Tag Archives: Satire
ကျား၊ သူကြီးနဲ့ စိတ်အေးအေး
တနေ့သောအခါ ဗြန်တိုင်းရွာတွင် လှုပ်လှုပ်ရှားရှား ဖြစ်စေသည့် ကိစ္စကြီးတစ်ရပ် ဖြစ်ပေါ်လာလေသည်။ ရွာတောင်ပိုင်းက မောင်ဖွ တောထဲသို့ မိုးတဖျောက်ဖျောက်မှာ မှိုရှာ မျှစ်ရှာသွားသည်ဟု လေသံပစ်ပြီး သစ်တိုဝါးစ ခိုးခုတ်ဖို့ ကြံရာက တောနက်နက်ထဲ တိုးမိပြီး “ကျား” တွေ့ခဲ့သည်ဆိုသော သတင်းဖြစ်လေ၏။ အသံကြားမှာစိုး၍ လက်ရွှေ့ဖုန်း (မိုဘိုင်းဖုန်းကို ဗြန်တိုင်းရွာ အခေါ်) နှင့် ဓာတ်ပုံ ဆွဲချိန် မရလိုက်ပါဟုလည်း ရွာထဲတွင် ပြောသေးသည်။
မောင်ဖွ ဆိုသည့်အတိုင်း ဗြန်တိုင်းရွာသူရွာသားတွေကတော့ ယုံသူ ၅၀၊ မယုံသူ ၅၀ ဖြစ်လေသည်။ သူကြီးကတော် ဒေါ်အဲစိန်က “တော် … ကြားပြီးပလား” ဟု အစချီလိုက်ကာ ပြောသည့်စကားတွင် မောင်ဖွပြောတာက ၃၀ ရာခိုင်နှုန်း၊ ရွာကလူတွေ ချဲ့တာက ၃၀ ရာခိုင်နှုန်းနှင့် သူ့မိန်းမ ထပ်ပေါင်းထည့် ပြောတာက ၄၀ ရာခိုင်နှုန်း၊ စုစုပေါင်း ၁၀၀ ဟု စိတ်တွက်နှင့် ဆန်ကာစစ်ချကာ သူကြီး ဦးခက်က နားထောင်လိုက်လေ၏။ ယုံသည်ကားမဟုတ်။
“စိတ်အေးအေးထားပါ” ဟုသာ ပြောရချေသည်။
***
Filed under Satire
ကျွန်ုပ်နှင့် ဟင်းမွှေသည့် ယောက်မ (၂)
ကျွန်ုပ်နှင့် ဟင်းမွှေသည့် ယောက်မ (၂)
တဖန် အင်ဖော်မေးရှင်းကို မဆအင်တန်ပေးသည့် မုခစာအုပ်တည်းဟူသာ ဖေ့စ်ဘုတ်ကို လျစ်လျူရှုပြီးလျှင် စာအုပ်ပုံကို မွှေလေရာ ဖတ်လက်စတန်းလန်းဖြစ်သည်ဟု လျှပ်စာအုပ်ဓာတ်ပြား ကင်ဒဲလ်က ပြသောကြောင့် မနောမယ မြသက်လယ်ကို ဖတ်ပြန်၏။ အလွန်တရာ ခေါင်းရှုပ်သောကြောင့် ဗေဒင်၊ လက္ခဏာများကို ကျော်ချရာ စာအုပ်ပြီးပြန်၏။
