစ်ခု၏ ဘာသာဗေဒ (၃)

(တိုက်ဆိုင်မှု ရှိနိုင်ပါသည်။ စိတ်ကူးယဉ် ဆန်ကောင်း ဆန်မည်ဖြစ်သော်လည်း တကယ့် အဖြစ်အပျက်များ ဖြစ်ပါသည်။ အုံ၊ ယဉ်၊ ပိုင်၊ မိုးနဲ့ သားကြီးတို့ကို ရည်ညွှန်းပါသည်။ သင်ကာ)

(၃)

မချစ်ရင်နေပေါ့၊ သူငယ်ချင်းအချစ်ထက်ပိုတာကို ငါလျှော့မယ်ဟု တွေးကာ ဟေးလား ဟားလား လုပ်သည်။ ပီကေဝေလျှင် ကျနော့်ဆီမှ တစ်ဝက် ဗိုလ်ကျလေ့ရှိသော ယဉ့်ကို ကျနော်က ပီကေတစ်ခြမ်း မပေးတော့ခြင်းက အစ သိသိသာသာပြောင်းပစ်လိုက်သည်။

ယဉ်သည် ဗိုလ်ကျရန်သက်သက်အတွက် သူ့ဝေစု ပီကေကို အကုန်ဝါးပစ်ပြီး “တဝေ နင့်မှာ ပီကေ ကျန်သေးလား”ဟု လုပ်လေ့ရှိသည်။ အလိုက်သိသောကျနော်သည် တစ်ဝက်ဖဲ့ပြီးချန်ထားသော ပီကေကို ပေးစမြဲဖြစ်ပါသည်။ ထိုအခါမျိုးတွင် ပီကေတစ်ဝက်အတွက် သူကျေနပ်နေတတ်ပြီး သူငယ်ချင်းတွေက မသိချင်ယောင်၊ စကားပြောချင်ယောင် ဆောင်နေတတ်ကြပါသည်။

ကန်တင်းန်မှာ ထိုင်လျှင်လည်း ယဉ်သည် ဗိုလ်ကျ၍ ကျနော့်ပန်းကန်ထဲမှ သူကြိုက်တာကို ရွေးပြီး ယူစားသည်။ မိသားစု အပေါင်းအသင်းများအတွင်း မည်သူ့ကိုမှ ဗိုလ်ကျမခံသော ကျနော်သည် ယဉ်ဘာလုပ်လုပ် ခေါင်းငုံ့ခံသည်။ အစ်မကြီးစိတ်ရှိသော အုံကြီးက ယဉ်ထိုသို့ဗိုလ်ကျလျှင် ဘာမှတော့မပြော၊ သို့သော် သူ့ပန်းကန်ထဲမှ အသားတို့ ငုံးဥတို့ကို “တဝေ ငါဝပြီ၊ နင်စား”ဟု ထည့်ပေးတတ်သည်။ ထိုအခါမျိုးတွင် ဝလည်းဝတုတ်၊ အစားလည်းပုပ်သော မိုးကြီးက “ငါ့လည်းကျွေးလေ အုံကြီး”ဟု ဆိုကာ ကြားက လုစားတတ်သည်။

Continue reading

1 Comment

Filed under Story