Tag Archives: Tag

Ko Lin Oo’s Tag

ဝါသနာ

လူကြီးတွေပြောတာကတော့ ကျနော်ငယ်ငယ်က မြေဖြူခဲရရ၊ မီးသွေးခဲရရ နံရံပေါ်ဖြစ်ဖြစ်၊ မြေကြီးပေါ်ဖြစ်ဖြစ် ရုပ်ပုံရေးတော့တာပဲတဲ့။ မူလတန်းတက်တော့ ကျနော့်ဖတ်စာအုပ် အပေါ်နား၊ အောက်နား နေရာလွတ်မှန်သမျှ အရုပ်တွေပြည့်နေတာပဲ။ အများဆုံးဆွဲတာက လေထီးခုန်တဲ့စစ်သား၊ ဗန္ဓုလနဲ့ မြင်းပုံတွေပါပဲ။ ကျနော်သုံးတဲ့ ကျောင်းဖတ်စာအုပ်ဆိုရင် နောက်တစ်ယောက်သုံးချင်စရာ မရှိအောင် ရှုပ်ပွနေပါတယ်။

၃ တန်းအရောက်မှာ သူငယ်ချင်းရဲ့ ဗလာစာအုပ်အလယ်မှာ အရုပ်ဆွဲပေးလိုက်တယ်။ သင်္ချာစာအုပ်ထပ်ကြတော့ ကျနော်က အိမ်စာပြီးတယ်၊ ဒီကောင်က မပြီးဘူး။ မပြီးတဲ့အပြင် စာအုပ်အလှန်မှာ ဆရာမက ပုံကိုတွေ့ပါလေရော။ စာနဲ့ပတ်သက်လို့ တခါမှ အရိုက်မခံရဖူးပါပဲ၊ ပုံဆွဲမိမှ အရိုက်ခံရသည်။ ဆရာမက (မုန်းစားဆင်းချိန် အိမ်အပြန်မှာ သူ့ယောက်ျားနဲ့ ရန်ဖြစ်လာသည်ဟု ဆို) စိတ်တိုတိုနဲ့ ရိုက်တာ အရှိုးရာကြီးက ထင်းနေရော။ ဒါနဲ့ အမေနဲ့အဖွားက ကျောင်းအုပ်ကြီးကို တက်တိုင်တဲ့အထိ ဖြစ်ကုန်ပါလေရော။

Continue reading

Advertisements

9 Comments

Filed under Tag

Ten Things I Hate About Myself

Breaking Post (1) (မအားသေးချိန် ကြားဖြတ်ရေးရ၍ စက်ရပ်ပို့စ်ဟု ခေါ်သည်။)

၁။ သူများကို အားမနာသင့်တဲ့နေရာမှာ အားနာတတ်တဲ့ အကျင့်၊

၂။ စိတ်အချဉ်ပေါက်ရင် တုတ်ထိုးအိုးပေါက် ပြောထည့်တတ်တဲ့အကျင့်၊

၃။ ပြသနာတစ်ခုကို ရင်ဆိုင်မရှင်းဘဲ အဝေးကို ထွက်ပြေးပြီး ပြည်ဖုံးကားချဖို့ ကြိုးစားတတ်တဲ့အကျင့်၊

၎။ ရွက်ကျရာအပင်ပေါက် ပျော်ဝင်နေတတ်တဲ့အကျင့်၊

၅။ ဆံပင်အရှည်က ကျန်းမာရေးအတွက် ကိုယ်နဲ့ မသင့်လျော်မှန်း သိပေမယ့် ထားချင်တာ၊ ထားတာ၊

