ပူပြင်း၊ ပြားချပ်၊ ကျပ်ညပ်သော – အပိုင်း (၂)
ဘုန်းဝေညွန့်လူ
Hot, Flat and Crowded
စာအုပ်၏ ကျောရိုးအဆိုပြုချက်က အလွန်ရှင်းသည်။ အမေရိကတွင် ပြဿနာပေါ်နေသည်။ ကမ္ဘာကြီးတွင်လည်း ပြဿနာနှင့်။ မကြာသေးမီနှစ်များအတွင်း လမ်းပျောက်နေခဲ့ခြင်းက အမေရိက၏ပြဿနာ။ လမ်းပျောက်ရခြင်း အကြောင်းက ၉/၁၁ ကြောင့်ပါသလို၊လွန်ခဲ့သော အနှစ်သုံးဆယ်အတွင်း ကျွန်တော်တို့ မွေးမြူခဲ့သည့် အကျင့်ဆိုးများကလည်း တရားခံ။ စိန်ခေါ်မှုကြီးများကို ရင်ဆိုင်နိုင်မည့်ကျွန်တော်တို့လူ့အဖွဲ့အစည်း၏ အရည်အသွေးနှင့် စိတ်အားထက်သန်မှုကို အားနည်းယုတ်လျော့စေခဲ့သည့် အကျင့်ဆိုးများ။
ကမ္ဘာကြီးတွင်လည်း ပြဿနာရှိနေသည်။ ယင်းသည် `ပူပြင်း၊ ပြားချပ် ကျပ်ညပ်´ လာခြင်းဖြစ်သည်။ ယင်းသည် ကမ္ဘာကြီး ပူနွေးလာမှု Global Warming ပင်ဖြစ်သည်။ ကမ္ဘာ့နေရာအနှံ့အပြားတွင် လူလတ်တန်းစားများ အံ့ဘနန်း မြင့်တက်လာမှုနှင့် လူဦးရေမြန်မြန်ဆန်ဆန် တိုးပွားမှုတို့ ပေါင်းစည်းမိပြီး ကျွန်တော်တို့၏ကမ္ဘာမြေကို မတည် မငြိမ်ဖြစ်အောင် ကြောက်မက်ဖွယ်လုပ်ဆောင်နေသည့် ကမ္ဘာကြီး ပူနွေးလာမှု။ ပူပြင်း၊ ပြားချပ်၊ကျပ်ညပ်တို့ ပေါင်းစည်းမိခြင်းသည် စွမ်းအင်ရင်းမြစ်များ၏လည်မျိုကိုညှစ်၊ အပင်နှင့် တိရစ္ဆာန်တို့ မျိုးသုဉ်းပျောက်ကွယ်မှုတို့ကိုပြင်းထန်စေ၊ စွမ်းအင်ဆင်းရဲတွင်းကို နက်သထက်နက်စေ၊ ရေနံအာဏာရှင်စနစ်ကို ခိုင်မာစေ၊ ရာသီဥတု ပြောင်းလဲမှုကို အရှိန်မြှင့်တင်စေသည်။ ထိုသို့ ရောယှက်စီးဆင်းနေသည့် ဂလိုဘယ်ရေစီးကြောင်းများကို ကျွန်တော်တို့ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းက နှစ်ဆယ့်တစ်ရာစု ကမ္ဘာရှိ လူနေမှုဘဝသုခကို အဆုံးအဖြတ်ပေးသွားပေလိမ့်မည်။