Tag Archives: Nargis

Bad Dream

3 Comments

Filed under Experience, Nargis

နာဂစ်အလွန် ခရီးသွားမှတ်တမ်း (၁၀)

နာဂစ်အလွန် ခရီးသွားမှတ်တမ်း (၁၀)

ဝေကြ၊ ပျော်ကြ

လှူမယ့်ရွာ ရောက်ပြီဟု လက်ညိုးညွှန်ပြသောအခါ မယုံနိုင်ဖြစ်နေသည်။ အုတ်တိုက်လိုလို အဆောက်အအုံတစ်ခုသာ ရေးရေးမြင်ရပြီး သစ်ပင်အကျိုး၊ အလဲများမှတပါး ဘာမှ မတွေ့။ စက်လှေက ထိုကျွန်းကို ချဉ်းကပ်လာသည်။ အသစ်ပြန်ဆောက်ထားပုံရသော အိမ်ကလေး တစ်လုံးစ နှစ်လုံးစ တွေ့ရသည်။ စောစောကတွေ့လိုက်သော အုတ်တိုက်မှာ အမိုးပွင့်နေသည့် ဘုန်းကြီးကျောင်းဖြစ်နေသည်။ ရွာနာမည်က လိပ်ကျွန်းရွာတဲ့။

ဖြတ်လာခဲ့သည့် ရွာ၊ အိမ်စုလေးတွေတိုင်းလိုလို မျှော်လင့်မျက်နှာလေးတွေနှင့် ကမ်းစပ်မှာ ထွက်ငေးနေတာ မြင်ခဲ့ရသည်။ ဤရွာပျက်ကလေးတွင်လည်း ထိုနည်းနှင်နှင်။ ကျနော်တို့ စက်လှေ သူတို့ရွာကမ်းသို့ ကပ်မည်သေချာသောအခါ လူတစ်ယောက်သည် အော်ဟစ်လျက် ရွာပျက်ထဲ ပြေးဝင်သွားသည်။ လှေဆိပ်သည် ဘုန်းကြီးကျောင်းဝင်းအစပ်တွင် ရှိ၏။ ကလေးတွေက ကြိုအံ့ဟု အရင်ဆုံးပြေးလာကြသည်။ အင်္ကျီမပါသူလည်း မပါ။ ဗိုက်ပူနံကားနှင့် ဆူဖြိုးနေသော ကလေး တစ်ယောက်မှ မရှိ။ ပိန်ပိန်လိမ်လိမ်။ ဘယ်သူမှ ဖိနပ်မရှိ။ နောက်တွင် ယောင်္ကျားတစ်အုပ်က ပစ္စည်းကူညီ သယ်ပိုးအံ့ဟု အသော့လိုက်လာကြသည်။ သူတို့လည်း အထက်ပိုင်းကိုယ်ဗလာ။ လူလတ်ပိုင်းအရွယ် ကျောင်းတိုင်ကိုယ်တော်လည်း ဆင်းလာပြီး ကြိုသည်။


ပစ္စည်းတွေ ကျောင်းရှေ့မှာပုံ၊ ဝေကြဖို့ လုပ်။ ကျနော်က ယူလာတဲ့ ဆေးအိတ်ကလေးဆွဲပြီး ရွာထဲဝင်။ ဆေးအိတ်ဆိုလို့ အထင်မကြီးကြပါနှင့်ဦး။ ဆေးတွေထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်ကလေးသာဖြစ်ပါသည်။ ဖျားနာနေသူ၊ ထိခိုက်ရှနာရသူတွေကို ဆေးဝေပေးသည်။ ကျနော့်ကို ဆရာဝန်ထင်၍ အူယားဖားယား လာခေါ်သူလည်းရှိရာ မဟုတ်ကြောင်း မနည်းရှင်းပြရသည်။ ဂရုဏာလည်း သက်မိသည်။ ပိုသည့်ဆေးများကို အမျိုးအမည်ခွဲခြားပြပြီး ဦးဇင်းတစ်ပါးထံအပ်ခဲ့သည်။

