
အဘိဓာန်ကျက်သော သျှင်ဥက္ကဋ္ဌ
ဦးဥက္ကဋ္ဌသည် (ဆရာဦးထွန်းငြိမ်း၏ အင်္ဂလိပ်-မြန်မာ) အဘိဓာန်စာအုပ်ကြီးကို ဖွင့်ပြီး မိမိပညာရေးအတွက် အသုံးဝင်မည့်စာလုံးများကို အေမှ ဇက်အထိ ခဲတံဖြင့် လိုက်ပြီး တေးမှတ်သည်။ တေးမှတ်ပြီးသောအခါ တနေ့လျှင် စာလုံးဝေါဟာရ အရေအတွက် ၅၀၀ ကျနှုန်းဖြင့် ကာလကတ္တားရောက်သည်အထိ အလွတ်အာဂုမ်ရအောင် ကျက်မှတ်မည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့နောက် စတင်ကျက်မှတ်လေတော့သည်။ ပင်လယ်တွင်း၌ သုံးညကြာသည်။ ထိုသုံးရက်တွင် အိပ်ချိန်နှင့် စားချိန်မှအပ ဦးဥက္ကဋ္ဌ စာကိုသာဖိပြီးကျက်သည်။ ရပြီးဝေါဟာရများကို ပြန်၍ ရွတ်ဆိုကြည့်သည်။
၂၁-၁၁-၂၂ နေ့၊ နံနက် ၁၀ နာရီတွင် ကာလကတ္တား ဆိပ်ကမ်းသို့ သင်္ဘောကြီး ဆိုက်ကပ်သည်။
ဦးဥက္ကဋ္ဌသည် အင်္ဂလိပ်ဝေါဟာရ မီးနင်းအရေအတွက် ၁၅၀၀ တိတိ အလွတ်ကျက်မှတ်ပြီး ဖြစ်ပါတော့သည်။ (နှာ – ၆၅)
= = =
အရှင် အာဒိစ္စဝံသမိန့်သည့် သျှင်ဥက္ကဋ္ဌ ဉာဏ်ကောင်းပုံ
ဦးကိုကိုကြီး ။ ။ “ဆရာတော် (အရှင် အာဒိစ္စဝံသ) ဟာ အလွန်ဝီရိယကောင်းတယ်။ အိန္ဒိယမှာ စာသင်နေကြစဉ်က စာသင်ချိန်၊ ဖတ်ချိန်၊ ရွတ်ချိန်၊ ရေးချိန်နည်းမှာစိုးလို့ သီတင်းတပတ်မှာ တကြိမ်ပဲ ကျင်ကြီးစွန့်တယ်လို့ တပည့်တော်တို့ ဆရာတော် (သျှင်ဥက္ကဋ္ဌ) က ပြောဖူးပါတယ်ဘုရား”
အရှင် အာဒိစ္စဝံသ ။ ။ “အေးကွ၊ ငါက အဲဒီလောက်အထိ ဖြစ်အောင် အချိန်ကို ချွေတာရတယ်ကွ”
ဦးကိုကိုကြီး ။ ။ “တပည့်တော်တို့ဆရာတော် သျှင်ဥက္ကဋ္ဌကကောဘုရား”
အရှင် အာဒိစ္စဝံသ ။ ။ “မင်းတို့ ဆရာတော်ကိုတော့ မပြောနဲ့တော့ကွာ၊ စာလည်းသိပ်ဖတ်တယ်၊ ရွတ်တယ်လို့လည်း မရှိဘူးကွ။ ဒါပေမယ့် သူ့ကိုမေးလိုက်ရင် ရပြီးတတ်ပြီးချည်းပဲ။ ပြီးတော့ ရရုံ၊ တတ်ရုံ မဟုတ်ဘူး၊ နက်နက်နဲနဲ လေ့လာကြံဆနိုင်သေးတယ်။ သဘောဉာဏ်ပါ ပိုင်တာကွယ့်”
ဦးကိုကိုကြီး ။ ။ “ဒီလောက်ထိအောင် ဉာဏ်က လျင်မြန်စူးရှသလားဘုရား”
အရှင် အာဒိစ္စဝံသ ။ ။ “အေးကွယ့်၊ ငါလည်း ငယ်ငယ်က ဉာဏ်ကောင်းတဲ့ ရဟန်း သာမဏေတွေကို တွေ့ခဲ့ဖူးတယ်။ အခုကြီးတော့လည်း ရဟန်း သာမဏေနဲ့ ကျောင်းသားတွေကို စာပေပို့ချပေးနေတော့ ဉာဏ်ထက်မြက်တဲ့သူတွေ တွေ့ခဲ့ရတာပဲကွယ့်၊ ဒါပေမယ့် အခုအချိန်အထိ မင်းတို့ဆရာတော် သျှင်ဥက္ကဋ္ဌရဲ့ ဉာဏ်မျိုးကို မတွေ့ခဲ့ရသေးပါဘူးကွယ်” (နှာ – ၈၇)
(သျှင်ဥက္ကဋ္ဌ ဘဝဖြစ်စဉ် ဥက္ကဋ္ဌတ္ထစရိယာ)