ကိုရီးယားကျွန်းဆွယ်က အားကစားနဲ့ နိုင်ငံရေး


သင်ကာ

တောင်ကိုရီးယားနိုင်ငံ၊ ပြုံချမ်းမြို့မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို အကြောင်းပြုပြီး ၂ နှစ်အတွင်း တောင်နဲ့ မြောက်ကိုရီးယားတို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေနွေးမှု ဖြစ်ပေါ်လာခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ၁၉၆၄ ခုနှစ်ကတည်းက အိုလံပစ် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ပြီး ဆုတံဆိပ် ၅၆ ခု ရရှိထားပြီး အဲဒီထဲက နှစ်ခုက ဆောင်းရာဆီ အိုလံပစ်ပွဲမှာ ရခဲ့တာ ဖြစ်ပါတယ်။ အားကစားဟာ ဆိုးလ်နဲ့ ပြုံယမ်းကို မိတ်ပျက်မှုတွေ ဖြစ်စေသလို ပေါင်းစည်းမှုကိုဖြစ်စေတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

တောင်ကိုရီးယား လေယာဉ် 858 ကို ဗုံးခွဲမှု

တောင်ကိုရီးယားဟာ ၁၉၈၈ ခုနှစ် နွေရာသီ အိုလံပစ်ပွဲတော်ကို ကျင်းပခွင့်ကို ၁၉၈၁ ခုနှစ်မှာ ရခဲ့ပါတယ်။ မြောက်ကိုရီးယားက အဲဒီတုန်းက အိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမဖို့ လှုံ့ဆော်ခဲ့ပါတယ်။ ဒါပေမယ့် လှုံ့ဆော်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားမှာ ကျင်းပတဲ့ အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ရုံမက ဖျက်လိုဖျက်ဆီးပါ လုပ်ခဲ့ပါတယ်။

၁၉၈၇ ခုနှစ် နိုဝင်ဘာလမှာ ကိုရီးယား လေကြောင်းလိုင်းပိုင် လေယာဉ် 858 မှာ မြောက်ကိုရီးယား ထောက်လှမ်းရေး နှစ်ဦးက ဗုံးခွဲဖို့ လုပ်ဆောင်ခဲ့ပါတယ်။ လေယာဉ်ဟာ အန်ဒမန်ပင်လယ် အထက် ကောင်းကင်ပေါ်မှာ ပေါက်ကွဲပြီး လိုက်ပါလာသူ ၁၁၅ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ဗုံးခွဲသူဖို့ လုပ်ဆောင်ခဲ့သူ နှစ်ဦးအနက် အသက်ရှင်နေသေးတဲ့ တစ်ဦးဖြစ်သူ ကင်မ်ဟယွန်ဟွေ ဆိုတဲ့ အမျိုးသမီးက ဘီဘီစီနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။ ဆိုးလ် အိုလံပစ်ပွဲ မတိုင်ခင် တောင်ကိုရီးယား လေယာဉ်တစ်စီးကို ပျက်ကျအောင် လုပ်ဖို့ သူ့အထက်အရာရှိတစ်ဦးက ခိုင်းခဲ့တယ်လို့ သူက ပြန်ပြောပြပါတယ်။ အဲဒီလို အကြမ်းဖက် လုပ်ဆောင်ခြင်းအားဖြင့် တောင်ကိုရီးယားမှာ ကသောင်းကနင်းတွေ ဖြစ်လိမ့်မယ်လို့ သူ့အထက်အရာရှိက ပြောခဲ့ပါတယ်။ သူ့အထက်အရာရှိဆိုသူဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်အီဆွန်း ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

ကင်မ်ဟယွန်ဟွေကို ဘာရိန်းနိုင်ငံမှာ ဖမ်းမိခဲ့ပြီး သေဒဏ်ချမှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး နောင်တရမိကြောင်း ပြောခဲ့ပြီး ‘ကျွန်မဝိညာဉ်က ကျတဲ့မျက်ရည်များ’ စာအုပ်ကိုလည်း ရေးခဲ့ပါတယ်။

