Category Archives: Diary

ပရိုမိုးရှင်း … တဲ့လား

the-promotion

(Credit – fastcompany)

မနေ့က ဝိုင်းမှာ ကောင်မလေးတွေ ပုလင်း ပရိုမိုရှင်း လာဆင်းတယ် … စပြောကတည်းက ကွဲတော့တာပဲ … ကျမတို့ ဝီစကီက ရက်လေဘယ်ထက် ကောင်းပါတယ် တဲ့ …

အဲဒီတော့ မေးကြပြီလေ … ဆာဗေး ကောက်ထားတာလား … ဘယ်နှနှစ် စမ်းပြီးပြီလဲ … ဘယ်လောက် ရောင်းရပြီလဲ … စကော့တလန်က ထွက်တဲ့ ဝီစကီ ဘယ်လိုများ ထင်ထားလို့လဲ …
ဒါနဲ့ ကိုယ်လည်း စကားလမ်းကြောင်း ပြောင်းပါစေတော့လို့ ပုလင်းပြစမ်းပါဦး … အင်ဖော်မေးရှင်း ကြည့်မယ် … ပန်းဖလက်ပါလား …
ကောင်မလေးက ဝမ်းမြောက်ဝမ်းသာနဲ့ စွေ့ကနဲထွက်သွားပြီး လက်ကမ်းကြော်ငြာကလေး ယူလာပေးတယ် …
သောက်ခွေး … ဆီး ယူ အပ် သည်တော့ ပုံနဲ့ ပါမောက္ခ ဒေါက်တာ ဆရာကြီး နှစ်ယောက်ပုံက အောက်မှာ ပါသေးတယ် …
အေး … အေး … အဲဒီ ဆီးယူအပ်သည်တော့ ပုံ ထောက်ပြပြီး ဒီရုပ်နဲ့ ထည့်ပြီး ကြော်ငြာနေရင်တော့ အားမပေးသေးဘူး ပြောလိုက်တာ ကလေးမတွေ မျက်စိမျက်နှာ ပျက်သွားလိုက်တာများ … 😀
အတော်ညံ့တဲ့ မားကက်တင်း စီမံခန့်ခွဲမှု … အတော် သရီး ရှဲဒိုး နိုး အန်ဒါစတန်း ကလေးမတွေ … ဒုက္ခ …
ဝီစကီသမားတွေများ ဘယ်လို အောက်မေ့နေတယ် မသိဘူး … 😀
(မသကာ မော်ဒယ် အမိုက်စားလေးနဲ့ဆို ဟုတ်သေးဗျာ … ဝီစကီနေပါတယ်ဆိုမှ တိုက်ပုံးတွေနဲ့ပုံ လာကြော်ငြာ ပြရတယ်လို့ .. :D)
Like

Advertisements

Leave a comment

Filed under Diary, Uncategorized

ကြက်အသည်းအမြစ်

other-side

မြမြသီတဲ့ …
ကနေ့ အဒေါ်က မနက်က ဝါဆိုသင်္ကန်းကပ် ဆွမ်းကပ်အလှူ သွားတဲ့ အကြောင်း ပြောတယ် …
မိန်းမ တယောက်က ဝင်ပူးတယ်တဲ့ … စားရချည့် သောက်ရချည့်ဆိုပြီး မနက်ကတည်းက လာစောင့်နေတာ … စားချိန်ကျ ဘုန်းကြီးပွဲကျ ကြက်အသည်းအမြစ်တွေကို ဖွက်ထားလို့ သူက ဝင်ပူးရပါသတဲ့ …
နာမည် ဘယ်သူလဲဆိုတော့ မြမြသီတဲ့ …
ဝင်ပူးတဲ့ မိန်းမက ချက်ပြုတ်ရေးမှာ ဝင်ကူနေတာ …
ရောက်နေတဲ့ ဘိုးတော်ကိုလည်း ပူးရင်း ပြောသတဲ့ … ကျမက ဆရာ့တပည့်နော် … ဆရာသိတယ် မဟုတ်လားတဲ့ …
ကိုယ်ကတော့ ကျန်တာ မတွေးပါဘူး … ဓာတ်ရှင်မှ မဖမ်းလိုက်လေရလို့ … ဖမ်းပြီး ဖွဘုတ်တင်လိုက်ရ လန်းတော့မယ် …
ဟိုတလောက နဂါးပူးနဲ့ အခု ကြက်သည်း ကြက်မြစ်ရူး …
ခုထိုင်ရေးနေတာ အဲဒီအိမ်နဲ့ သိပ်မကွာဘူး … လာများကြည့်နေသလား မသိဘူးနော် … အဟား … 😀