လျှပ်စာအုပ်ဓာတ်ပြား ကင်ဒဲလ်ကို မွှေသည့် အခါ၌ ဖတ်နေသည်ဟု ငနုချောင်း ကိုယ်တော် Ashin Vilasaggalankara ကို ပြောကာ ဆက်မဖတ်ဖြစ်သော ဝေါဟာရတ္ထ ပကာသနီကို လည်းကောင်း၊ လုံးတော် ဆရာတော်၏ ပကိဏ္ဏက ဝိသဇ္ဇနာကျမ်းများကို လည်းကောင်း၊ ဝါပိုလာ ရာဟုလာ၏ သီရီလင်္ကာ ဗုဒ္ဓဘာသာသမိုင်းကို ဆရာတော် ကေလာသ ဘာသာပြန်သည့် စာအုပ်ကို လည်းကောင်း၊ သခင်ဘသောင်း ဘာသာပြန်သည့် သူခိုးအာမက် ဝတ္ထုကို လည်းကောင်း၊ မင်းသိင်္ခ၏ မနောမယ ကိုပီတာကို လည်းကောင်း ဟိုစာမျက်နှာ၊ ဒီစာမျက်နှာ လှန်ကာ ဖောရှော ဖတ်ထားသည်ကို ရှက်ဖွယ်ရာ သတိပြုမိလေတော့၏။
သို့သော် မတောက်တခေါက်ဖြင့် များစွာ လူလုံးပြချင်သည့် အားလျော်စွာ အော်စကာ ဖွန် ဟင်နူဘာ၏ ပါဠိ စာပေ လက်စွဲကျမ်းကို လည်းကောင်း၊ လန်ဒန် ပါဠိအသင်း၏ ကတ်တလောက်ကို ရှိမှ ရှိစေတော့ဟု လည်းကောင်း၊ မေဘယ် ဘုတ်၏ မြန်မာပြည်မှ ရှေးဦး ပါဠိသဒ္ဒါ ဆရာများဟူသော စာအုပ်၊ ဆောင်းပါးတို့ကို လျှပ်စာအုပ်ဓာတ်ပြား ကင်ဒဲလ်သို့ ထည့်ရပြန်၏။
တဖန် ဘယ်လောက် မှတ်မှတ် မေ့တတ်ပြန်သည့် သင်္ဂဇာပေါင်းချုပ် ဥပမာသမူဟဂီရက္ကမ စာအုပ်ကို လည်း ထည့်ကာ အဆုံးသတ်၏။
အချုပ်ကား ဤဂါထားသည်သာ နှလုံးသွင်းရန် သင့်၏ဟု မိုက်လုံး ဆက်ကြီးမိတော့သတည်း။
ယာဝဇီဝမ္ပိ စေ ဗာလော၊ ပဏ္ဍိတံ ပယိရုပါသတိ။
န သော ဓမ္မံ ၀ိဇာနာတိ၊ ဒဗ္ဗီ သူပရသံ ယထာ။
ယောက်မသည် ဟင်း၏အရသာကို မသိသကဲ့သို့ မိုက်သူသည် အသက်ရှည်သမျှ ကာလပတ်လုံး ပညာရှိကို ဆည်းကပ်စေကာမူ သူတော်ကောင်းတရားကို မသိနိုင်။
Even if a fool associates with someone wise throughout his life, he never knows the path of wisdom (Dhamma) as the spoon never knows the taste of the soup.
