Category Archives: Blogging

ကိုယ်တွေးတာ ကိုယ်ရေးတာပဲ

ဖေ့စ်ဘုတ်က အားယားနေလို့ သုံးတာ မဟုတ် … အလုပ်သဘောအရကိုက သုံးနေရတာ … ။ (ဘလော့ဂ်ခေတ်မှာလည်း ထို့အတူ)

မိုက်ခဲ့ မဲခဲ့တာတွေလည်း အဆုံးပေါ့ … ခုက အသက် ၄၀ ရှိပြီ … အသစ်တွေက ရင်ဘတ်ထဲက မဝင်ဘဲ ခေါင်းထဲက ပြောင်း ဝင်တယ် … လက်သီးက ပြန်ထွက်ချင်တာလည်း ရှိတယ် …။

စိတ်ကတော့ ဆယ်စုနှစ် ၄၀ ကြာ အချဉ်တည်မှ တယ်စားကောင်းမယ် မဟုတ်ဘူး ထင်မိတာပဲ …။ ကိုယ့်ဖြတ်သန်းမှုက ကန့်လန့်လား … ခေတ် စနစ်ပေါ် ကိုယ်က ပြုတ်ကျတာလား … ဒါမှမဟုတ် လူရည်ချွန်တွေကြား ကျောင်းပြေးနေကျ ကျုပ်က သူပုန်စိတ် မပျောက်တာလား …။

ခုထိ ပြောင်းလဲလို့ မဆုံးသေးတာကို ကြိုက်ပါတယ် … ဖြစ်တည်မှုကို ရှာတုန်း …။

Continue reading

Leave a comment

Filed under Blogging, Essay

ကန့်လန့်တွေးခြင်း

ခုနေ ဆရာကြီး ဆင်မြူယယ် ဟန်တင်တန် ရှိနေရင် “ဘာသာတရားများ ချွန်ထွက် တိုးတိုက်မိခြင်း” လို့များ ရေးဦးလေမလား … ဆရာကြီးတော့ IS ကို ကြောက်လို့ အတော် စဉ်းစားမယ် ထင်တယ် …

ခုရှိနေတဲ့ ဆရာ ဂျက်ဖရီ ဆက်စ်ကလည်း “သည် အန့် အော့ဖ် UN နိုက်ဇေးရှင်း” ရေးလေမလား … ဒီတစ်ခေါက်ကျရင် ဘိုနိုက အမှာစာ မရေးဘဲ တရုတ်နဲ့ ရုရှားက ပူးတွဲ ရေးလိမ့်မယ် …

ဆရာ ဖရန်စစ် ဖူကူယားမားကတော့ ” နျူကလီးယား အစ၊ လူသား၏ နိဂုံး” လို့ ရေးဖို့ စဉ်းစားနေလောက်ပြီ … ကင်ဂျုံအန်းက အင်တာဗျူး ပေးမှာ သေချာတယ် …

နောက်တက် ဆရာတွေကတော့ “ဗုဒ္ဓဇ္ဇင်းကို အလယ်ပြု၍ ခရစ္စယာန်နှင့် အစ္စလာမ် ဝိတ်ချိန်ခြင်း” လို့ ရေးလိမ့်မယ် ထင်တယ် … အဲ … အမေးခံ … ဆာဗေး အလုပ်ခံချင်သူတွေတော့ တန်းစီနေမှာ …

ကျုပ်ကတော့ အိမ်ဘေး ပတ်ဝန်းကျင်က အကြောင်းလေးတွေ ရေးမယ် … “အသံ” တဲ့ …

ဘာဆက် ကြည့်နေတာလဲ … နောက်နေ့မှ ဖတ်လေ … 🙂

Leave a comment

Filed under Blogging

ဦးနိပုဏနဲ့ ဦးသာသန

20728276_10213638377971570_6051988392169355130_n

၈၈ ပြီးကာစမှာ အဘွားက သားယောက်ျား မြေးတွေအပြင် ကိတ္တိမသားတွေလည်း တပြုံကြီး ရှင်ပြုတယ် … မြေးမတွေကို နားသတယ် … ကျုပ်က ရှင်ပြုရင် မြင်းစီးချင်တာ … အဲဒါကို ငြိမ်ပိက လူစုလူဝေး ဖြစ်မစိုးလို့ဆိုပြီး ရှင်ပြုကို မြင်းနဲ့ မလှည့်ရဘူးတဲ့ …