၆။ လွန်လွန်ကျူးကျူး စိုးရိမ် ပူပန်တတ်တာ၊

၇။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတာ၊

၈။ အန္တရာယ်နဲ့ ကစားနေရတာကို ကြိုက်တဲ့အကျင့်။

၉။ နေအကျမှာ လေထတတ်တာ။

၁၀။ ကိုယ့်အကြောင်းမကောင်းရေးမယ်ကြံတော့ လက်တွန့်နေတာ။

သုညလွတ် (Zero-Trash) က “ဟေ့လူခင်ဗျားကို Tag ထားတယ်” ဆိုတာနဲ့ သွားဖတ်ပြီး ရေးလိုက်တယ်။ I hate ဆိုပေမယ့် တချို့ဟာတွေက တခါတလေ ကောင်းတယ်။ ဥပမာ စိတ်တိုရင် တုတ်ထိုးအိုးပေါက်ပြောတာ (ပြတ်စရာရှိတာလည်း ပြတ်သွားရော)၊ ရွက်ကျပင်ပေါက်နေတတ်တာ (ကာလံ ဒေသံ သင့်အောင်နေတာ)၊ အလွန်အကျူး စိုးရိမ်တာ (စိတ်ပင်ပန်းပေမယ့် အမြဲတမ်း ကိုယ့်ဘက်က Safe ဖြစ်တာ)။

Leave a comment

Filed under Tag

အချစ်ဆိုသည်မှာ…

အချစ်ဆိုသည်မှာ ဆိုပြီးတော့ စ Tag လာတုန်းက ဘာရေးရမှန်းမသိ။ ရေးချလိုက်တော့လည်း အေဖိုးနဲ့ ငါးမျက်နှာလောက် ထွက်သွားတယ်။ အမှန်အတိုင်းရေးထားတာပဲ။ စိတ်ဝင်စားရင် ဖတ်ကြည့်ပေါ့ဗျာ။ မြှုပ်ကွက်ကလေးတွေတော့ မမေးနဲ့ဗျ။ မဖြေနိုင်ဘူးပဲ။ 

၅ နှစ် – ၁၀ နှစ်

ဦးလေးလူပျိုနဲ့ သူ့ရည်းစားတို့နဲ့ လိုက်သွားရင် မုန့်လည်း စားရတယ်။ ဆော့လည်း ဆော့ရတယ်။ ထို့ကြောင့် ထိုအရွယ်တွင် နားလည်မိသော အချစ်သည် မုန့်စားရခြင်း၊ ဆော့ရခြင်း။ 

၁၄ နှစ် – ၁၆ နှစ်

နှလုံးသားက စတင်အရွယ်ရောက်လာတယ်။ ရွယ်တူကောင်မလေးတွေအပေါ် မရိုးမသားဖြစ်လာတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ကောင်မလေးနဲ့ မျက်လုံးချင်းဆုံတဲ့ အခါ ရင်ခုန်တယ်။ သူ့အနားကို ရောက်ရင် ခြေလှမ်းတွေ မှားချင်တယ်။ ခြေထောက်နဲ့ မြေကြီးနဲ့ မထိဘူး။ သူငယ်ချင်းတွေစုပြီး ဘယ်သူက ဘယ်သူ့ကို ကြိုက်တယ်ဆိုပြီး ရှယ်ယာခွဲကြတယ်။ အကြိုက်ချင်းတူရင် ရန်သူ။ ရည်းစားစာ စတင်ရေးရန် ကြိုးပမ်းပြီ။ ရည်းစားလိုလို ဘာလိုလိုဖြစ်ပြီ။ အဲဒီအချိန်အချစ်က ရွက်နုသစ်အချစ်။ အိမ်မှာ ရေနံဆီထည့်တဲ့ အရက်ပုလင်းခွံကို မကြည့်ပြီး ဒီအရည်ဟာ ခါးတယ်ဆိုတာပဲလို့ တွေးကြည့်ချိန်။ 

ထန်းရည်တော့ စသောက်ပြီ။ 

၁၆ နှစ် – ၁၈ နှစ်

ရည်စားထားဖူးလို့ လူပါးနည်းနည်းဝလာပြီ။ တစ်ယောက်ကနေ နောက်တစ်ယောက် ပြောင်းတတ်ပြီ။ အချစ်ကြောင့် ဂစ်တာတီးတတ်ပြီ။ ပေါ်ပင် သီချင်းတွေ ညဉ်းပြီး ခံခံစားစားဆိုတတ်ပြီ။ သီချင်း၊ စီးကရက်၊ အရက်တို့နဲ့ အချစ်တို့ ရောမွှေတတ်ပြီ။ 