Filed under Satire, Uncategorized
ကျွန်ုပ်နှင့် ဟင်းမွှေသည့် ယောက်မ (၁)
ကျွန်ုပ်သည် ဤရက်များအတွင်း စိတ်ကူးပေါက်ရာ စာအုပ်များကို ဖတ်လေ၏။ ဇာတ်လမ်း စရင်းကိစ္စမှာ မင်းသိင်္ခ၏ ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွားရုပ်ရှင်ကို အကြောင်းပြု၍ ဝတ္ထုကို ပြန်ဖတ်ခြင်း ဖြစ်လေ၏။ ရန်ကုန်-တောင်ကြီး ညခရီးတွင် ယင်းစာအုပ် ပြီးလေ၏။
မအဲဆီသို့ ရောက်သောအခါ MYTH ဆိုတော့ စာအုပ်ငယ်ကို စာအုပ်ပုံထဲတွင် တွေ့ရာ ဖတ်၍ အားမရသဖြင့် ဘာသာပြန်ချင်ရာ ပြန်လေ၏။ (သူကမူ သူ့သူငယ်ချင်းဆီက ငှားထားပြီး မေ့နေတာဟု ဆို၏။ မည်သို့ဆိုစေ ဖတ်ပြီးသည်အထိ တွမ်ထားဦးမည်ဟု အောက်မေ့ကာ မည့်သည့်အခါကမှ ထွက်ပေါ်ခြင်း မရှိနိုင်သော စာအုပ်အိပ်မက်ကို မက်ကာ ဘာသာပြန် ပြန်၏။)
“ခေတ်သစ် သိပ္ပံပညာဆိုတာကလည်း ရုပ်ပိုင်းဆိုင်ရာ၊ လက်တွေ့ မျက်တွေ့ လေ့လာမှုတွေကို လုပ်ကြ၊ အဖြေထုတ်ကြတာ ဖြစ်ပါတယ်။ ဘာသာရေး၊ ဒဏ္ဍာရီကိစ္စတွေကို လေ့လာဖို့၊ ဖြေရှင်းပေးဖို့ မဟုတ်ပါဘူး။ ဒါကြောင့် သိပ္ပံနည်းကျ ဒဏ္ဍာရီလို့ ပြောရင်ကိုပဲ သူ့စကားနဲ့သူ ကဏ္ဍကောစ ဖြစ်နေပါပြီ။ ခေတ်သစ်က ဖန်တီးပေးလိုက်တဲ့ နဖူးတွေ့ ဒူးတွေ့ ဃရာဝါသော ကိစ္စများမြောင် လူတို့ဘောင်ရဲ့ လက်တွေ့ကျမှုကြားမှာ ရှိနှင့်ပြီးသာ ဒဏ္ဍာရီဟာ ခုံရုံးတင် တရားစီရင် ခံနေရတဲ့ သဘော ရောက်နေပါတယ်” စသဖြင့် မူရင်းတွင် မပါသည့် ဘာစကား အကြောင်းအရာတွေပါ ရီးတီးယားတား ဘာသာပြန်ကာ ကွန်ပြူတာ ဘုတ်အုပ်တွင် လျှောက်ရေးကာ ဆေ့ဗ်လုပ်လေတော့၏။
နောက်တရက် မအဲတို့ မိဘအိမ်သွားသည်တွင် အကြားအမြင်များသော ကျွန်ုပ်၏ ဒုတိယ အဖေသည် သဘင်အကြောင်းကို ပြော၏။
စာအုပ်စင်တွင် မွှေသောအခါ သဘင်ဝန် ဦးနု၏ စာအုပ်ကို တွေ့လေရာ ငှားလည်း မငှားချင်သောကြောင့် ဝိခ်ခန့် ပိတ်ရက်တွင် လှိမ့်ပိမ့်ဖတ်လေရာ ရင်သား တဖက်ကိုလှုပ်ခြင်း၊ တင်တဖက်ကို လှုပ်ခြင်း စာသော ရှေးခေတ် ဆက်ဆီ ဒန့်စ်ကို လည်းကောင်း၊ ရှေးကတည်းက ကော်ပီ သီချင်းလုပ်ရာတွင် မြဝတီမင်းကြီးနှင့် တွဲဖက်မှာ (ကျွန်ုပ်အကြိုက်) ပြင်စည်မင်းသားကြီး ဖြစ်သည်ဟု လည်းကောင်း၊ ဂရိတ်ဖိုးစိန်လောင်း မောင်စိန်ကို ပွဲသွင်းသူတွေ ခေါင်းပုံဖြတ်သဖြင့် မျက်နှာဖြူ ပုလိပ်ဂတ် ကိုယ်ရံတော်ဖြင့်ပင် နေရကြောင်းများကို လည်းကောင်း ထိုင်ချည်တလှည့်၊ ထချည်တလှည့်၊ မော့ချည့်တလှည့် ဖတ်ရာ ဆုံးခန်းတိုင်၏။