ကျုပ်ဆိုသည်မှာလည်း မြင်းမစီးရလို့ စိတ်ကောက် … အဘွား၊ အမေ၊ အဒေါ်တွေက ချော့တော့ လူကြီးတစ်ယောက်ရဲ့ ဂုတ်ပေါ် ခွစီးပြီး ရှင်းလောင်းလှည့်ရတာပါပဲ …

၈၈ အပြီးမှာ အခြေခံ လူတန်းစားတွေကလည်း အဆင်မပြေကြရှာဘူး … အဘွားက ထမင်းရည်ချောင်းစီးလှူတာ … အဖေ့ဘက်က ပညာတတ်တယ် နွမ်းပါးတယ် … အမေ့ဘက်က ပညာတတ် မဟုတ် … ကြေးရတတ် … အခု အဘွားက အမေ့ဘက်က … ခုထိ ရှိသေး

Continue reading

Leave a comment

Filed under Blogging, Culture, Obituary, Religion

အနစ်နာခံကြရင်းပဲ လွဲကုန်တာ

corn_husk_570xxxx

တချို့ကိစ္စတွေက အနစ်နာခံတယ်လို့ တဖက်က အမြင် …။ ဒါပေသိ တခြား တဖက်ကလည်း ပြောရခက်ကြီး … နာပြန်တယ်လို့ ထင်တာကလား …။

ကျနော်နဲ့ ကျနော့်ဦးလေး ပြောင်းဖူး ဝယ်စားတာကြည့် …

ကိုယ်က ရှေ့သွား နာနေလို့ ပြောင်းဖူးကို စားချင်လှချည့်ဆိုပြီး … တခြားသူတွေ အတွက်ပါ ပိုဝယ်လာ …

ရှေ့သွားနဲ့ ကိုက်မရတော့ … လက်နဲ့ ဖဲ့ပြီး မြောင်းကေးလဖော် … ကျန်တာ အတွဲလိုက် ခြွေမယ်ပေါ့ ..

ပြောင်းဖူး ထက်ပိုင်းချိုး … မြောင်းဖော်လေး ထားခဲ့ပြီး ရေချိုးဖို့ ဝင်သွား …

ဦးလေးကလည်း အနစ်နာခံသူအနေနဲ့ ပြောင်းဖူးကို အသစ်မစားဘဲ ကိုယ်မြောင်းဖော်ထားတဲ့ ပြောင်းဖူးကို ကောက်စား …

သူက ချိုးထားတဲ့ စားပြီးသားကလေး စားလိုက်တယ်ပြောပြီး ပြန်သွား …

ကဲ … ဘယ့်နှယ့်ရှိစ …

သူ့အထင် သူကလည်း ပြောင်းဖူးစားပြီးသားလေး စားတယ်ပေါ့ … ကိုယ့်မလည်း ပြောင်းဖူး မြောင်းဖော်ပြီး လက်နဲ့ ဖဲ့ဖို့က ဝန်လေး … မြောင်းဖော်နေရင် စာဘယ်နှယ့် ရိုက်မတုန်းဗျ …

တခါတခါတော့လည်း ဖြစ်တတ်ပါတယ် … အနစ်နာခံကြရင်းပဲ လွဲကုန်တာ …

Leave a comment

Filed under Blogging, Thought

The End User

ကျနော်ကတော့ ယူနီကုဒ်ရော ဇော်ဂျီရော သုံးတယ် … တချိန်တုန်းက ကိုယ့် Blog ကို ယူနီကုဒ်နဲ့ပဲ နှစ်ချီ ရေးဖူးတယ် …

ယူနီကုဒ် စနစ်သုံး ဖောင့်တွေသုံးရတာ အတော်သဘောကျတယ် … စာရိုက်ရတာလည်း စမတ်ကျတယ် … စာမူတချို့ကိုလည်း ယူနီကုဒ်နဲ့ သိမ်းထားတယ် …