Leave a comment

Filed under Diary, Uncategorized

ဘိအသစ်

sad_drunk_alcoholic

ခုတလော ဘိအသစ်မှာ ထိုင်ဖြစ်သည် … မနေ့ညနေ ကိုယ်က အရောက် အဖိုးကြီးတွေ ဟိုဘက်ဝိုင်းနဲ့ ဒီဘက်ဝိုင်း စကားများနေကြသည် … ရန်ထဖြစ်သည် … ဖြန်ဖြေသူက ဖြန်ဖြေသည် …
အဖိုးကြီးတယောက်က စိတ်ဆိုးဆိုးဖြင့် ထပြန်သွားသည် … အပေါက်ဝကနေ ကျန်အဖိုးကြီးများကို “မင်းတို့ အခြောက်ကောင်တွေ … ကေတီဗီ သွားမယ်ဆိုလည်း မလိုက်ဘူး … အလကားကောင်တွေ” ဟု ကြိမ်းမောင်းသည် …
သူတို့တွေ ထွက်သွားတော့ ကျန်ဝိုင်းက လူတွေက ပြုံးစိစိနဲ့ ကျန်ခဲ့သည် …
တယောက်က “ကိုယ်တွေ သူတို့အရွယ်ထိအောင် မိုက်နိုင်ပါ့မလား မသိဘူးဗျ” ဟု ဆိုသည် …
နောက်တယောက်က “ဟုတ်ပ … တော်တော် ဆော်နိုင်တဲ့ အဖိုးကြီးတွေဗျ … တခါတလေ ဝီစကီ အကြမ်းနဲ့ အချဉ်တထုပ်နဲ့ မြည်းချင်မြည်းတာ” ဟု ပြောသည် …
အဖိုးကြီးများနှင့် ရင်းနှီးနေသည့် လူကြီးတယောက်က “မိုက်ဆို သူတို့ထဲမှာ အငယ်ဆုံးက အသက် ၆၀ … ခုန ဒီနားထိုင်နေတဲ့ အဖိုးကြီးက ၇၅ နှစ်ဗျ” တဲ့ …
မိုက်သောသူသည် အသက်ရှည်၏ … 😀