ပစ္စည်းဝေရာ စနစ်တကျတော့ရှိသည်ဟု ချီးကျူးမိသည်။ ကျောင်းထိုင်ကိုယ်တော်နှင့် စာသင်ဖက် ကိုယ်တော်က မန္တလေးက ဆင်းလာပြီး စီမံပေးနေသည်။ ရွာရှိ အသက်ရှင်ကျန်သော လူစာရင်းကို ပြုစုထားပြီး ယင်းစာရင်းနှင့် တိုက်ဆိုင်၍ ပစ္စည်းဝေသည်။ ဆန်၊ ရေသန့်၊ ခေါက်ဆွဲ၊ အ၀တ်အစားမျိုးစုံ။ နာဂစ်အပြီး ဘယ်သူတွေ ကူဖို့လာသလဲဆိုတော့ ခရိုင်မှူးဆိုတာ ဆင်းလာတယ်တဲ့၊ ကူစရာတော့ ဘာမှ မသယ်လာပါတဲ့။ အခြေအနေလာကြည့်တာတဲ့။ သူတို့ ပြန်သွားပြီး တစ်ပတ်လောက်ကြာမှ ရေတွေသယ်လာတဲ့ ကြက်ခြေနီစက်လှေရောက်လာပါသည်တဲ့။

လေ၊ မီး၊ ရေ

ရွာအထဲ အထိ ထပ်ဝင်ဖို့ သူငယ်ချင်းကို ခေါ်ပြီးအလာ၊ ရေထုတ်တစ်ဖက်၊ ကလေး ခါးထစ်ခွတစ်ဖက်၊ ဆန်အိတ်ခေါင်းရွက်ထားသော မိန်းမတစ်ယောက်ကို တွေ့၍ ပစ္စည်းတွေ ၀ိုင်းသယ်ရင်း ရွာအခြေအနေ မေးရသည်။ ရွာတောင်ပိုင်းနှင့် မြောက်ပိ
င်းဟူ၍ရှိရာ မြောက်ပိုင်းတွင် အိမ်နှစ်လုံးနှင့် ဘုန်းကြီးကျောင်းပဲ ကျန်သည်။ အိမ်နှစ်လုံးအနက် တစ်လုံးမှာ အမိုးမရှိတော့၊ အိမ်နော်ကခြမ်း ပွင့်ထွက်နေသည်။ လိပ်ကျွန်းတွင် လူ ၂၅၀ အနက် ၆၂ ယောက် သေသည်။ ရွာတောင်ပိုင်းမှာ တစ်ရွာလုံးကုန်ပြီဟုဆိုသည်။ အလောင်းတွေတောင် အကုန်ပြန်မရဟု ဆိုသည်။ လယ်ထဲမှ ရသည့်အလောင်းတွေကို မုန်တိုင်းပြီးနောက် မြစ်ထဲ မျှောချပစ်သည်ဟု ရွာထဲမှ အမျိုးသမီးက ရှင်းပြသည်။ မီးမရှို့ဘူးလားမေးတော့ ဓာတ်ဆီမရှိလို့တဲ့။ သောက်ရေ ဘယ်ကရလဲဟု တီးခေါက်ကြည့်သည်။ မိုးရွာတုန်းက ခံထားတာတဲ့။ ကုန်သွားတာ ရက်အတန်ကြာပြီဟု ဆိုသည်။ ဒါဖြင့် အခုရေဘယ်လို သောက်လဲဆိုတော့…။ သောက်ရေကန်တွေက ဒီရေတက်တုန်းက ရေငန်တွေ ၀င်ကုန်သည်။ ခံထားတဲ့ မိုးရေကုန်တော့ ရေငန်ဝင်နေတဲ့ သောက်ရေကန်ထဲက ရေပဲ သောက်ကြသည်။ သောက်လေ ငတ်မပြေဆိုတဲ့ ရေငန်တွေပေါ့။