အရက်စကားနဲ့ ပြောရရင် ဘီအီးအဆင့်။ 

၁၉ နှစ် – ၂၁ နှစ်

အထက်တန်းကျောင်းဆိုတဲ့ အသိုက်ကနေ တက္ကသိုလ်ဆိုတဲ့ ကောင်းကင်ကြီးဆီ ပျံထွက်ခဲ့ပြီ။ အဖြူအစိမ်းအချစ်ကနေ ရောင်စုံအချစ်ဖြစ်သွားပြီ။ သနပ်ခါးသင်းသင်းကနေ မိတ်ကပ်နဲ့ အော်ဒီကလုန်းရနံ့တွေ ခံစားတတ်ပြီ။ တက္ကသိုလ်ကြီးက ဇာတ်ခုံဖြစ်တယ်။ ရင်ခုန်တယ်။ ကြည်နူးတယ်။ ကြေကွဲတယ်။ ဒဂုံတက္ကသိုလ်ကြီးကျယ်သလို အလွမ်းတွေလည်း ကျယ်လွင့်တယ်။ ဒဂုံတက္ကသိုလ်ကြီး ရှုပ်ထွေးသလို ကောင်မလေးတွေရဲ့ စိတ်ဟာလည်း သိရခက်တယ်။ တစ်နှစ်ပြီးတစ်နှစ်ပြောင်းရင် ရင်းနှီးမှုသံယောဇဉ်တွေဟာလည်း ပြောင်းတာပဲ။ တချို့ကပိုနီးလာတယ်။ တချို့က ပိုဝေးသွားတယ်။ 

ကျောင်းကအပြန် ဘီယာဆိုင်မှာ ဘော်ဒါတွေနဲ့ ချိန်းတတ်ပြီ။  သိတယ်ဟုတ်၊ ဘေလီတံတားထိပ် က ရွက်သစ်ကို သိတယ်ဟုတ်။ ဝီစကီလည်း ရောကြည့်ပေါ့။ 

၂၂ နှစ် – ၂၅ နှစ်

တက္ကသိုလ်ဆိုတာ ဝတ္ထုထဲမှာ ဖတ်ဖူးသလို ဖြစ်သွားတယ်။ တက္ကသိုလ် အိပ်မက်ကလေးတွေလည်း ဝေဝါးသွားတယ်။ အပေါင်းအသင်းဟောင်းတွေနဲ့ ဆုံမိတဲ့အခါ “သြော် သူတောင် အိမ်ထောင်ကျသွားပြီကိုး”ဆိုတာ ပြောဖြစ်တတ်တာမျိုး။ အချစ်က ပိုပြီး လက်တွေ့ကျလာတယ်။ အိပ်မောကျတဲ့အခါ မက်တဲ့ အိပ်မက် မဟုတ်ဘူး။ နိုးတဝက်အိပ်မက်။ တကယ့်လောကကြီးကိုလည်း သိသိနေသေးတယ်။ လက်တွေ့ကျမိရင် အချစ်ဟာ မမီမကမ်း လက်တစ်ကမ်းမှာ ဝေးသွားလိုက် နီးလာလိုက်ဖြစ်တတ်တယ်။ ကောင်မလေးက ငွေ
ကြေးအကြောင်း သိပ်စဉ်းစားလာတယ်။ ပြီးတော့ ပြောသေးတယ် “ဘဝအာမခံချက်”တဲ့။ ကိုယ်ကလည်း ကိုယ့်ဖြစ်တည်မှုကို ငွေထက် စိတ်ဝင်စားတာမျိုး။ ဒီအသက်အရွယ်မှာ ကြွေကွဲမှုဟာ ဓားရှသလိုမဟုတ်ဘူး။ ဖြစ်လွယ် ပျောက်လွယ်မဟုတ်ဘူး။ အတွင်းကြိတ် ရောဂါလိုမျိုး။ နာတာရှည်တယ်။ 

ဝီစကီနဲ့ ရေခဲ။ On the rock ပေါ့။ လေးပက်၊ တစ်ခါတလေ ရောဂါပြင်းရင် ငါးပက်။ စံပြဈေးနားက နေညို၊ သီတာဦး။ ပိုက်ဆံသိပ်မရှိတော့လည်း စံပြဘူတာလမ်းကြားမှာ အောက်ခြေလူတန်းစားတွေထိုင်တဲ့ဆိုင်မှာ တစ်ပိုင်းနဲ့ စပါကလင်တစ်လုံး၊ ခေါင်းသုတ်တစ်ပွဲပေါ့။ 