Leave a comment

Filed under Diary, Uncategorized

ခြေတဖက် မရှိသူနှင့် သူ့တပည့်

ရုံးပိတ်ရက်တွင် ကျနော် ပျင်းပျင်းနှင့် ထိုင်နေသော ဘီယာဆိုင် မျက်နှာချင်းဆိုင်ရှိ ခုံးကျော်တံတားပေါ် တက်သည့် အုတ်လှေခါးထစ်တွင် သူတောင်းစား ၂ ဦးက လမ်းပိတ်ကာ ပိုင်ပိုင်နိုင်နိုင်ကြီး ထိုင်ချလိုက်သည်။ နှစ်ယောက်စလုံး မိုးမိထားပြီး ကြွက်စုတ်ဖြစ်နေသည်။
တယောက်က ခြေတဖက် ပြတ်နေသဖြင့် ခြေတုတပ်ထားသည်။ ချိုင်းထောက်မရှိ။ ချိုင်းထောက်အစား တောင်ဝှေးဆိုသည်ထက် ဝါးရင်းတုတ်ဟု ခေါ်ရမည့် တုတ်တိုကို ထောက်၍ ထောက်၍ သွားသည်။ ၎င်း၏ အားကိုးရာ လက်နက်လည်း ဖြစ်ပုံရသည်။ အသက် ၃၀ လောက် ရှိမည်။
ထိုလူထက် နည်းနည်း ငယ်ပုံရသော ကျန်တယောက်က ခြေလက် အကောင်းပကတိ။ ၎င်းတို့ကို အကဲခတ်ခြင်းအားဖြင့် ခြေတဖက် မရှိသူက ဆရာဖြစ်ပြီး လူကောင်းက တပည့်ဖြစ်သည်။ နှစ်ယောက်စလုံး တူညီသည့်အချက် အပေါစားအရက်များ၏ တန်ခိုးဖြင့် အရက်ဖော ဖောနေခြင်း ဖြစ်သည်။
အနှီ ဆရာတပည့် နှစ်ယောက်ကို ပြီးခဲ့သည့် နှစ်ရက် တမနက်ကပဲ လှည်းတန်းထိပ်မှာ တွေ့သေးသည်။ ခြေတဖက်မရှိ ဆရာဖြစ်သူက နောက်က တပည့်ကို ဟောက်ဟမ်း နေလိုက်သေးသည်။
အုတ်လှေခါးထစ်ပေါ် ခြေပစ်လက်ပစ် ထိုင်ပြီးလျှင် အင်္ကျီ ဝမ်းဗိုက်ထဲ ထိုးထည့်ထားသော တောင်းရမ်းထားသည့် ငွေများကို နှိုက်နှိုက်ထုတ်သည်။ တပည့်ဖြစ်သူက ရေတွက်သည်။ တထောင်တန် အပြဲကို မြှောက်ပြကာ ရယ်ကြသည်။
ခုံးတံတားပေါ်က ဖြတ်ဆင်းမည့် မိန်းကလေးတွေ အပါအဝင် တော်တော်များများက သူတို့ လမ်းပိတ် ထိုင်နေသဖြင့် ကွေ့ပတ်ကာ ဆင်းကြရသည်။
နေ့တွက် အတော်ကိုက်လာပုံရသည်။ ရှယ်ယာခွဲကြသည်။ ခြေတဖက် မရှိသူက ဝတ်ထားသည့် ညစ်ထေးထေး အင်္ကျီကို ချွတ်ပစ်သည်။
တပည့်ဖြစ်သူက ချိုင်းကြားကို ချွေးသုတ်ပေးသည်။ ထို့နောက် အင်္ကျီကို နံဘေး မြက်ခင်းပေါ် လွှင့်ပစ်လိုက်သည်။ တပည့်ဖြစ်သူက ပလတ်စတစ်အိတ်ထဲမှာ စပို့ရှပ် နက်ပြာတထည်ကို ထုတ်လိုက်သည်။ ကြိုက်တာယူ ၅ ထောင် ဆိုင်က ဝယ်လာပုံရသည်။
ခြေတဖက် မရှိသူက အင်္ကျီသစ်ကို ဝတ်သည်။ ဝါးရင်းတုတ်တွင် လျှိုထားသော တယောက်ယောက်က သနားသဖြင့် ပေးလိုက်ပုံရသည့် စားစရာအထုပ်ကို လွှင့်ပစ်လိုက်သည်။ ပုဆိုးကို ၄ ပတ်၊ ၅ ပတ်လိမ်ကာ ဝတ်သည်။ စီစီရီရီ ထပ်ထားသည့် ရှယ်ယာ ပိုက်ဆံကို အင်္ကျီဗိုက်ထဲ တဖန် ပြန်ထည့်သည်။
ထို့နောက် ဆရာတပည့်နှစ်ယောက် ရင်ကော့ကာ လှည်းတန်းဘူတာသို့ ထွက်သွားလေသည်။ ဘယ်ရထားစီးပြီး ဘယ်ဘုံဆိုင်မှာ ဂိတ်ထိုးမည်တော့ မသိ။
နေ့တွက် အတော်ကိုက်လာပုံရသည်။