ဟိုးဘက်က ဘာရွာတွေလည်း မေးတော့ ကံစုတဲ့။ ပြီးတော့ သူဆက်ပြောတဲ့ ရွာတွေ ကျနော်မမှတ်မိပါ။ ယခုကျေးရွာအုပ်စုတွင် ရွာငါးရွာပါသည်ဟု ဆိုသည်။ အဲဒီဘက်ရွာတွေ ဘယ်သူမှ မရောက်ကြသေး။ (ဤဆောင်ပါးမရေးခင် ကိုဇာဂနာက သူတို့ ကံစု ရောက်ခဲ့သည်ဆို၍ ၀မ်းသာရသည်။ လိပ်ကျွန်းဟိုးဘက် သံဒိတ်ဘက်ကိုလည်း သူငယ်ချင်းများ ယခုတစ်ပတ်ထဲ သွားမည်ဆို၍ ၀မ်းမြောက်ရသေးသည်။) သူ့အိမ်သေးသေးလေးပေါ် ပစ္စည်တွေ တင်ပေးလိုက်တော့ `ထိုင်ပါဦး၊ တစ်ခုခုကျွေးချင်လို့ပါ´တဲ့။ မစားရက်လို့ မစားခဲ့ပါဘူး။


စာသင်ကျောင်း၊ စာကြည့်တိုက်

အပြန်မှာ ကလေးမလေးနှစ်ယောက်နှင့် စကားပြောလာသည်။ စာသင်ကျောင်းရှိလားဆိုတော့ ရှိပါတယ် ဟိုမှာတဲ့။ ကြည့်လိုက်တော့ အပျက်အစီး အပုံတစ်ပုံတွေ့ရသည်။ ရွာထိပ်က ကလေးတွေ ပြေးမြင်သည်။ ဆရာ၊ ဆရာမတွေရောဆိုတော့ သူတို့ရွာမှာ ဆရာမပဲ လာသင်သည်တဲ့။ ဟိုးဘက်ရွာက လာသင်တာ ခုတော့ သူ့ရွာကို ပြန်သွားပြီတဲ့။ စာသင်ကျောင်းမရှိခင် ဘုန်းကြီးကျောင်းမှာတော့ စာသင်လို့ ရကောင်းပါရဲ့ဟု တွေးမိသည်။


တနေရာအရောက် စာအုပ် အပြုတ်တစ်ခုတွေ့၍ ကောက်ယူကြည့်ရာ ဓမ္မပဒ၀တ္တု မြန်မာပြန် ရှေးပုံနှိပ်စာအုပ်ထဲမှ ဖြစ်ကြောင်းတွေ့ရသည်။ ဒါရှားပါးစာအုပ်ပဲကွ ဟု သူငယ်ချင်းကို ပြောလိုက်ရာ နောက်ကလိုက်လာသော ကလေးမက `စာကြည့်တိုက်က ဟိုမှာလေ´ဟု ပြသည်။ ပြိုကျနေသော အဆောင်ငယ်လေးအောက်ရှိ ရေထဲတွင် စက္ကုတွေ တဖွေးဖွေးတွေ့ရသည်။


ရွာလုံးကျွတ်

ဘုန်ကြီးကျောင်းပြန်ရောက်တော့ ကျောင်းပေါ်တက်ကြည့်သည်။ ရွာသားနှစ်ယောက်က အစ်ကိုလာ ဟုဆိုကာကျောင်းအပေါ်ထပ်ပြတင်းပေါက်ကနေ ညွှန်ပြသည်။ အုန်းပင် ကျို့တို့ကျဲတဲ နှင့် အိမ်ပြိုတစ်လုံးမြင်ရသည်။ `အဲဒါ ရွာတောင်ပိုင်းပဲ၊ တစ်ရွာလုံးမှာ အဲဒီအိမ်ကြီးတစ်လုံးပဲ ကျန်တယ်။ အကုန်ပါသွားတာ´ဟု ရှင်းပြသည်။ အမှန်ပင် ရွာဟု ပြာရန်ပင် ခက်နေသည်။ `လူသေတာ သစ်ပင်ပိ၊ အိမ်ပိလို့လား´ ဟု ကျနော်က မေးကြည့်သည်။ ရွာသားနှစ်ယောက်က ကျနော့်ကို ပြူးကြောင်ကြောင် ပြန်ကြည့်ပြီး `မဟုတ်ဘူးဗျ။ တစ်ရွာလုံးကျွတ်ပြီး မုန်တိုင်းနဲ့ပါသွားတာ´ဟု ဆိုသည်။ ရွာလုံးကျွတ်ဆိုတာ ဒါမျိုးဖြစ်မည်။