လျှို့ဝှက် အလုပ်အိမ်

တောင်ကိုရီးယားမှာ ကျင်းပမယ့် အိုလံပစ်ပွဲကို မြောက်ကိုရီးယားကသာ ဖျက်လိုဖျက်ဆီးလုပ်တာ မဟုတ်ပါဘူး။ အိုလံပစ်ပွဲတော် ကျင်းပခွင့်ရရေး ကြိုးပမ်းခဲ့တဲ့ တခြားပြိုင်ဘက်တွေကလည်း တောင်ကိုရီးယားဟာ အသင့်မဖြစ်သေးဘူးလို့ စောဒက တက်ခဲ့ကြပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ တောင်ကိုရီးယား အာဏာရှင် ချန်ဒူးဝမ်ဟာ ဒီမိုကရေစီ ထောက်ခံသူတွေကို သွေးထွက်သံယို နှိမ်နင်းလိမ့်မယ်ဆိုတဲ့ သံသယတွေကလည်း ကြီးထွားနေပါတယ်။

နိုင်ငံတကာလုံခြုံရေးတွေ အကူအညီနဲ့ ၁၉၈၇ ခုနှစ်မှာ တောင်ကိုရီးယားရဲ့ ပထမဆုံး လွတ်လပ်တဲ့ ရွေးကောက်ပွဲကို ကျင်းပခွင့်ရပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဆိုးလ်မြို့ကို တောင်ကိုရီးယားရဲ့ မြို့တော်အဖြစ် ပြန်လည်သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဆက်ရှိနေပြီး ဆိုးလ်မြို့မှာ သောင်းနဲ့ချီတဲ့ လူတွေကို ဖယ်ရှားခဲ့ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေနဲ့ မသန်စွမ်းသူတွေ အပါအဝင် အိုးမဲ့အိမ်မဲ့တွေကို ‘လျှို့ဝှက် အလုပ်အိမ်’ တွေဆီ အိုလံပစ်ပွဲ မတိုင်ခင် ပို့ဆောင်ထားခဲ့ပါတယ်။

နောက်နှစ်အနည်းငယ်အထိ လျှို့ဝှက်အလုပ်တွေမှာ ရာနဲ့ချီတဲ့ ရိုက်နှက်တာ၊ မုဒိမ်းကျင့်ခံရတာသာမက အသတ်ခံရတာတွေပါ ရှိခဲ့ပါတယ်။ အဲဒီ အိုးမဲ့အိမ်မဲ့တွေကို ကျွန်အလုပ်သမားတွေသဖွယ် ခိုင်းစေပြီး ဈေးသက်သာတဲ့ ပစ္စည်းတွေကို ထုတ်လုပ်ပြီး နိုင်ငံခြားကို တင်ပို့ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ကမှ တာဝန်ခံခြင်း မရှိပါဘူး။

ပေါင်းစည်းအသင်းနဲ့ အလံ

လာမယ့် ဆောင်းရာသီ အိုလံပစ်မှာ တောင်နဲ့ မြောက်ကိုရီးယားဟာ တစ်သင်းထဲ ပေါင်းပြီး ကစားကြဖို့ တချို့ အရာရှိတွေက အကြံပြုကြပါတယ်။ ဒါဆိုမယ့် အိုလံပစ် အားကစားပွဲတော်လို ပွဲကြီးမျိုးမှာတော့ တွဲဖက်ပြီး ပြိုင်ဖူးတာတော့ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။