Leave a comment

Filed under Diary, Uncategorized

ဆီးသီးဗန်း နောက်ဆက်တွဲ

12376664_10208787095772547_4078292285182330982_n

လေးထပ်မြောက်မှာ ရှိတဲ့ မအဲ အိမ်ရဲ့ အိပ်ခန်း တခန်းက ပြတင်းပေါက် တခုရဲ့ တပေခွဲပတ်လည် အပေါ် တံခါးအသေး အချပ်လိုက်.. မနေ့ နေ့လည်က တိုက်အောက် ပြုကျသွားသတဲ့ … ကိုယ်တွေလည်း မသိလိုက် … အောက်ထပ်က ပြောမှသိတယ် …
အဲဒီအခန်းမှာက တံခါးတွေလည်း မဖွင့် … လူလည်း မအိပ် … အဝတ်လှမ်းထားတာနဲ့ အလှပြင်ခုံပဲ ရှိတယ် …

ပြုတ်ကျရတဲ့ အကြောင်းရင်းက လေတိုက်လို့တဲ့ …

လေတိုက်ရုံနဲ့ ပြုတ်ကျစရာလား ဆိုတော့ တိုက်ကလူတွေက ပြောလေရဲ့ … အဲဒီ ပတ္တာတပ်ရမယ့် တံခါးသေးသေးလေးတွေကို ပတ္တာ မတပ်၊ သံမရိုက်ဘဲ ဒီတိုင်း စွပ်ရုံ စွပ်ထားကြသတဲ့ … ရာသီဥတု ပြောင်းတော့ အပေါစား သစ်သားတွေက ကြုံ့ဝင် … ဖစ်တင်တွေက မကျတော့ဘဲ ချောင်လာ … အဲဒီတော့ လေတိုက်ရုံနဲ့ ပြုတ်ကျ …

အောက်မှာ ကလေးတွေ ဆော့နေကျ … မနေ့ကတော့ လေပြင်းလို့ လူကြီးတွေက မဆော့ခိုင်းလို့ မထွက်တာတဲ့ … မဟုတ်ရင် ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်တော့မယ် …

တော်သေးတာပေါ့ … ရှေ့ဘက်ကသာ ကျလို့ရှိရင် အောက်က ရပ်ထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ထိပြီ … စားစရာမရှိ … လျော်စရာ ရှိနေရဦးမယ် …

အိမ်ကို စပြောင်းခါစတုန်းက အိမ်သာထဲက လေထွက်ပေါက် မှန်ကိုကျ အသေရိုက်ပိတ်ထားလို့ ကျွဲသတ်သလို တူရွင်းနဲ့ မနည်း ကလော်ထုတ်ခဲ့ရသေးတယ်

သြော် … ဆီးသီးဗန်း … ဆီးသီးဗန်း …

Leave a comment

Filed under Diary

ကျွန်ုပ်နှင့် ပေတံများ

 

