“ဒေါက်တာ၊ ဒေါက်တား၊ ဒေါက်တက်စ် (၃)”

(၃) Degree Mill တွေက ရထားတဲ့ ဒေါက်တာ ဆရာတော်တွေနဲ့ အသိအမှတ်မပြုတဲ့ ကျောင်းတွေကနေ နည်းတမျိုးမျိုးနဲ့ ရလာတဲ့ ဒေါက်တာတွေ

ဒီ နံပါတ် (၃) အမျိုးအစား နှစ်ခုကို ကျနော် ဘဝင်မကျ ဖြစ်နေတာပါ။

စကားမစပ် ထည့်ပြောပါရစေဦး။ ဒဿနဘာသာရပ်ကလာပြီး ဗုဒ္ဓဝါဒအကြောင်းတွေ ရေးတဲ့ ဆရာကြီးတစ်ယောက် ဒေါက်တာဘွဲ့ကြီး တပ်လာတာနဲ့ ပတ်သက်လို့ ကျနော်တို့တတွေက ဒါ ရောင်းစားခံရတဲ့ ဘွဲ့ကြီးလို့ ပြီးခဲ့တဲ့ နှစ်တွေက ထောက်ပြ၊ အကြိတ်အနယ်တွေဖြစ်ပြီး သူ့ ဝက်ဘ်ဆိုက်တောင် ယာယီ ပိတ်သွားခဲ့တာ မှတ်မိပါတယ်။

အခုစာရေးနေရင်း ပြန်ရှာတော့ ဝက်ဘ်ဆိုက်ကတော့ လွှင့်တင်ထားပါတယ်။ အရင်က ကျောင်းအတု နာမည်ကို မထည့်တော့ဘဲ (ကိုယ်ရေးရာဇဝင် အကျဉ်းမှာလည်း ဖြုတ်ထား) Ph.D, London ဆိုပြီး ခပ်တည်တည် ဆက်တပ်ထားတာ တွေ့ရပါတယ်။

ဒီဆရာကြီးနဲ့ကတော့ ရေစက်ပါပဲ။ သူ့ကိုယ်ရေးရာဇဝင် အကျဉ်းမှာ ဖော်ပြထားတဲ့ ၂၀၀၅ ခုနှစ်မှာ စာနယ်ဇင်းတွေကို ဖိတ်ပြီး ‘နိဗ္ဗာန်အကြောင်း’ ရှင်းလင်းပွဲ IBC မှာ ကျင်းပခဲ့တယ် ဆိုတာ ကျနော် မွှေးခဲ့ဖူးတဲ့ မီးပါ။ သူ့ရဲ့ စာအုပ်တစ်အုပ်မှာ “စိတ်” ကို အင်္ဂလိပ်လို Mind လို့ ဘာသာပြန်ထားတော့ ကျနော်က ကလောင်ဝှက်တစ်ခုနဲ့ ဗုဒ္ဓအဘိဓမ္မာ အဲသလောက် မတိမ်ဘူးဆိုပြီး ဂျာနယ်ထဲကနေ ခုခေတ်အခေါ် ဖြဲတယ်ပေါ့ဗျာ။ ဒါနဲ့ ပွဲလုပ်ပြီး လက်သီးလက်မောင်းတန်း ဒေါတွေမောတွေနဲ့ ချဲလင့် လုပ်တော့တာကိုးဗျ။ ဘယ်သူရေးမှန်းတော့ သူရော၊ သူ့တပည့်မ ထုတ်ဝေသူရော မသိဘူး။ ကိုင်း … ဒါက ဒီနားရပ်။

ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အလုပ်သဘောအရ အစိုးရသတင်းစာကို နေ့စဉ် ဖတ်ပါတယ်။ အဲဒီမှာ ဘယ်တက္ကသိုလ်က ဘယ်ဆရာတော်ကြီးကို ဒေါက်တာဘွဲ့ ဆက်ကပ်လိုက်လို့ ဂုဏ်ပြုပူဇော်ကြောင်း ကြော်ငြာကြီးတွေ ပါပါလာလို့ သတိပြုမိပြီး လိုက်ရှာတဲ့အခါ Degree Mill တွေက ဂျင်းလာထည့်ပြီး ပေးတဲ့ဟာတွေ အတော်များတယ်ဆိုတာ တွေ့လာရတယ်။