`သူ့မိသားစုနဲ့ ဆွေမျိုးတွေမှာ သူတစ်ယောက်ပဲ ကျန်တယ်။ သူ့မိန်းမနဲ့ သားနှစ်ယောက် ပါသွားတယ်´ ဟု ရွာသားတစ်ယောက်က နံဘေးမှ ခပ်ရွယ်ရွယ်လူကို ပုတ်ပြပြီးပြောသည်။ `သူက အဲဒီတောင်ပိုင်းကလေ´ဟု ဆက်ရှင်းပြသည်။ ထိုလူရွယ်မှာ အသက် ၂၅၊ ၂၆ ၀န်းကျင်ခန့်ရှိပုံရသည်။ မျက်နှာမှာ မျှော်လင့်ချက်မဲ့၊ အူကြောင်ကြောင် မျက်နှာမျိုး ဖြစ်သည်။ အခုဘယ်မှာနေလဲ မေးကြည့်တော့ ဘုန်းကြီးကျောင်းမှာတဲ့။

`ကျနော်ကတော်သေးတယ်။ ယောက်ျားမို့လို့။ နောက်မိသားစုတစ်စုဆို မိန်းမတစ်ယောက်ပဲ ကျန်တယ်။ ပိုဆိုးတယ်။´ဟု သူက ပြောနေသေးသည်။ ထိုအမျိုးသမီးမှာ တခြားရွာက ဆွေမျိုးတွေဆီ ထွက်သွားပြီဟုဆိုသည်။

`အစ်ကို အိမ်လည်း မရှိတော့ဘူးပေါ့´

`မရှိတော့ဘူးဗျ။´

`ဘာဆက်လုပ်မလဲ´

`အိမ်လည်းမရှိတော့ဘူး။ မိသားစုလည်း မရှိတော့ဘူး။ ဒီမှာ မနေချင်တော့ဘူး။ တခြားရွာမှာ အစ်ကိုဝမ်းကွဲတော်တဲ့သူရှိတယ်။ အဲဒီမှာပဲ သွားနေတော့မယ်´


သူ့မျက်နှာမှာ အဓိပ္ပာယ်ဆိုသည်ကို ရှာမရတော့ပါ။ သူ့လက်ကို ဆွဲပြီး ငွေနှစ်ထောင် ထည့်ပေးတော့ မယူပါဘူးဟု ငြင်းသည်။ ကျနော်လည်း လက်ဖက်ရည်ဖို့လို့ ပြောရမလား၊ အလှူလို့ ပြောရမလား ဘာပြောရမှန်းမသိဖြစ်နေစဉ် အကြံရပြီး အစ်ကိုတွေရှိတဲ့ ရွာဆီသွားရင် လမ်းစရိတ်ပေါ့ဟု ဆိုကာ အတင်းထည့်ပေးခဲ့ပါသည်။

ရေတက်ရင် မောင်းရခက်တယ်ဟု လှေဆရာလောဆော်၍ ပြန်ကြဖို့ နိုးဆော်ရသည်။ ဘုန်းကြီးကျောင်းဝတွင် တချို့က ဖိနပ်ချွတ်ထားခဲ့ရာ ကလေးတွေက စောင့်ပေးသည်။ ပြန်အထွက်မှာ ထိုကလေးတွေအတွက် အ၀တ်တချို့ဖယ်ထားပြီး ဝေပေးသည်။ လှေဆရာနှင့် လှေသမားတွေ အတွက် အ၀တ်တချို့ပေးတော့ ပျော်နေကြသည်။ အပြန်မိုးရွာသည်။ ဒုက္ခသည်တွေ သောက်ရရမှာမို့ မိုးရွာတာ ဒီတစ်ခါ ပျော်မိသည်။ လှေဆိပ်အ၀င်မြစ်ဝရှိ စက်လှေခေါင်မိုးပေါ်တွင် စက်သေနတ်ကိုင်ထားသော စစ်သားတစ်ယောက် ပင်လယ်ဝဘက်မျှော်ငေးနေတာ တွေ့ရသည်။