မြန်မာ ဝီကီပီဒီယားမှာဆို ယူနီကုဒ်ဖောင့်နဲ့ပဲ အများကြီး ရေးခဲ့ … တည်းခဲ့တယ် … ခုလည်း မေ့လောက်ရင် တခါ သံယောဇဉ် မပြတ်လို့ သွားသွားကြည့်ပြီး လိုတာ ဝင်လုပ်တုန်းပဲ …

ဒါပေမယ့် အလုပ်အတွက် စာမူတည်းဖြတ်တာ … ချတ်တင်ပြောတာ … ဖုန်းကနေ သုံးတာ … အခု ဖေ့စ်ဘုတ်မှာ စာတင်တာ ရေးတာတွေကတော့ ဇော်ဂျီကိုသာ မဖြစ်မနေသုံးနေရဆဲပဲ …

End user တယောက်အနေနဲ့ကတော့ လှေတတန် လှည်းတဖုံ အဆင်ပြေအောင် သုံးနေရဆဲပဲ …

Font Converter အနေနဲ့က ဒီဆိုဒ်လေးကို လက်တို့ချင်ပါတယ်။

 

Leave a comment

Filed under Blogging, IT & Blogging

ဖိနပ် ကုသိုလ်

myanmar-2134739__340xxx

လွန်ခဲ့တဲ့ နှစ်များစွာတုန်းကပါ …။

မြေနီကုန်းထိပ်မှာ ဖိနပ်ပြတ်လို့ဆိုပြီး ဖိနပ်ဖိုး အလှူခံခံနေရတဲ့ သင်္ကန်းဝတ်တပါးကို သတိထားမိကြောင်း ရုံးက ဘော်ဒါတယောက်နဲ့ စကားစပ်မိတယ်။ ကိုယ့်ရုံးနားဆိုတော့ အခေါက်ခေါက် ဖြတ်နေရတာမို့ သူ့ဆီလည်း အလှူခံဖူးတယ်၊ ကျနော့်ဆီလည်း အလှူခံဖူးတယ်ဆိုတာ ပေါ်လာတယ်။ ဒီကိုယ်တော်ကတော့ အတူတူပဲ၊ တပါးတည်းပဲ။ ပြောရရင် ဖိနပ်ပြတ်တယ်ဆိုပြီး ဖိနပ်ဖိုးကို လိမ်တောင်းနေတာပဲ။

တနေ့တော့ ရုံးမှာ ရုံးက ဘရားသားကြီးက ဖိနပ်ပြတ်နေတဲ့ ကိုယ်တော်ကို ဖိနပ်ဖိုးလှူခဲ့ရလို့ သူအတိုင်းမသိ ဝမ်းသာကြောင်း ကုသိုလ်မျှတယ်။ “မြေနီကုန်း ထိပ်ကလား” ဆိုတော့ “ဟုတ်တယ်” တဲ့။ ကိုယ့်ဘော်ဒါကို အသာလက်ကုတ်ပြီး မပြောဖို့ အချက်ပြလိုက်တယ်။ ကွယ်ရာကျတော့ သူလည်း အလိမ်ထိလာပြီးဆိုတော့ ရယ်မိကြပေမယ့် မပြောပြဖို့ သဘောတူလိုက်တယ်

ပြောလိုက်ရင် သူ့စိတ်သဏ္ဍန်မှာ ရှိပြီးသား ကုသိုလ်တွေ ပျက်ပြယ်မယ်၊ ပြီးတော့ ဒေါသဖြစ်ရင် အကုသိုလ်က အဆစ်ဖြစ်ဦးမယ်။ မပြောဘဲ နှုတ်ဆိတ်နေလိုက်တော့ သူ့ကုသိုလ် တကယ်ရတယ်ပဲ ခုထိ သူထင်နေတယ်။

Leave a comment

Filed under Blogging, Religion

for Blog Day

(၁) တဂျ

ကိုအောင် (ပျူနိုင်ငံ) က Tag (တဂ်) ထားတယ်လို့ အကြောင်းကြားပါတယ်။ သူရေးထားတဲ့ ဘလော့ဂ်ဒေးအတွက် အမှတ်တရများ အပိုင်း ၃ ပိုင်းကိုလည်း သေချာဖတ်ကြည့်တယ်။ လွမ်းစရာ ဘလော့ဂ် လောကကြီးကို ပြန်တွေ့တယ်။