တစ်ကြိမ်မှာ စာတတ်ပေတတ် ဘုန်းကြီးတစ်ပါးက သူနဲ့ သိတဲ့ ဆရာတော်ကြီးတစ်ပါးကို ဒေါက်တာဘွဲ့ ဆက်ကပ်မယ်၊ xxxx တက္ကသိုလ်က ဆိုပြီး လာပြောနေတယ်တဲ့၊ ရှာကြည့်စမ်းပါတဲ့။ ရှာကြည့်တော့ Degree Mill လုပ်ပြီး ဒေါက်တာဘွဲ့တွေ ဂျင်းထည့်ပေးနေတဲ့ တက္ကသိုလ်ဆိုတာ သွားတွေ့တယ်။ တက္ကသိုလ်လို့သာ ဆိုတာ ဘာသာရေးကျောင်းလိုလို ဘာလိုလိုပါပဲ။ ရှိတဲ့နေရာက အိန္ဒိယသမုဒ္ဒရာထဲက အင်္ဂလန်ရဲ့ ပိုင်နက်ကျွန်းပါ၊ ကျွန်းလေးတစ်ကျွန်းပဲဗျ။ တခါမှ မကြားဖူးဘူး။

ဘယ်လို အဆက်အသွယ်လဲ ဘုရားဆိုတော့ အသိဒကာက စပ်လာတာတဲ့၊ ဒေါက်တာဘွဲ့ရဖို့ အမေရိကန် ဒေါ်လာ ၁ ထောင်တော့ သွင်းရမယ်တဲ့။ မကောင်းပါဘူး ဘုရားဆိုတော့ ပြောပြတာ မရဘူးတဲ့။ မကြာဘူး၊ သတင်းစာထဲ ပြူးကနဲ ဂုဏ်ပြုကြော်ငြာကြီး ပါလာတယ်။ Ph.D (England) တဲ့။ အဲလိုတွေ ရနေတာတွေ ရှိသတဲ့။

အဓိက ပြောချင်တာက ဘုန်းကြီးတွေရဲ့ ဝိနည်းကိစ္စပါ။ ငွေပေးဝယ်ထားတဲ့ ဘွဲ့အတုကြီးကို မသိလို့ဖြစ်စေ၊ သိနေလျက်နဲ့ ဖြစ်စေ ဒါကြီးကို တပြပြလုပ်နေရင် လက်ခံရရှိတဲ့ လှူဒါန်းမှုတွေကရော ဘယ်လို သဘော သက်ရောက်နိုင်လဲ။ တချို့ဆရာတော်ကြီးတွေဆို သက်တော်ဝါတော်တွေလည်း ကြီးပါပြီ။ တပည့်ဒကာတွေ မကောင်းတော့ ဆရာ့ခေါင်းဖြစ်နေတာလို့ ထင်မိပါတယ်။ ဝိနည်းကိစ္စမှာရော ဘယ်သိက္ခာပုဒ်တွေနဲ့ ငြိစွန်းမလဲဆိုတာ ဘုန်းကြီးရဟန်းများကပဲ ဆန်းစစ်တာ အသင့်လျော်ဆုံး ထင်ပါတယ်။

နောက်တစ်မျိုးက အသိအမှတ်မပြုတဲ့ ကျောင်းတွေကနေ နည်းတမျိုးမျိုးနဲ့ ရလာတဲ့ ဒေါက်တာဘွဲ့တွေ ကိစ္စပါ။ အများဆုံးအားဖြင့် လာဘ်ပေးလာဘ်ယူမှုတွေ များတဲ့၊ အသိအမှတ်ပြုမခံရတဲ့ ကျောင်းတွေတက်ပြီး plagiarism တွေပါတဲ့၊ နောက်ကွယ်က ရှဲဒိုးရေးပြီး ရလာတဲ့ ဒေါက်တာဘွဲ့ အမျိုးအစားတွေပါ။