သင်ကာ

မေ၊ ၂၀၀၈

Leave a comment

Filed under Article, Experience, Nargis

သဘာဝကပ်ဘေးအလွန်နှင့် ကလေးများ၏ စိတ်ဒဏ်ရာ

၇.၂.၂၀၀၅ ထုတ် နိုင်ငံတကာ သတင်းလွှာဂျာနယ်တွင် `ဆူနာမီရိုက်ခတ်မှုနှင့် ကလေးများ၏ စိတ်ဒဏ်ရာ´ အမည်ဖြင့် ဆောင်းပါးတစ်ပုဒ် ကျနော်ရေးခဲ့ပါသည်။ ထိုဆောင်းပါးထဲမှ ယခု နာဂစ်အလွန် ပြန်ထောင်ထူထောင်ရေးတွင် အထောက်အကူပေးနိုင်မည်ဟု ယူဆသော အချက်အလက်များကို ပြန်လည်တင်ပြထားပါသည်။ အင်တာဗျူးနှင့် ရည်ညွှန်းစကားများမှာ ဆူနာမီဖြစ်စဉ်အတွက် ဖြစ်သော်လည်း နာဂစ်အလွန်ထူထောင်ရေးတွင် သတိပြု လိုက်နာစရာများဟု မြင်မိပါသည်။ ဤဆောင်းပါးကို လွတ်လပ်စွာ ကူးယူ ဖြန့်ချိ ဖော်ပြနိုင်ပါသည်။

ခင်မင်လေးစားစွာဖြင့်

သင်ကာ

စစ်ပွဲတစ်ပွဲ ဆင်နွှဲရသောအခါ မတိုက်ခိုက်ကြရမည့်နေရာ၊ မထိခိုက်သင့်သူများ၊ အရပ်ဘက်နေရာ၊ စစ်ဘက်နေရာ စသည်ဖြင့် ချုပ်ကိုင်တားမြစ်ခြင်း၊ စောင့်စည်းခြင်း လုပ်နိုင်သေးသည်။ ရေကြီးခြင်း၊ မုန်တိုင်း၊ ငလျင်စသော သဘာဝဘေးဒဏ်များ ကပ်ရောက်နှိပ်စက်သည့် အခါတွင်မူကား စောင့်စည်းအပ်သောအရာ အားနည်းခြင်း အားများခြင်း ကျောသားရင်သားဟူသည်မရှိပြီ။ အားလုံးထိခိုက်ကြ ဒဏ်ခံကြရသည်သာ။

သဘာဝဘေးဒဏ်ကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှု အားနည်းသေးသော ကလေးငယ်များ သေဆုံးရမှုမှာ အများစု ဖြစ်သလို အသက်ရှင်ကျန်ရစ်သော ကလေးငယ်များမှာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ စိတ်ဒဏ်ရာ ဒဏ်ချက်များ ရရှိကာ ကျန်ရစ်ခဲ့ပေသည်။ သဘာဝဒဏ်ခံ ဒေသများအဖို့ အခြေခံလိုအပ်ချက်များဖြစ်သော သန့်ရှင်းသည့်ရေ၊ အစားအစာနှင့် ဆေးဝါးနည်းတူ အကြီးအကျယ် ပျက်စီးသွားရသော ကလေးများ၏ စိတ်ပိုင်းဆိုင်ရာကို ပြန်လည်ထူထောင်ပေးရန် လိုအပ်နေပေသည်။