ကျွန်ုပ်နှင့် ပေတံများ

-အစွန်းရောက် အမျိုးသားရေး ဝါဒနဲ့ လူ့အခွင့်အရေး အားပြိုင်မှုရဲ့ အတိုင်းအတာကို ကြည့်ချင်ရင် ရိုဟင်ဂျာ/ဘင်္ဂါလီ ကိစ္စတွေကို ကြည့် …။
-အခြေခံလူတန်းစားတွေရဲ့ ဗဟုသုတ ရေချိန်နဲ့ စစ်တပ်/ခရိုနီတွေကို မုန်းတီးမှု စိတ်ထုထည်ကို ကြည့်ချင်ရင် သူရိယအလင်း/သူရိယနေဝန်း ဂျာနယ် ဖြစ်ပေါ်တိုးတက်မှုကို ကြည့် …။
-မြန်မာ့ ပညာရေးစနစ်ရဲ့ ပျက်စီးမှုနဲ့ လူ့စွမ်းအား အရင်းအမြစ် ပျောက်ဆုံးမှုကို ကြည့်ချင်ရင် အလုပ်လက်မဲ့ လူငယ်တွေနဲ့ ပြည်တွင်းဖြစ်ဘွဲ့ အဆင့်မြင့်သလောက် အရည်အချင်းပါမလာတဲ့ ပညာတတ်တွေကို ကြည့် …။
-မြန်မာပြည် လူနေမှု အဆင့်အတန်း ပြောင်းလဲလာမှုကို တိုင်းတာကြည့်ချင်ရင် ဆင်ခြေဖုံး ရပ်ကွက်တွေထဲမှာတောင် အပြိုင်းအရိုင်းပေါ်လာတဲ့ ကန်ထရိုက် တိုက်တွေနဲ့ အိမ်သာ မရှိသေးတဲ့ / အိမ်သာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် မဆောက်ကြသေးတဲ့ တောရွာတွေကို ကြည့် …။
-ပရော်ဖက်ရှင်လစ်ဇင်ကို နားလည်မှုနဲ့ လူမှန်နေရာမှန်ဟုတ်မဟုတ် ကိုယ်ဖာသာ မသိတဲ့လူတွေ ရှိမရှိ သိချင်ရင် ဖေ့စ်ဘုတ်ပေါ်က ဗရမ်းဗတာ ဂျာနယ်လစ်တချို့နဲ့ စစ်တပ်+လွှတ်တော်ကို ကြည့် …။
-လေတလုံး မိုးတလုံးနဲ့ ကိုယ်ပြောသလို ဘယ်တော့မှ မလုပ်တဲ့သူကို ကြည့်ချင်ရင် ကျုပ်ကိုသာ ကြည့် …။

သင်ကာ
နိုဝင်ဘာ ၂၀၁၃

Leave a comment

Filed under Diary

hypocrite

ဟိုဘက်က ဒီလို ဖြစ်နေတာ … ဒီဘက်က ဟိုလို ဖြစ်နေတာဆိုပြီး ပြောလို့ရတဲ့နေရာမှန်သမျှကနေ အာချောင်နေကြတဲ့သူတွေ အကုန်လုံးဟာ (ကျုပ်အပါအဝင်) လွတ်လွတ်ကျွတ်ကျွတ်ကနေ သောက်မှန်းကန်းလန်း မသိကြတဲ့ သောက်ရေးမပါတဲ့ သူတွေချည်းပဲ …။ ကိုယ့်အထိုင်ကနေ ဖင်နေရာမပျက်ဘဲ ထင်ရာမြင်ရာ ပေါက်ပေါက်ဖောက်နေကြတာ …။ တကယ်သွား၊ တကယ်လုပ်၊ တကယ် အခင်းဖြစ်ရာမှာ ရှိတဲ့သူတွေတောင် အခြေအနေကို ဃဂနဏ သိဖို့ ကြိုးပမ်းနေတုန်း။

*****

ဤသို့ ရဲရဲတောက် ပြောပြီး သကာလ ထိုထို ဖြစ်နေသည်များကို ခနချင်းပင် မဆိုင်သကဲ့သို့ မေ့ပျောက်ပြီးလျှင် ဘီယာပုလင်းဖောက် … အမြည်းကလေးများ ပြင်ဆင်ကာ … မကြာသေးခင်က ခိုးကူးထားသည့် ရုပ်ရှင်ကလေးနှင့် နှစ်ပါးသွားရန် အသင့်ပြင်ထားသော ကျွန်ုပ် ကိုသင်ကာကဲ့သို့သော သောက်သုံး မကျ၊ လူ့ပျံကျ ဝင်္ကန္တတွေ ဘယ့်ဂလောက်များမည်ဟူ၍ စဉ်းစားဆင်ခြင်တော်မူကြပါကုန် … (သောက်ရေး တခွက်မှ မပါသည့် လောကကြီးပေတကား)

သင်ကာ
အောက်တိုဘာ ၂၇၊ ၂၀၁၂

Leave a comment

Filed under Diary