Category Archives: Poem

“ဇာတ်ခုံ”

“ဇာတ်ခုံ”

ဇာတ်လမ်းတို့သည်
ဝေဝါး၍ သွား၏ …။

မှတ်ဥာဏ်တို့သည်
မကျက်တကျက် ကျောက်ဖြစ်ရုပ်ကြွင်းများသာ …။

ထိုခဏ ဤခဏသည်
ထိုဘဝ ဤဘဝလည်း ဖြစ်ပေသည် …။

ချစ်ခြင်း တဆောင်း မသစ်မီ
မုန်းခြင်း ပျိုးခင်းတခု ရာသီကုန်ပါပြီ …။

စိတ်ကူးများကို ဂဟေဆက်၍ မရပါ
မျှော်လင့်ခြင်းများ ချိတ်ဆက်ရန်ကား
ထို့ထက် ပိုခက်ခဲသည်သာ …။

သံသရာခရီးဆိုတာ
တရံတခါ ညည်းချင်းတွေ
အဖန်တရာ တီးခတ်ထားတဲ့ ဂီတလို
ညီမျှခြင်း တခုပေးချင်တယ် …။

သင်ကာ
နိုဝင်ဘာ ၂၀၁၆

Advertisements

Leave a comment

Filed under Poem

ကဗျာ မပြိုင်ခြင်း …

ကြည့် ခိုင်းရင် မရ
ညှိနှိုင်း ပြင်ကြလည်း
အသိအတိုင်း မတွင်လှလို့
ပြည့်ဝိုင်း ပြင်ပ …

အရှိအတိုင်း ယှဉ်မရ
ပကတိ သမိုင်းတင်ကြတော့ …
ကဲ … ကျုပ်ကိုပဲ
ငတိ ရိုင်းတယ် ထင်ကြဦးမလားဗျ …

သင်ကာ (ရေနောက်)

(တမဒ ကဗျာ ဖိတ်ခေါ်ပွဲ တွေ့လို့ မောင်မိုးပွင့် (ရေကြည်) စတိုင်လ်နဲ့ စပ်မိပါတယ် …

Leave a comment

Filed under Poem

“ကောင်းရင် မရေးနဲ့ (သို့မဟုတ်) ရှည်သော ကဗျာဖြစ်၍ မဖတ်ကြပါနှင့်”

“ကောင်းရင် မရေးနဲ့ (သို့မဟုတ်) ရှည်သော ကဗျာဖြစ်၍ မဖတ်ကြပါနှင့်”

မင်း … (မင်းဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြောတာ)
ကော်မရှင်နာ မင်းကြီးနဲ့လည်း တွေ့ပြီးပြီ …
ဘော့မာလေနဲ့ ပြောတာလည်း ကြားပြီးပြီ …။
ရှေ့က ၁၂ မျိုး ဟင်းချိုထဲလည်း
ရာသီစာ ပိုးမျိုးစုံ ခုန်ဆင်းပြီးပြီ …
ကိုအောင်ကျော်ကလည်း အဲဒါကို အသားစုံအဖြစ် ကျိုပြီးပြီ …
ဟင်းအိုးကို ကုန်းအချ …
သူ့မျက်စိ အတုကပါ ဟင်းအိုးထဲ ခုန်ဝင် …
အို … အသင်လောက …
ရီရတယ်ဆိုတာတွဟာ
တကယ်တော့ မရီရပါ …။
(ရီ၏ စာလုံးပေါင်း အမှန်မှာ ရယ် ဖြစ်သည်။)
ထိုနေ့ ဤနေ့က မနက်ပိုင်း နေဖြာ
ညနေမှာ မိုးကျ
ပူပြင်းခြင်းက ကန်ထရိုက်ရနေတယ်
လှတယ်လို့ ပြောရမှာလည်း ခက်ပါဘိ မပန်းမှုံ
တွံတေးသိန်းတန် အငုံစိတ်တွေက
စပါးကို အနီစိုက်ကြောင်း ပြောပြကြတယ် …။
ရွေးကောက်ပွဲ၏ ငြိမ်သက်ခြင်းကို ပြောပါ …
လက်သန်းများ၏ သက်သေတည်မှုကို လိပ်ပြာလုံကြပါ …
လူတွေဟာ ကိုငြိမ်းမောင်ကို စိတ်နာပြီး
မမြဝင်းကို ဝင်ကယ်ကြတယ် …။
ကောင်းကင်ဟာ ဒီ့ထက်ပိုပြာတယ် …
မြေပြင်ဟာ ဒီ့ထက် ပိုမာတယ် …
အဲဒီ နှစ်ခုကြား ယုံကြည်ချက်တွေက
ဆွဲ ကပ်နိုင်လောက်အောင် ခိုင်မာသေးရဲ့ …
မော်လ်ဒိုက်နဲ့ ကနေဒါ
ဒီမှာ ရွှေ့ထားတာ မဟုတ်ဘူး …
မေ့ထားတာတွေကနေ ဖုတ်ဖက်ခါ ထလာတာ …။
နှစ် ငါးဆယ် အိပ်မက်
အသစ်တရားတွေရဲ့ အတိမ်အနက်ကို
အဖြစ်တရားတွေနဲ့ ချိန်စက်နေပါတယ် …။
သင်ကာ
၁၄၊ နိုဝင်ဘာ၊ ၂၀၁၅