လူဝီစီယားနားပြည်နယ်၊ နယူးအော်လင်းရှိ အိုချက်စနာ ဆေးပေးခန်းဖောင်ဒေးရှင်းမှ ကလေးအထူးကုဆရာဝန် ဒေါက်တာမိုက်ကယ် ၀က်ဆာမန်က

`စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုဟာ တော်တော်ကြီးမားပါတယ်။ ကလေးတွေက ဘာမှအပြောင်းအလဲမရှိဘူးလို့ နားလည်ထားခဲ့ကြတာ။ ဒီအချက်ကြောင့် အဖြစ်ဆိုးကြီးက သူတို့ကို ဆွဲထုတ်လိုက်သလို ဖြစ်သွားတယ်။ သူတို့နားလည်ထားတဲ့ ကမ္ဘာ ပျက်သုန်းသွားတယ်´

ပြောပြသည်။

ကလေးများ ပြန်လည်နာလန်ထူရေးကူညီရန် အရေးကြီးသော ပထမအဆင့်မှာ သူတို့၏ ပုံမှန်လုပ်ငန်းများ၊ တစ်နေ့တာ လုပ်ဆောင်မှုများ ပြန်လည်ရရှိရေးဖြစ်သည်။ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန်မှာ အရေးကြီးသည်။ ကျောင်းသားများ စာသင်ရန် အခြေအနေပေးသည် မပေးသည်က ပဓာနမဟုတ်။ သို့မှသာ သူတို့လည်ပတ်နေကျ ဘ၀ပုံစံမျိုး ပြန်ရောက်နိုင်မည်ဖြစ်သည်။ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေ မရှိခြင်းသည် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုပင်။ က
လးများမှာ အခြေအနေအရပ်ရပ်ကို နားလည်နိုင်ရန် ငယ်လွန်းနေသေးသည်။ ဆူနာမီသင့်ပြီးနောက် ပြန်လည်ထူထောင်ရေးတွင် ကလေးများအလွယ်တကူ စုစည်းနိုင်စေရန် တဲကြီးများ ထိုးပေးထားသည်။

သဘာဝဘေးဒဏ်အကြောင်း အဖြစ်အပျက် သတင်းဇာတ်လမ်း ဓာတ်ပုံတို့သည် ဘေးဒဏ်သင့် ဒေသမှ ကလေးများကိုသာမက အခြားအရပ်တပါးမှ ကလေးများအတွက်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ဖြစ်စေသည်။ သေဆုံးမှုနှင့် ပျက်စီးမှု သတင်း ဓာတ်ပုံများသည် ကလေးများ၏ စိတ်တွင် လုံခြုံမှုအတွက် စိုးရိမ်ထိတ်လန့်မှုဖြစ်စေသည်။

ထို့ကြောင့် ကလေးအထူးကု ဒေါက်တာဝက်ဆာမန်က

`ကလေးတွေ မခံစားနိုင်တဲ့ သတင်းမျိုးကို ကလေးတွေနဲ့ မထိတွေ့အောင် ဂရုစိုက်သင့်တယ်လို့ ကျနော်ထင်တယ်။ ၁၂ အရွယ်ကလေး ခံစားနားလည်နိုင်တာကို ၆ နှစ်အရွယ်ကလေး မခံစားနိုင်ဘူး´

ဟု ပြောသည်။ ဟောင်ကောင်မှ ၆ နှစ်အရွယ် ကျောင်းသားလေး ဇာဗီယာလီကဲ့သို့သော ကလေးများမှာ ဆူနာမီ၏ ကြေကွဲဖွယ်ဒဏ်ချက်များ ရိုက်ခတ်မှုကို ခံရသည်။