“ခက်လည်းခက်တဲ့ လောက” ဒီလိုလည်း ညဉ်းရကောင်းမှန်းသိပြီ။ 

၂၅ နှစ် – ၃၀ နှစ်

အချစ်တဲ့လား။ ပြုံးချင်ချင်ပဲ။ ဘဝရဲ့ လွမ်းမောဖွယ်ရာလေးတွေ အပြန်အလှန် ဖလှယ်ပြီး သစ္စာဖောက်စွာနဲ့ ငယ်ငယ်ကအချစ်ကိုလည်း သရော်နေမိခဲ့ကြသေးတယ်။ ဒီအချိန်ကျတော့ ကောင်းမလေးက ငွေကြေးကို သိပ်မပြောဘူး။ “မလည်း အလုပ်တစ်ရှိနေတာပဲကွယ်၊ တွေးပူမနေပါနဲ့ မောင်ရယ်”တဲ့။ ပညာလေးကလည်း တတ်ပေါ့။ သူက ဘဝလုံခြုံမှုနဲ့ အားကိုးမှုကို ရှာတယ်။ ကိုယ်က ကြင်နာနွေးမှုနဲ့ ဖြေသိမ့်ပေးမယ့် လက်ကလေးတွေကို ရှာတယ်။ 

ဒီအရွယ်မှာ အချစ်ဟာ သိပ်ပြီးတော့ ဆွတ်ဆွတ်ပျံ့ပျံ့ ရှိသလို သိပ်ပြီးတော့လည်း ကြောက်စရာကောင်းတယ်။ တော်ရုံ အပြစ်ကိုလည်း သူက ခွင့်လွှတ်လိုက်တာပဲ။ ကိုယ်တို့ “မငယ်တော့ဘူးလေ”တဲ့။ ဖုထစ်မိရင်လည်း မျက်ရည်တွေနဲ့ ပြုံးနေမယ် ဆိုတာမျိုးပဲ။ လမ်းခွဲတွေ အရောက်သိပ်မြန်တယ်။ 

ဝီစကီဆိုတာ နေညိုရင် အပျင်းပြေ (သို့) အမောပြေ (သို့) ဆိုရှယ်အတွက် (သို့) တစ်ခုခုရှိနေလို့ (သို့) ဘာမှ လုပ်စရာမရှိလို့ ငုံမိနေတတ်တာပါပဲ။ ငါးပက် ခြောက်ပက်လောက်ပေါ့။ အပေါင်းအသင်းစုံရင် အရက်လည်း စုံတတ်တာ သီအိုရီထင်ပါ့။ ပုဇွန်တောင်က ခွက်ပုန်းဆိုင်လေး၊ တာမွေအဝိုင်းထိပ်က ဆိုင်တွေ၊ နေပြည်တော်ရုပ်ရှင်ရုံအောက်က ရှမ်းရွှေလီဆိုင်၊ မြေနီကုန်းက The Sun ဆိုင်။

 

၃၀ နှစ် +

အချစ်လား… သြော်… အင်း။ တော်ပါပြီ…။ နေတတ်ပြီ…။ 

အင်း… တခါတလေတော့ အချစ်ဟာ လိုအပ်သလိုပါပဲ…။ ရှိတော့လည်း ကောင်းတာပေါ့…။ အင်း… မရှိလည်း ဖြစ်ပါတယ်။ 

မသိဘူးလေ…။ မချစ်တတ်တော့ဘူးထင်တာပဲ။ ဒီမယ် အချစ်ဆိုတာ ဇီဝကမ္မတစ်မျိုးပါပဲ။ 

ဒီမယ်ဟေ့ကောင်ရဲ့… ငါဟိုနေ့က စာအုပ်တစ်အုပ်ဖတ်တယ်၊ အချစ်ဟာ ဟော်မုန်း အတက်အကျတွေနဲ့လည်း ဆိုင်တာပဲကွ။ 

ဒီမယ် ဆရာလုပ်တာတော့ မဟုတ်ဘူးကွ၊ အိမ်ထောင်ရေးမှာ Sex ဟာလည်း အရေးကြီးတာပဲ။ ဒါဟာ အိမ်ထောင်ရေးမှာ အခြားသော လူမှုဆက်ဆံရေးတွေမှာ အနည်းအများ သက်ရောက်မှုရှိတာမျိုးပဲကွ။ 