(ဆက်ရန်)
Filed under Satire, Uncategorized
ဟစ်ပိုခရေစီ
“နာဂစ်ဥပဒေနဲ့ နေ့ချင်းကြီး အစိုးရမင်း၊ ဝန်မင်း၊ အမတ်မင်းတွေ”၊ “ပုဆိုးဝတ်၍ လွှတ်လိုက်သည်တွေ” က အလုံးကြီးတွေ ပြောတဲ့အခါ ဗန်းမော်ဆရာတော်က မင်းတုန်းမင်းကို ပြောထည့်တဲ့ စကားကို သွားသွား သတိရတယ်။
ထမီပုံကြားက တရားစကား ပြောမနေနဲ့ ဆိုလားပဲ …။
အဲလောက် တွေးခေါ်မျှော်မြင်ပြီး သိနေရင်လည်း အရင်ခေတ်မှာ အစက တပြုံလုံးကြီး ဘာလို့ မျှောလိုက်နေခဲ့သေးလဲ … မျှောလိုက်ခဲ့မိရင်လည်း ဘယ်လို ခံယူချက်တွေနဲ့ မြေနိမ့်ရာ အလံဝင်စိုက်ကူခဲ့သလဲ … အလံဝိုင်းစိုက်ပြီးတော့လဲ ဘယ်လို အကြောင်းပြချက်နဲ့ မှိန်းပြီး အဆီရစ်နေခဲ့ကြသေးလဲ … ။
ပြီးတော့ ခေတ်နဲ့ချီ ဖြစ်ပျက်ခဲ့သမျှဟာ ကော်ဖီခွက် မှောက်ကျ၊ သောက်ရေအိုး ကျကွဲတာ မဟုတ်ဘူး။ လူ့အသက်တွေ … ဘဝတွေ … မိသားစုအလိုက် စတေးရမှုတွေနဲ့ ဖြစ်ပျက်ခဲ့တာပါ။ “အပ်ချလောင်း” လုပ်လို့ မရဘူး …။
အခုမှ “နာဂစ်ဥပဒေနဲ့ နေ့ချင်းပြောင်း ဝန်မင်း၊ အမတ်မင်းတွေ”၊ “ပုဆိုးဝတ်၍ လွှတ်လိုက်သည်တွေ” က ဒီလို အလုံး အမြောက်စား၊ အလန်စားကြီးတွေ ပြောနေတာ တွေ့ရတော့ ချောလဲရောထိုင်လို့ အများက မြင်ကြတာ မဆန်းပါဘူး။ ဘယ်လိုပဲ ရှင်းပြသည်ဖြစ်စေ၊ ခုခံကာကွယ်သည် ဖြစ်စေ ပြုခဲ့ဖူးတဲ့ ကမ္မအလုပ်တွေက ကြေပျက်မသွားဘဲ အရိပ်ကတော့ လိုက်နေဦးမှာပါပဲ …။ အဲဒီတော့ ရှင်းပြနေရဦးမှာပါပဲ …။ ဘယ်သူမပြု မိမိမှုတွေချည်းပါပဲ …။
ခေတ်နဲ့ စနစ်ကို ဥုံဖွချင်ရင်လည်း ပြည်သူတွေက ပိုက်ဆံပေး၊ အချိန်ပေး၊ အညောင်းခံ၊ အညာခံပြီး ကြည့်နေကြတာဆိုတော့ သတိရသင့်ကြပါတယ် …။ ပရိသတ်ဘေးမှာ ပြောင်းဖူးကနေ အုတ်ခဲအထိရှိတယ် …။ ချိုမိုင်မိုင်ကနေ တဆင့်တက်ပြီး ကပြပါ … (ကရင်တော့ မျောက်ဖိုးစိန်ထက် သာပါစေ)။
(ဒီနေ့ ဖေ့စ်ဘုတ်ကို လိုက်ဖတ်ပြီး ရေးချင်စိတ်ပေါ်တာကတော့ ပြောခဲ့တဲ့ အတိုင်းပါပဲ …)
Filed under Satire