`လူတွေ အများကြီးသေလို့ သားစိတ်ထဲမှာ ၀မ်းနည်းတယ်´

လို့ ဇာဗီယာက ပြောပြပါတယ်။ ကြေကွဲဖွယ် ဇာတ်လမ်းများနှင့် ပတ်သက်၍ မိဘများ၊ ဆရာများက ကလေးများရှေ့တွင် များများစားစားမပြောကြရန်နှင့် ပြောရလျှင်လည်း ကလေးများ နားလည်သလောက်သာ ပြောရန်၊ သတင်းအချက်အလက်များ များပြားစွာ ပေးခြင်း၊ နားထောင်စေခြင်း၊ မေးသမျှ ဖြေခြင်းအားဖြင့် ကလေးများအတွက် အသိတရားပေးရာ မရောက်ဘဲ အကြောက်တရားပေးရာရောက်သည်ဟု ဒေါက်တာဝက်တာမန်က အကြံပြုသည်။

ကလေးများ၏ ကိုယ်ရည်ကိုယ်သွေးပြောင်းလဲခြင်းနှင့် အိပ်ပျော်သည့် ပုံစံကိုကြည့်၍ ကလေးများ စိတ်ဓာတ်ကျမှုကို ခန့်မှန်းနိုင်သည်။ ၀မ်းဗိုက်အောင့်ခြင်းသည်လည်း ကလေးများ စိတ်ကျရောဂါ ခံစားရခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ကလေးများ ကူမရေးအဖွဲ့မှလည်း လူကြီးများက ကလေးတို့၏ အပြုအမူကို ဂရုပြု ကြည့်ရှုရန် အကြံပေးထားသည်။ ကလေးများသည် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို မကြာခဏ ခံရတတ်သည်။

လူကြီးများက ပြုမူတုံ့ပြန်ပုံမျိုး ကလေးများက တုံ့ပြန်မည်ဟု မမျှော်လင့်အပ်ပေ။ အကျိုးသက်ရောက်မှုမှာ တမျိုးတဘာသာဖြစ်နိုင်သည်။ အတိတ်တွင် ကြုံခဲ့သော ဘေးဒဏ်ခံကလေးများကို တိုးတက်မှုကို ကြည့်ခြင်းအားဖြင့် ကလေးများသည် မကြာမီစိတ်ပိုင်းဆိုင်ရာများ ပြန်လည်တိုးတက်ကောင်းမွန်လာမည်ဟု ယုံကြည်ရသည်။

`ကလေးတွေဟာ ဖရိုဖရဲဖြစ်သွားတဲ့ သူတို့ဘ၀နဲ့ သူတို့မိသားစုတွေ ဆုံးရှုံးသွားတာကို နားလည်လာမှာပါ။ စိတ်ဖိစီးမှုတွေကို တွန်းလှန်လာနိုင်မှာပါ။ ကျနော်တို့ အတွေ့အကြုံအရ အနာဂတ်မှာ သူတို့ ပြန်လည် ရပ်တည်နိုင်ပြီး ရှင်သန်နိုင်ပါလိမ့်မယ်´

ဟု ကလေးများကူမရေးအဖွဲ့မှ အရာရှိကပြောသည်။

သင်ကာ

ရည်ညွှန်း။ ။ Treating Children’s Emotional Wounds

Leave a comment

Filed under Article, Nargis

နာဂစ်မတိုင်ခင် ရန်ကုန် vs နာဂစ်အပြီး ရန်ကုန်

ရန်ကုန်မှာ ရေးဖြစ်တဲ့ ရန်ကုန်အကြောင်း ကဗျာပါ။ စွဲလမ်းလွန်းလို့ ဖွဲ့တည်ရာမဂ္ဂဇင်းမှာ ခွင့်တောင်း ဖော်ပြဖူးတဲ့ ကိုငြိမ်းဇေဦးရဲ့ `တို့မြို့ကြီးရဲ့´နဲ့ တွဲပြီး ဖော်ပြလိုက်ပါတယ်။ အရင်နဲ့ အခု ရန်ကုန်မှာ ဘာတွေထူးသွားလည်း ပေါ်စေချင်လို့ပါ။