အင်း… သူ့ကို စိတ်တော့ ဝင်စားသလိုပဲ။ ကိုယ်နဲ့က အသက်နည်းနည်းကွာတယ်လေ။ ကလေးကလား မလုပ်ချင်ပါဘူး။ မူးရင်တော့ Chatting လုပ်ရင်း စကားက ကျွံမိသား။ နောက်နေ့ ကြီးကောင်ကြီးမားနဲ့ ပြန်ပြန်ရှက်နေရသေးတယ်။ 

ဝေးဝေးနေတာ ကောင်းပါတယ်လေ။ သူ့အရွယ်နဲ့သူ စိတ်ဝင်စားတာ ရှိချင်ရှိမှာ။ သူနဲ့ Chat ကလေးလုပ်ပြီး သာယာနေလို့ မသင့်တော်ပါဘူး။ ဒါပြီးရင် Doctorate ဆက်လုပ်ဖို့ပ
အာရုံထားမှ။ ပြီးတော့ ကိုယ်စိတ်ဝင်စားရာ အကယ်ဒမ်းမစ်ပိုင်းမှာ စိတ်နှစ်ထားလိုက်ပြီးတာပဲ။ 

မနေ့က လက်ကျန်ဘယ်လောက် ရှိသေးပါလိမ့်။ ရေခဲသေတ္တာထဲမှာ ရေခဲလည်းရှိတယ်။ ဝီစကီလေးလည်း မြုံ့ဦးမှ။ ကောင်မလေး အွန်လိုင်းမှာရှိနေတယ်။ တော်ကြာ တောင်ပြော မြောက်ပြော ပြောမိနေဦးမယ်။ Invisible လုပ်ထားမှ။ 

ဝီစကီကို ရေခဲလေးနဲ့ ပက်ဦးမှ။ ရေ၊ ဆော်ဒါမရောဘဲ သောက်ရတာတောင် အရသာက ပေါ့သလိုလို။ ခြောက်ပက်၊ ခုနှစ်ပက်စာဆိုတော့ ဒီနေ့ညအဖို့တော့ လောက်ပါပြီ။ မလောက်တော့လည်း အိပ်ခါနီး အောက်ထပ်က ဖီးကွပ်ဆိုင်မှာ ဘီယာ တစ်ဗူးတန်သည်၊ တစ်လုံးတန်သည် ဆွဲတာပေါ့။ 

လောလောဆယ် ဟိုပရောဂျက်ကလေး ဝင်ရေးလိုက်ဦးမှ၊ ဒီလူ ကုဒ်ဒင်ကိစ္စကူလိုက်ဦးမှလေ။ ဟိုကောင်ဟာ ငါအတန်တန်ပြောတယ်။ သွားမဝေဖန်ပါနဲ့၊ သူတို့က အုပ်စုတောင့်တယ်… အတန်တန်ပြောထားရက်နဲ့။ သန်းဖေလေး သီချင်းလေးလည်း ဖွင့်ဦးမှ…။ အင်း ကိုသန်းလှိုင်ရဲ့ “ယောက်ျားမျက်ရည်”ဆိုတာ နားမထောင်တာကြာပေါ့။ နက်ဖြန် ဟောလီးဒေးဆိုတော့ ဟန်သစ်ငြိမ်တို့၊ ထွန်းတောက်နေတို့ခေါ်ပြီး ထမင်းချက်စား၊ ပုလင်းလေးဘာလေး မော့ဦးမှ။ CDCE က ဂလိုဘယ်ကိုလည်း သူ့ကောင်မလေးမသိအောင် ခေါ်ပြီး တိုက်လွှတ်လိုက်ဦးမှ။ မူးရင် သူတို့နှစ်ယောက် မိုဘိုင်းဖုန်းနဲ့ ရန်ဖြစ်တာ ရီရသဟ။ 

သြော် ဒါလည်း အချစ်ရဲ့ Chapter တစ်ခုပဲ။ 

ကျုပ်အတွက်တော့ အချစ်ဟာ လက်ကောက်ဝတ်ယားလို့ ချွတ်ချွတ်ထားမိရာက ပြန်မပတ်ဖြစ်တာများတဲ့ အံဆွဲထဲက ကက်စီရိုနာရီအတိုင်းပါပဲ။ သတ်သတ်စီ ဝေးနေကြတာများတယ်။ သူ့ဟာသူ နာရီကလည်း သွားနေတာပဲ။ ကျုပ်ကလည်း ကိုယ်ဟာကိုယ် ရှင်သန်နေတာပဲ။ ကဲ ဒီ့ထက်ပိုပြီး ဘာဖြစ်စရာရှိသေးလဲ။ 