ဟိုတုန်းက (၂၀၀၈၊ ၂၀၀၉ လောက်က) တယောက်နဲ့တယောက် တဂ်တဲ့ ယဉ်ကျေးမှု အတော်ကြီး ထွန်းကားခဲ့ဖူးပါတယ်။ (တဂ်ထားတယ်ဗျို့ဆိုပြီး ကိုပီကေက ဘလော့ဂ်တခုတောင် ထောင်ပေးထားခဲ့ပါတယ်။ ခုတော့ ကိုပီကေကြီးလည်း ဘုန်းကြီးဝတ်သွားတယ်ဆိုလား၊ ဆိုင်းမဆင့် ဗုံမဆင့် ပျောက်သွားသလို တဂ်ဘလော့ဂ်လည်း အသက်မဝင်တော့တာ ကြာပါပြီ။) တကြိမ်မှာတော့ တဂ်တိုင်းမရေးနိုင်လို့ မတဂ်ပါနဲ့လို့ ထပြောသူပြော စိတ်မကောင်းဖြစ်သူဖြစ်ကြရာကနေ အထင်လွဲအခင်လွဲတွေ ဖြစ်ကြရဖူးပါတယ်။

(၂) မြန်မာဘလော့ဂ်လောက

မြန်မာဘလော့ဂ်လောက ဝုန်းကနဲ ကြီးထွားသွားတာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလနဲ့ ၂၀၀၈ ဆိုင်ကလုန်းနာဂစ် ကာလတွေမှာပါ။ အခုတော့ မှန်တန်း တိုးတက်နေတယ်လို့ ထင်ပါတယ်။

ကျနော်က ၂၀၀၅ ကတည်းက ဘလော့ဂ်ကို ကလိနေပါပြီ။ ဒါပေမယ့် အဖြစ်မရှိ။ ၂၀၀၆ မှာ ရေးပြန်သည်။ ဒါပေမယ့် မြန်မာစာ မရိုက်တတ်သေး။ ၂၀၀၇ မှာမှ စိတ်က ဇောသန်လွန်းတာနှင့် မြန်မာစာလည်း ရိုက်တတ်သွားပြီး ဘလော်ဂါ စစ်စစ်ဖြစ်လာပါတယ်။

ဘလော့ဂ်လုပ်နည်းတွေ ရေးနည်းတွေ ကိုညီလင်းဆက်၊ ကိုမောင်လှတို့လို ပိုင်အိုးနီးယားကြီးတွေဆီက သွားသွားဖတ်၊ ကလိပေါ့။

အဲဒီတုန်းက ဘလော့ဂ်လောကဟာ ပျော်စရာကြီး။ အသိုင်းအဝိုင်းတွေ အချိတ်အဆက်တွေလည်း ကျယ်လာကြ။ လူတွေလည်း မနည်းဘူး။ စာရေးကောင်းတဲ့သူတွေ၊ စာဖတ်နာတဲ့သူတွေ၊ ခေသူမဟုတ်တွေ အများကြီး ထွက်ခဲ့တာပေါ့။

အဲဒီတုန်းက တည့်လိုက်ကြ တပြုံးပြုံး ရန်ဖြစ်ကြ တဝုန်းဝုန်းပေါ့။ နိုင်ငံရေးဘလော့ဂ်တွေရဲ့ ဘလော့ဂ် စစ်ထိုးပွဲတွေကလည်း ပရိသတ် တရုန်ရုန်းနဲ့ပါပဲ။

အများစုက ဘလော့ဂ်လောကကနေ အသံမပေးဘဲ ခြေရာပျောက်သွားကြတယ်။ တချို့က အနားယူသွားကြတယ်။ အနည်းစုလောက်ပဲ ပုံမှန်ဆက်ရေးကြပေမယ့် သိပ်မသွက်နိုင်ကြတော့ဘူး။

Continue reading

5 Comments

Filed under Blogging