Leave a comment

Filed under Poem

Kooe Art Studio (b)

11988537_412242548973687_5414665978693894597_n

ယုဇနမြို့တော် …
ရေညှိတက် အခန်းများ …
ရေလွှမ်းတဲ့ လမ်းတွေ …
အရက်တပုလင်း …
၁၀ သိန်းတန် ပန်းချီကားနဲ့ ဝမ်းရေး ၁ သိန်း …
ကုလားဝဲ တံတား …
လူမသိ သူမသိ ဝိဥာဉ်လွင့် အရောင် အတ္တများ …။

မူကြိုတက်မယ့် သမီးလေးအတွက် စကတ်တထည် …
ငွေဖြစ်ဖို့ အတွက် ဆေးပြန်အုပ်လိုက်ရသော ပန်းချီကားများ …
မာနနဲ့ ခေါက်ဆွဲပြုတ်တထုတ် …
အတွေးအခေါ်နဲ့ မြည်းသော ဆေးလိပ်တိုတထွာ …
မိုဒီဂလျာနီနဲ့ ခင်မောင်ရင် …။

ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်သော နေများ … လများ …
ဆေးများများ ကွမ်းယာတယာ …
နာရေးကြော်ငြာတခု …
ကိုကျော်သူ မခေါ်အားဘူး
ပန်းချီကားရောင်းပြီး အသုဘချမလို့ပါ …
အနုပညာ အသီးသီးမှာ
သေပြီးမှ ဈေးကြီးတတ်တာ …
ပန်းချီရဲ့ ကျိန်စာလား …
ထမင်းတလုပ် စုတ်တချက် ဘဝများ …။

အရက်တပုလင်းကို သေမင်းထံက ဆွဲလုထားရ …
မျှော်လင့်ချက်များက မငိုနိုင် မရယ်နိုင် …။

စသည်ဖြင့် စသည့်ဖြင့်ပေါ့ဗျာ …
ရင်ထဲမှာ မခွဲရသေးတဲ့
ဇာတ်ညွှန်း အစိမ်းလတ်လတ်တွေပေါ့ …

သင်ကာ

Leave a comment

Filed under Poem

Poem-Untitle

arrow

“…………………………………”

ကျက်သွားတဲ့ အနာဒဏ်ရာတွေဟာ
စိတ်ထဲမှာ
ပျောက်သွားတာမျိုး
မဟုတ်ဘူး …။

ဒီလှေထဲ ကိုယ်တယောက်တည်းလား
ဆိုတော့လည်း
မဟုတ်ဘူး …။

အတိတ်နဲ့ ပစ္စုပ္ပန်ဟာ
သတ်သတ်ဆီလား
ဆိုတော့လည်း
မဟုတ်ဘူး …။

ဝါးပြီး မျိုချတာလည်း
ချိုလို့ မဟုတ်ဘူး …
ဝါးပြီး ထွေးထုတ်တာလည်း
ခါးလို့ မဟုတ်ဘူး …။

နိုင်ငံရေးမှာ
မြှားဦးဆိုတာ
ချိန်ထားတဲ့အပေါ်ပဲ မူတည် သတဲ့လေ …။

တည့်သလား မတည့်သလား
ခါးချင်လည်း ခါးလိမ့်မပေါ့ …။

သင်ကာ
၃၁ သြဂုတ် ၂၀၁၅

Leave a comment

Filed under Poem

Kooe Art Studio (a)

11705513_1621603311451704_1468801016236797568_o

ပန်းချီကားတွေကို ကြည့်တယ် …
ကြာနီကန် ဆရာတော် ကြားနာတယ် …
မိုးသံတွေ နားထောင်တယ် …
သမီးလေးကို သင်္ချာသင်တယ် …
ဂျက် ဒင်နီယယ်ဖွင့်တယ် …
နိုင်ငံရေးစကား မပြောရ …။

ကမ္ဘာတခုမှာ
ကဗျာတခုခုတော့ ရှိတယ် …။

အရောင်နှင့် စုတ်တံများ …
စကားလုံးနှင့် ကျမ်းဂန်များ …
ထုသားပေသားကျ ဖြတ်သန်းမှုနှင့် လူများ …
တနေရာမှာဆုံဖို့ ပျံသန်းသွားနေကြတုန်း …။

ကမ္ဘာတခုမှာ
ကဗျာတခုခုတော့ ရှိတယ် …။

သင်ကာ
၁၆ ဇူလိုင် ၂၀၁၅

Leave a comment

Filed under Poem

သိမှုဗေဒများ

ဒုတိယအခေါက် ဖတ်တဲ့
အာရင်ဘတ်ရဲ့ စာအုပ်က
ကျုပ်အချိန်တွေကို ခိုးခိုးသွားတယ် …

ဒါပေမယ့်
စကားလုံးတွေရဲ့
အရောင်ပြောင်းမှုတွေကို မြင်နေရလို့
သိမှုဗေဒတွေကို လိုက်ဖမ်း …

တပြစီတိုင်းမှာ …
သူ့ချည်းပဲ လွမ်းနေတော့
မခက်လား …

သင်ကာ
(ဒီနေ့ စောစော)

Leave a comment

Filed under Poem