သင်ကာ 

Leave a comment

Filed under Essay, Tag

ပထမများ

ဒေါ်ပင့်ဂိုးလ် Tag ၍ သင်ကာရေးသည်။

ပထမဆုံး နေခဲ့တဲ့မြို့ ပဲခူးမြို့။

ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း အ.ထ.က (သနက-၃)

ပထမဆုံး အတန်း သူငယ်တန်း (အဲဒီတုန်းကအခေါ်က ကြက်ချေးတန်း)။

ပထမဆုံး သူငယ်ချင်း မမတင်မြတ်မြတ် (ခုတော့ အိမ်ထောင်ကျသွားပြီ)၊ မင်းမင်း (ဆိုးပေပြီး အိမ်ပြေး လေလွင့်သွားတာ ဘယ်ရောက်တယ် မသိ)၊ တင်ကိုကို (မမတင်မြတ်မြတ်ရဲ့ မောင်။ ဖက်တီးကြီးဖြစ်ပြီး မိန်းမယူသွားပြီ။)

ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း အပေါ်က ပြောခဲ့တဲ့ သူတွေပဲ။ မမတင်မြတ်မြတ်က ကျုပ်တို့ကျောင်းတက်တော့ နှစ်တန်းကျောင်းသူကြီးလားမသိ ဖြစ်နေပြီ။

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် သူငယ်တန်းဖတ်စာပေါ့။ စာဖတ်တတ်တဲ့ အရွယ်မှာ ဖတ်တဲ့ အပြင်စာအုပ်ဆိုရင် “ပဋိက္ခယားပြဇာတ်” (အဖေ့စာအုပ်သေတ္တာထဲမှ) နဲ့ “ငါးရာ့ငါးဆယ်ဇာတ်တော်” (ဘုရားစင်ပေါ်က)။

Continue reading

Leave a comment

Filed under Tag

လတ်တလော ကိုယ်ထင်ရာ

Dream က ကိုယ့်အထုပ်ကိုယ်ဖြည်ဖို့ Tag သည်။ မေးခွန်းတွေ ကိုယ့်ဘာသာ ဖြေကြည့်တာ အဆီအငေါ်မတည့်တွေပဲ ထွက်လာသည်။ စိတ်အချဉ်ပေါက်နေသလိုမျိုး ဖြစ်နေသည်။ သို့သော် ကျနော် နေကောင်းပါသည်။ တမင်ငေါ့ရေးသည် မထင်စေလိုပါ။ စိတ်ထဲရှိသမျှ ဟန်မဆောင်ဘဲ အမှန်အတိုင်း ရေးလိုက်သည်။ ဒီလိုမျိုးလေးတွေ တခါတရံ ကိုယ့်ဘာသာမေးကြည့်သင့်သည် ကျနော်ထင်သည်။ တစ်ခုခုတော့ ရှာတွေ့နိုင်သည်။

ကိုယ့်ရဲ့နာမည် – ခေါ်သူ့အကြိုက် (မောင်၊ ကို၊ ဟန်နီ စသဖြင့်)
ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် ဟေ့ယောင်
ကိုယ်ဒီမှာနေတယ်မိုးအောက်
ကိုယ့်ဆီဖုန်းဆက်ချင်ရင်(ဇာဂနာပြောသလို) မကျေနပ်ရင် ဖုန်းဆက်ဆို၊ ဖုန်းပြီးတော့ ဆက်

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင်ညိုပြာညက် အနက်နုရောင်
အ၀တ်အစားဆိုရင်Cloth (အဝတ်) and Food (အစား)
အစားအစာဆိုရင် မြည်းလို့ သင့်သမျှ
ပစ္စည်းဆိုရင် – ပစ္စည်းဆိုရင်တော့ မကြိုက်ဘူး၊ ဇယားတွေမို့

