ဦးဇဋိ (၂)

ဦးဇဋိနှင့် ဦးပဏ္ဍိ

နိုင်ငံရေး အလှုပ်အရမ်းတွေကြောင့် တက္ကသိုလ်တွေ ရက်ရှည်ပိတ်သည့်ကာလ ဆွေမျိုးတဦး၏ ဆက်ပေးမှုနှင့် တက္ကသိုလ်ကျောင်းသား မောင်ဘုန်းလည်း ထိုကျောင်းတိုက်မှာ သင်္ကန်းစည်းဖြစ်သည်။ မောင်ဘုန်း၏ ဘွဲ့နာမည်က “ဦးပဏ္ဍိ” ဖြစ်၏။ ကျောင်းမဖွင့်သေးသည်အထိ လေး၊ ငါး၊ ခြောက်လ ဝတ်မည်ဟု မောင်ဘုန်း တဖြစ်လဲ ဦးပဏ္ဍိက အားခဲထားသည်။

ဦးဇဋိက ကျောင်းတိုက်သို့ ဦးပဏ္ဍိ မရောက်မီ သုံးလလောက် ကြိုရောက်နှင့်သည်။ ဘယ်လို အဆက်အသွယ်နှင့် ရောက်လာ သီတင်းသုံးသည်ကိုတော့ ဦးပဏ္ဍိ မသိ။ ဦးဇဋိက မောင်ဘုန်း ခေါ် ဦးပဏ္ဍိကို တက္ကသိုလ်ကျောင်းသားကနေ လာဝတ်တဲ့ ဦးပဉ္ဇင်းလေးဟု အရောတဝင် မေးပြော ဆက်ဆံသည်။

ဦးဇဋိကို ကိုရင်တွေ၊ ဦးပဉ္ဇင်းငယ်တွေက ရှောင်ဖယ် ရှောင်ဖယ် လုပ်ကြတာ ဦးပဏ္ဍိ သတိထားမိသည်။ ဦးဇဋိက သက်ကြီးဝါကြီး ကျောင်းထိုင် ဆရာတော်၊ တိုက်အုပ်ဘုန်းကြီးတွေနှင့် အဆင်ပြေသော်လည်း အများစုဖြစ်သည့် ကိုရင်ကြီး၊ ကိုရင်ငယ်တွေနှင့်က သိပ် ထိထိတွေ့တွေ့ မရှိသဖြင့် ထီးတည်းကြီးလို ဖြစ်နေသည်။

ပြောရလျှင် နယ်သားချင်းတူ၊ စကားဝဲတာချင်းတူ၊ တပါးအကြောင်း တပါးသိသည့် ကိုရင်ကြီး၊ ကိုရင်ငယ်၊ ဦးပဉ္ဇင်းငယ်တွေနှင့် သူက သတ်သတ်စီလို ဖြစ်နေတတ်သည်။

ဦးဇဋိက မနက် အာရုံဆွမ်းစားပြီးလျှင် ကိုရင်ကြီး၊ ကိုရင်ငယ်တွေ ဆွမ်းခံ မထွက်မီ စာတဝါ ပို့ချသည်။ ထို့နောက် စာဝါဖြုတ်ကာ အပေါ် ခြုံထည်ပတ်လျက် ကျောင်းပြင်ထွက်သွားတတ်သည်။ ၁၀ နာရီ၊ ၁၀ နာရီခွဲလောက် ရောက်မှ သူ့ထုံးစံအတိုင်း လက်နောက်ပစ်၊ ကွမ်းကို အံကြိတ်ငုံကာ ပြန်ကြွလာတတ်သည်။

နေ့ဆွမ်းစား၊ တရေးတမော ကျိန်း (အိပ်) ပြီးလျှင် ဘောပင်တချောင်း၊ စာရွက်တွေနှင့် တကုပ်ကုပ် အလုပ်ရှုပ်နေတတ်သည်။ တချို့ရက်တွေဆိုလျှင် နေ့ခင်းမကျိန်းဘဲ တကုပ်ကုပ်နှင့် ရေးလိုက်၊ ခေါင်းကုတ်လိုက်၊ စဉ်းစားလိုက် လုပ်နေတတ်သည်။

နောက်တော့ သိရသည်မှာ စာဝါ ကိစ္စမရှိလျှင် သူ အတော် စိတ်ဝင်စားသည်မှာ နှစ်လုံး၊ သုံးလုံး ဂဏန်း တွက်ခြင်းကိစ္စ ဖြစ်သည်၊ အပတ်တကုပ် တွက်ချက်နေတတ်သည် ဆိုသည်မှာ ထိုကိစ္စဖြစ်သည်။ ထို့ကြောင့် ဦဇဋိ မေးရိုးထောင်အောင် အံကြိတ်ထားသည်မှာ နှစ်လုံး၊ သုံးလုံးနှင့် ပတ်သက်၍ အံကြိတ်ထားခြင်းမျိုး ဖြစ်နိုင်သည်ဟု ဦးပဏ္ဍိ စဉ်းစားမိသည်။