ကိုရီးယား လေယာဉ် 858 ကို ဗုံးခွဲမှု ဖြစ်ပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ လျှော့ချရေးအတွက် တောင်နဲ့ မြောက် ပူးတွဲ စာပွဲတင် တင်းနစ်အသင်းကို ဖွဲ့စည်းဖူးပါတယ်။ တောင်နဲ့ မြောက်ကိုရီးယား ပူးတွဲအသင်းကို ၁၉၉၁ ခုနှစ်မှာ ဂျပန်နိုင်ငံ၊ ချီဘာမှာ ကျင်းပတဲ့ ကမ္ဘာ့ စားပွဲတင် တင်းနစ်ချန်ပီယံ ပြိုင်ပွဲကို ပို့ဆောင် ယှဉ်ပြိုင်စေခဲ့ပါတယ်။ မြောက်ကိုရီးယားက ရီပန်ဟွေနဲ့ တောင်ကိုရီးယားက ဟယွန် ဂျန်ဟွာတို့ဟာ တရုတ်ပြိုင်ဘက်ကို နိုင်ပြီး ရွှေတံဆိပ်ရခဲ့ပါတယ်။ ကိုရီးယားတွေဟာ အဖြူပေါ်မှာ ကိုရီးယား နှစ်နိုင်ငံလုံးရဲ့ အပြာရောင် မြေပုံပါတဲ့ အလံနဲ့ အားပေးခဲ့ကြပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ ပေါင်းစည်းအလံနဲ့ ချီတက်ပွဲတွေ မကြာခဏ လုပ်ဖူးပါတယ်။ ပထမဆုံးအကြိမ်က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ၂၀၀၀ ပြည့်နှစ်က ကျင်းပတဲ့ အားကစား ဖွင့်ပွဲ အခမ်းအနား မှာ ဖြစ်ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားက အားကစား သမားတွေဟာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ကျင်းပတဲ့ ၂၀၀၂ အာရှ အားကစားပွဲမှာလည်း အတူ ချီတက်ဖူးပါတယ်။ ၂၀၀၄ အေသင် အိုလံပစ်၊ ၂၀၀၆ တူရင် ဆောင်ရာသီ အိုလံပစ်နဲ့ တရုတ်နိုင်ငံ၊ ချန်ချွန်မြိုကမှာ ကျင်းပ ၂၀၀၇ အာရှ အားကစားပွဲတော်တို့မှာ အတူချီတက်ခဲ့ကြဖူးပါတယ်။

ဆင်ဆာဖြတ်ထားတဲ့ အားကစားရလဒ်နဲ့ ချွေးတပ်စခန်း

ရှားရှားပါးပါး ယှဉ်ပြိုင် ကစားမှုအဖြစ် ၁၉၉၁ ဖီဖာ ကမ္ဘာ့လူငယ် ဘောလုံး ချန်ပီယံလုပွဲမှာ တောင်နဲ့ မြောက်အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ဖူးပါတယ်။ အမျိုးသမီးပွဲစဉ်မှာ မြောက်ကိုရီးယားက တောင်ကိုရီးယားကို အနိုင်ရလေ့ရှိပြီး အမျိုးသားပွဲစဉ်မှာ တောင်ကိုရီးယားက နိုင်လေ့ရှိပါတယ်။

၂၀၁၄ အာရှ အားကစားပွဲမှာ မြောက်ကိုရီးယားအသင်းဟာ တောင်ကိုရီးယား အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးပါတယ်။ မြောက်ကိုရီးယားက နိုင်ငံတွင်းမှာ အဲဒီလို ရှုံးတဲ့ ရလဒ်မျိုးကို ဘယ်တော့မှ ထုတ်ပြန်လေ့ မရှိပါဘူး။ မြောက်ကိုရီးယား ပြည်သူတွေဟာ အားကစားပွဲ ရလဒ်တွေကို အစိုးရက ထုတ်ပြန်သလောက်ပဲ သိခွင့်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြည်ပ အားကစားပွဲတွေမှာ ရှုံးနိမ့်ခဲ့တဲ့ ရလဒ်တွေကို သမိုင်းစာအုပ်ထဲ မထည့်တာထက် ဆိုးတဲ့ဟာတွေ ရှိပါသေးတယ်။ ပြည်ပကို ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား ဂျူဒိုအဖွဲ့ဝင်တစ်ဦးရဲ့ ပြောကြားချက်အရ ၁၉၉၀ ဘေဂျင်း အာရှ အားကစားပွဲမှာ အနိုင်ရ မြောက်ကိုရီးယား ကစားသမားတွေဟာ တိုက်ခန်းနဲ့ ကားတွေ ရရှိပြီး ရှုံးလာတဲ့ မြောက်ကိုရီးယား ကစားသမားတွေဟာ ချွေးတပ်စခန်းတွေကို ပို့ပြီး အပြစ်ပေးခံရပါတယ်။

(MCN မှာ ဖော်ပြပြီး)

Leave a comment

Filed under Article, Politics

Leave a comment