သီချင်းဆိုရင် ခေတ်ဟောင်းတေးများ
စာရေးစာဆရာဦးပုည၊ မန်လည်ဆရာတော်၊ လယ်တီဆရာတော်၊ ဟဲမင်းဝေး၊ အဂ္ဂါအယ်လင်ပိုး၊ တဂိုး
စာအုပ်အပေါစားချစ်ဝတ္ထုမှတပါး
Life style –
သောက်လိုက်၊ စားလိုက်၊ အင်တာနက်သုံးလိုက်၊ ကြီးကြီးကျယ်ကျယ် ပြောလိုက် ရေးလိုက်
ကိုယ့်ရဲ့ဝါသနာခုတမျိုး တော်ကြာတမျိုး (မင်းသားမှ သူပုန်အထိ)
အလိုချင်ဆုံးလက်ဆောင်ဘလက်လေဘယ်တစ်ပုလင်း
ကိုယ့်ရဲ့ အချစ်ဆုံးသူကကိုယ့်ကိုယ်ကိုတောင် သိပ်မချစ်တော့ ကျန်တာ စဉ်းစားမရ
ကိုယ့်ရဲ့ အလေးစားဆုံးသူကကိုယ့်ကိုယ်ကိုပဲ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက သောက်ဖော်သောက်ဖက်တွေ၊ ရင်ဘတ်နဲ့ စကားပြောလို့ရသူတွေ
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက(၁) တီတီ၊ (၂) အရက်
ကိုယ့်ရဲ့ အမုန်းဆုံးသူက နိုင်ငံမှာ ဂြိုလ်စီးနေသူ
ရင်အခုန်ဆုံးအချိန်ညနေစောင်း ပုလင်းဖွင့်သောအခါ
အကြောက်ဆုံးအချိန်အိမ်မြှောင် အနားရောက်လာသောအချိန်
အပျော်ဆုံးအချိန်ယမကာ Brand ကောင်းကောင်း ဒကာပေါ်သောနေ့
အမှတ်တရနေ့အမှတ်မရှိ
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆုပါမောက္ခချုပ်ဖြစ်ရပါလို၏
အချစ်ဆိုတာချစ်တယ်လို့ ထင်တဲ့ဟာ
အမုန်းဆိုတာတစ်ခုခုအတွက် ပြေးထွက်သွားတာမျိုး
အလွမ်းဆိုတာမှတ်ဥာဏ်ရှိနေတဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားမှု
သံယောဇဉ်ဆိုတာလူသားဆန်ချင်မှုအတွက်၊ သက်ရှိဆန်ချင်မှုအတွက် ရှာကြံထားတဲ့အရာ
ဘ၀ဆိုတာအသက်ရှုနေတာ၊ အစာသွင်းနေတာ၊ စကားပြောနေတာ
သူငယ်ချင်းဆိုတာကိုယ်နဲ့ အတူ မော့မယ့်သူ
ချစ်သူဆိုတာ – ဆန့်ကျင်ဘက်လိင်
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်လူဆိုး၊ အပေအတေ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်ကလက်ထဲမှာ ဘာမှ မစွဲဘူး
အပြောချင်ဆုံးစကားတစ်ခွန်းဒီလောက်မှ သောက်သုံးမကျရင် ကိုယ့်ကိုယ်ကို သတ်သေဖို့တောင် ကောင်းနေပြီ

Leave a comment

Filed under Tag

ဒီဇင်ဘာ ၃၁ ကျောင်းသားပါတီ (နှစ်ခက်တာ)

နှစ်ခက်တာ ဆိုလို့ ဘာများလည်း တွေးနေကြမယ်။ နှစ်ခါ Tag လို့ပြောတာ။ ကိုရန်အောင်က ဒီဇင်ဘာ ၃၁ အကြောင်းရေးဖို့ Tag ပါတယ်။ မယမင်းကလည်း ကိုရန်အောင်က သူ့ကို Tag တာကိုရေးရင် ကျနော့ကို ထပ် Tag ပါတယ်။ ဒီလိုနဲ့ ကျနော် ၂ ခက်တာဖြစ်သွားရတာပါ။ ၂ ခါ ထီပေါက်တယ်။