==

အမှတ်တရထဲက ဦးဇဋိ

တဖြည်းဖြည်းချင်း ခင်မင်လာတော့ ဦးဇဋိ ဇာတိက ဧရာဝတီတိုင်းထဲက မြို့တမြို့ဟု သိလာသည်။

ဦးဇဋိက အငယ်ဆုံးသား ဖြစ်ကာ မိခင်ဆုံးပြီးနောက် သူ အသက် ခြောက်နှစ်ကတည်းက ရွာဦး ဘုန်းကြီးကျောင်းကို ရောက်လာသည်။ ငယ်လွန်းသည့် အသက်အရွယ်မှာ ဤရွာဦးဘုန်းကြီးကျောင်းကို ရောက်လာခြင်းအတွက် အဆိုးရော အကောင်းပါ နှစ်ခုစလုံးကို ဦးဇဋိ ရခဲ့သည်ဟု ဆိုနိုင်သည်။

အဆိုးမှာ ဦးဇဋိ၏ လက်ဦးဆရာ ရွာဦးဘုန်းကြီးသည် အလွန်ဒေါသကြီးကာ အရိုက်အနှက်သန်ခြင်း ဖြစ်သည်။ ထိုအမွေကြောင့်ပင် ဦးဇဋိလည်း စာဝါပို့ချသည့်အခါ အလွန်ဒေါသကြီးပြီး အရိုက်အနှက်သန်သူဖြစ်လာပြီး အကောင်းကတော့ ဘုန်းကြီးကို ကြောက်ရသဖြင့် ဦးဇဋိမှာ ငယ်ငယ်ရွယ်ရွယ်နှင့် စာတတ်ဘုန်းကြီး ဖြစ်လာခြင်းပင်။

ဦးဇဋိ၏ ဘဝအစ သူ့ကိုယ်သူ ဘာမှ ဝေဖန် စဉ်းစားမှု မပြုနိုင်သေးသည့် အသက် ၆ နှစ်ခန့်မှာပင် မိဘမဲ့ တဦးဖြစ်ခဲ့ပြီး ဘုန်းကြီးကျောင်းမှာ မှီခိုရသည်။ စည်းကမ်းပြင်းထန်လွန်းသည့် လက်ဦးဆရာနှင့် ကြုံရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် စာတတ်ပေတတ် ဖြစ်လာသည်။ သူသည်လည်း အရွယ်ရောက်သော် စာတတ်ပေတတ် ဘုန်းကြီးဂွစာကလေး ဖြစ်လာသည်။ ဤသို့ပင် ဦးဇဋိ စာပေတတ်ခဲ့မှုအကြောင်းကို အနှစ်ချုပ်ရမည်။

လူထူးလူဆန်း၊ ဘုန်းကြီးထူး ဘုန်းကြီးဆန်း ဖြစ်သည်။ သိရခက်သည်။ ထက်မြက်သည်။ သို့သော် ဦးဇဋိသည် မောင်ဘုန်း ခေါ် ဦးပဏ္ဍိ အမြင်တွင် လမ်းပျောက်နေသည့် ဦးပဉ္ဇင်းတပါး ဖြစ်နေသည်။

ဦးဇဋိ ဘယ်ကလာ၍ ဘယ်ကို သွားခဲ့သနည်း။ ဘယ်လိုစ၍ ဘယ်လို ဆုံးသွားသနည်း။ တက္ကသိုလ်ကျောင်းသား မောင်ဘုန်း ခေါ် ဦးပဏ္ဍိ သင်္ကန်းဝတ်ခဲ့စဉ်ကာလ နှစ်နှစ် သို့မဟုတ် နှစ်ဝါတာ ကာလသာ ဆုံခဲ့ကြုံခဲ့သည်ဖြစ်ခဲ့သော်လည်း ဦးဇဋိလအကြောင်းသည် တိုက်ဆိုင်တိုင်းလည်း ပေါ်လာသည်။ တွေးမိတိုင်းလည်း ထင်လာသည်။ မေးခွန်းတွေ တရစပ် ထွက်ထွက်လာသည်။ သံဝေဂရစရာတွေလည်း ဖြစ်သည်။

ဦးဇဋိနှင့် ဆုံခဲ့သော ထို နှစ်နှစ်၊ ထို နှစ်ဝါသည် ကာလအရသာ နှစ်နှစ်။ လအရ၊ ရက်အရ အချိုးချ၊ နာရီအရ အချိုးကျလျှင် ထို့ထက်ထို့ထက် နည်းသေးသည်။ ထိုသို့ ဆိုလျှင် ဦးပဏ္ဍိသည် ဦးဇဋိအကြောင်းကို နောင် ၁၉ နှစ်ကြာ အခုကာလ (၂၀၁၉ ခုနှစ်) မှ ဘာကြောင့် သူ့အကြောင်းကို ပြောချင်နေသေးသနည်း။

နာမည်နှင့် မျက်နှာပုံပန်းသဏ္ဍန်ကို မေ့တတ်လေ့ရှိသော ဦးပဏ္ဍိသည် ဦးဇဋိ၏ အံတင်းတင်းနှင့် မေးကားကား မျက်နှာ၊ အရပ်ပြတ်ပြတ်တွင် ကျစ်လစ်သော ကိုယ်ခန္ဓာ၊ ကွမ်းတကြိတ်ကြိတ်မှာ နှုတ်ခမ်းမွေး စစနှင့် လက်နောက်ပစ်၍ လမ်းလျှောက်လေ့ရှိသော သူ့ဟန်ကို မမေ့ချေ။

(ဆက်ရန်)

Leave a comment

Filed under Literature, Short Story

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s