အိန္ဒိယမှာ တက္ကသိုလ်၊ ကောလိပ် အမည်ခံ ကျောင်းတချို့မှာ အိန္ဒိယသား ဆရာတွေက ရိုက်စားတွေ များပါတယ်။ ဘုံဘေ တက္ကသိုလ်တို့လို တက္ကသိုလ်ကြီးတွေ၊ ကျောင်းကြီးတွေကို မဆိုလိုပါ။ မာစတာဘွဲ့ဆိုလည်း လွယ်နေကြပါတယ်။ ကျနော် ဒေလီမှာ ဆုံဖူးတဲ့ ဦးပဉ္စင်းတစ်ပါးဆို မာစတာက အောင်စာရင်း မထွက်သေးဘူး၊ Ph.D candidate ဖြစ်နေပါပြီ။ ထို့အတူ နယ်တစ်ခုမှာ ဆုံခဲ့တဲ့ တခြား ဦးပဉ္စင်းတစ်ပါးလည်း ဒီလိုပါပဲ။ အိန္ဒိယသား ဆရာ၊ ပန်ချာပီ ဆရာတွေကို စာအိတ်ထဲ ငွေထည့်ပေးလိုက်ရင် အဆင်ပြေတယ်လို့ သူတို့က ပြောပြပါတယ်။ (အိန္ဒိယက ရလာတဲ့ ဘွဲ့တွေ အားလုံး သိမ်းကြုံးပြောတာ မဟုတ်တာ သတိချပ်ပါ၊ ကိုယ်တွေ့ကြုံတဲ့ ဥပမာကိုပဲ ပေးတာပါ)

တစ်ကြိမ်မှာ ကျနော်က ဗုဒ္ဓဝါဒ သမိုင်းဆိုင်ရာ စာအုပ်တစ်အုပ် အငြိမ်းစား ပါမောက္ခတစ်ဦး ဘာသာပြန်တယ်ဆိုလို့ ဝယ်လာပါတယ်။ သူ့ရဲ့မြေး ဦးပဉ္စင်းက အိန္ဒိယမှာ ပါရဂူဘွဲ့ယူအတွက် တင်သွင်းတဲ့ ကျမ်းဖြစ်ပြီး သူက ရှဲဒိုးရေးပေးထားတာ ဖြစ်နေပါတယ်။ သူရေးပြတဲ့ သမိုင်းကတော့ မြန်မာပြည်က ဘုရားစာအုပ်တွေနဲ့ မှန်နန်းရာဇဝင်ထဲက ကူးထည့်ရင်တောင် ရပါတယ်။ သူ အင်္ဂလိပ်လိုရေးခဲ့တာကိုပဲ ဘာသာပြန်ထားတာ ဖြစ်တဲ့အပြင် Ph.D နဲ့ ထိုက်တန်တဲ့ ကျမ်းတစ်စောင်ရယ်လို့ ဘယ်လိုမှ ခံစားလို့မရတဲ့အဖြစ် ကြုံရဖူးပါတယ်။

ဒီကစ္စဟာလည်း ဘုန်းကြီးရဟန်းများကြား ဝိနည်းအရ စဉ်းစားသင့်တယ်ထင်လို့ ရေးတာဖြစ်ပါတယ်။ ဂျာမနီမှာ တက်လာတဲ့ ဝန်ကြီးတချို့ Ph.D ကျမ်းမှာ နှစ်မျက်နှာလောက် ကူးချရင်တောင် အရှက်ကွဲပြီး ရာထူးက ဆင်းရပါတယ်။ ဖော်ကောင်လုပ်မယ့် ဂျာနယ်လစ်တွေကလည်း သူတို့နောက်ကြောင်း အမြဲလိုက်နေတာဆိုတော့။ Ph.D ကျမ်းဆိုတာ တက္ကသိုလ်စာကြည့်တိုက်မှာ သွားရှာလိုက်ရတာပါပဲ။

ဆရာတော်ကြီးများကလည်း ဒေါက်တာဘွဲ့ကြီး ကပ်မယ်ဆိုတိုင်း လက်မခံမိဖို့ သတိထားသင့်ပါပြီ။ ဒကာကလည်း ကိုယ့်ဘုန်းကြီး ဒေါက်တာ ဖြစ်စေချင်၊ ကိုယ်ကလည်း မသိလို့ လက်ခံဆိုရင် တစ်သက်လုံး ထိန်းလာသမျှ ဝိနည်း ရေစုန် မျှောသွားနိုင်မလား စဉ်းစားသင့်ပါတယ်။ အထက်မှာ ပြောခဲ့တာပဲ ထပ်ပြီး ပြောရရင် ဘုန်ကြီးရဟန်းများ ဖြစ်တဲ့အတွက် ဝိနည်းကိစ္စမှာရော ဘယ်သိက္ခာပုဒ်တွေနဲ့ ငြိစွန်းမလဲဆိုတာ ဘုန်းကြီးရဟန်းများကပဲ ဆန်းစစ်တာ အသင့်လျော်ဆုံး ထင်ပါတယ်။

ခင်မင်လျက်
သင်ကာ

Leave a comment

Filed under Education, Religion

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s