ပထမ Tag မှာ မှတ်မိသမျှဒီဇင်ဘာ ရောက်တတ်ရာရာရေးပြီးပါပြီ။ မယမင်းရဲ့ Tag ကိုတော့ ၂၀၀၇ ဒီဇင်ဘာ ၃၁ အကြောင်းရေးချင်ပါတယ်။ မနှစ်ကတော့ ပါမောက္ခတစ်ယောက်အိမ်မှာ Count Down ပါတီလုပ်နေတုန်း ဘန်ကောက်မှာ ဗုံးကွဲလို့ ပွဲပျက်သွားကြောင်း ပြောခဲ့ပါတယ်။ ဒီနှစ်မှာတော့ တခြားဌာနက ကျောင်းသားတစ်ယောက်က သူပါတီလုပ်မယ်လို့ဆိုပါတယ်။ ပါတီဆိုလို့ ကြီးကြီးရယ်တော့ မဟုတ်ပါဘူး။ အခန်းမှာ ဖြစ်သလိုပေါ့။ အဓိကက တွေ့ကြဆုံကြဖို့ ပြောဆိုကြဖို့ပါပဲ။

Continue reading

3 Comments

Filed under Experience, Tag

ပီကေ့အတွက် သင်ကာနဲ့ ဘလောဂ့်

ပီကေရဲ့ ဘလော့ဂ်မှာ စာကောင်းတွေရှိလို့ သွားသွားချောင်းလေ့ရှိပါတယ်။ တနေ့မှာ `ကျနော်က အကုန်တက်မယ်´ဆိုတဲ့ ပီကေရဲ့ `ကျွန်တော်နဲ့ဘလော့ဂ်´ကို ဖတ်မိလျက်သားဖြစ်နေပါတယ်။ ကော်မန့်ပေးပြီး ရူးချင်ဆောင်ပြီး ပြန်ထွက်ခဲ့ပါတယ်။ တကယ်လို့များ ပီကေက တက်ပါတယ်လို့ လက်တို့သည်ရှိသော် ရေးထားဖူးတဲ့ `ကျွန်ုပ် အပြောင်းအရွေ့များနှင့် နတ်ရေကန်ထဲကျသော ဘလော့ဂ်´ ကို (လူပြောများနေတဲ့ စကားငှားသုံးရရင်) ဆားချက်လိုက်မယ်လို့ စိတ်ကူးပါတယ်။ ကျနော်ကတော့ အိပ်က်ဇစ်တွေ၊ ပို့စ်မော်ဒန်တွေ စကားလုံးတွေနဲ့ ဖြဲချောက်လို့ မ Tag ကောင်းတဲ့ စာရင်းထဲပါနေလား၊ ဒီလူကြီးရေးတတ်မှာ မဟုတ်ဘူးပဲထင်လို့လား၊ ဘော်ဘော်ပဲ မရှိတာလားတော့မသိ၊ ဒီနေ့အထိ ကံကောင်းထောက်မစွာ (ကံကောင်းထောက်မစွာ) အ Tag မခံရသေးချေ။ Tag ကြွေးတွေ ၀ိုင်းနေသော ဒေါက်စိုးကြီးကို ကြည့်ပြီး `အ Tag ခံရခြင်းဟာ ၀ဋ္ဋ်ကြွေးတမျိုး´ဟု သွားကလိဖူးသည်။
ဒီဇင်ဘာ ပို့စ်/ဘလော့ဂ် အညွန်းအတွက် ဘလော့ဂ်ရိုးကိုးပေါက် လျောက်သွားရာမှ ပီကေ Tag တာကို အကြွေးစာရင်းထဲထည့်ပြီး အသီးသီးဖြေနေကြတာတွေ့တော့ `ငါရော ပါနေသလား´ဟု မသိုးမသန့် ဖြစ်လာသည်။ ဒီဇင်ဘာ အညွှန်းအတွက် သူ့ ပို့စ်တွေ ကောင်းလွန်းလို့ တော်တော်များများ ညွှန်းဖို့ ရွေးထားလေတော့ အားနာပါးနာနှင့် ပီကေကို ဆားချက်ချင်သည်မှာ ဒီ `ကျွန်ုပ် အပြောင်းအရွေ့များနှင့် နတ်ရေကန်ထဲကျသော ဘလော့ဂ်´ ဆိုတဲ့ ပို့စ်ဟောင်းလေးပဲ ပြန်ကြည့်ပါကွာဟု။ ကျေနပ်၊ မနပ်တော့ မသိရသေးချေ။

Leave a comment

Filed under Tag