တို့မြို့ကြီးရဲ့…

ငြိမ်းဇေဦး

ပေကပ်ကပ်နွားနဲ့

ဆွဲတဲ့ မြို့ပြကြီး…

အမောဖောက် လျှာထွက်

ပက်လက်မျော…

မှောင်မိုက်ခြင်းတွေ စည်ကားသောအခါ

ဒါ…ရန်ကုန်ပေါ့ကွယ်။

အသံတွေတောင်တုန်လို့…။

ငြိမ်းဇေဦး

ရူးသွားတဲ့ရန်ကုန်

သင်ကာ

လေယာဉ်ကွင်းအ၀က

အကိုင်းတွေ စိုက်ကျနေတဲ့ အုန်းပင်တွေ

ငိုမြည်းနေတာ မဟုတ်ဘူး။

နှစ်သီးစားရှာတဲ့ တက္ကစီသမား

ဒီအချိန် ဒေါမနဿန မပွားနိုင်ဘူး

သနားခြင်းထက်ပိုတာ

ရန်ကုန်မှာ ဘာမှ မရှိနိုင်ဘူး

ကိုယ်က

ခုလေးတင် ဘီးစတိတ်တစ်ပွဲ

စားခဲ့တဲ့ကောင်ကိုး။

ရန်ကုန်ညဟာ

သုညသက်သက်

မီးပျက် ရေပျက်

မနက်မိုးအလင်းမှာ

လိုက်ကာ အဖွင့်

ရင်နင့်နေတဲ့ရန်ကုန်ကို တွေ့တယ်

ရူးသွားတဲ့ ရန်ကုန်။

ရက်စွဲတပ်တော့မှ

ငါ့မွေးနေ့က ဒီနေ့လို့

သတိရတော့တယ်။

စိတ်ပျက်တိမ်လုံးတွေနဲ့

ကြိမ်မီးအုံးထားတဲ့ ရန်ကုန်

ခုန်ခုန်ထွက်နေတဲ့ ထောင်တန်တွေဟာ

အာဏာမဲ့ စက္ကူတွေ ဖြစ်ကုန်တယ်။

သင်ကာ

Leave a comment

Filed under Experience, Nargis, Poem

ဇာဂနာနဲ့ ဖား၊ ငါး အဖြေ

မေး။ တနေ့က မြန်မာ့အလင်းမှာ လူတွေကို ဖားရှာ၊ ငါးရှာစား နောက်နှစ်ဆို ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ စပါးတွေ ရွှေရောင်းသမ်းပြီးတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းနဲ့ စည်ပင်တော့မယ်လို့ ရေးထားတယ်။ အဲဒါ ဖြစ်နိုင်ပါ့မလား ခင်ဗျ။
ဖြေ။ အဲဒီအိပ်မက်ကလေး ကောင်းသားပဲလို့ ကျနော်ပြောချင်တယ် ဟဲ ဟဲ ဟဲ ဖားရှာ၊ ငါးရှာ ရှာလို့ ရမလားတော့ မသိဘူး ဧရာဝတီမြစ်ကြီးနဲ့ ဘိုကလေးမြစ်ဆိုရင် ရေအရောင်ကို နာမည်ပေးထားတယ်၊ နာဂစ်ကာလာလို့။ ဘာလဲဆိုတော့ ဖြူဖြဲဖြဲ အရောင်ကြီး၊ အဲဒီအရောင်ကြီးနဲ့ လူနဲ့ ကျွဲ နွားအလောင်းတွေက အများကြီး နာဂစ်ရနံ့ ဆိုတာရှိသေးတယ် အဲဒီညှီနံ့ကြီးက ပြန်လာရင် ပါလာတာပဲ၊ ဘယ်သူမှ မခံနိုင်ဘူး အန်တယ်။ ဒီတော့ အဲဒီလို နေရာတွေမှာ ဘယ်လိုလုပ်ပြီး ငါးရှာ၊ ဖားရှာမှာလဲဗျာ ငါးဖမ်းမယ့်အစား အလောင်းတွေ ဖဲ့စားမှ ရတော့မယ်။

(အင်တာဗျူးတွင် လူမှုကယ်ဆယ်ရေးလုပ်နေသော လူရွှင်တော်ဇာဂနာ၏ အဖြေ)

Leave a comment

Filed under Nargis