Chin State and its People

သွေးချင်းတို့မြေ ချင်းဌာနေသို့

မောင်သာ(ရှေးဟောင်းသုတေသန)၊ ဓာတ်ပုံ ဇေယျာထွန်း (Starling Travels)

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် တည်ရှိ သော ချင်းပြည်နယ်သည် တောင်စွယ်တောင်တန်း များ ထူထပ်လျက် ပြည်မနှင့် ဝေးလံသော ဒေသ တစ်ခုဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ ကာ ဖွံ့ဖြိုးမှုနောက်ကျ ခဲ့သော်လည်း ပြည်တွင်း ပြည်ပခရီးသွားများ စိတ်ဝင်စားသည့် နယ်မြေ တစ်ခုဖြစ်သည်။ ချင်းပြည်နယ်၏ တောင်စွယ် တောင်တန်းများ၊ ပါးရဲများထိုးထားသည့် ချင်း အမျိုးသမီးများ၊ တောင်ဇလပ်ပန်းများ၊ နွား နောက်များသည် ပြည်နယ်၏ အမှတ်လက္ခဏာ များအဖြစ် ထင်ရှားလျက်ရှိနေပေသည်။ ထို့ အတူ ချင်းပြည်နယ်ရှိ အသည်းနှလုံးပုံသဏ္ဍာန် ရိဒ်ရေကန်နှင့် နတ်မတောင်တို့သည် ခရီးသွား များ အထူးစိတ်ဝင်စားသောနေရာများ ဖြစ်ကြ သည်။

ချင်းပြည်နယ်၏ အေးမြသောရာသီဥတုနှင့် လှပသာယာသော သဘာဝရှုခင်းများကို ကိုယ် တွေ့မျက်မြင်သိရှိခံစားနိုင်ရန် ပြီးခဲ့သည့် သင်္ကြန် ရုံးပိတ်ရက်များအတွင်း ချင်းတောင်တန်းဒေသ သို့ သွားရောက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် မနုဿဗေဒပညာဌာနမှ မဟာဝိဇ္ဇာနှင့် ဒီပလိုမာ သင်တန်းသားများပါဝင်သည့် ချင်းတောင်တန်း လေ့လာရေး ခရီးသွားအဖွဲ့နှင့်အတူ ချင်းတောင် ဒေသသို့ လိုက်ပါခဲ့ရာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့မှ မြောက်ပိုင်း တီးတိန်မြို့အထိ ကားဖြင့် ခရီးကြမ်းနှင်ခဲ့ကြသည်။ ချင်းပြည်နယ် ကို ခရိုင်သုံးခု၊ မြို့နယ်ကိုးခုဖြင့် ဖွဲ့စည်းထားရာ ဟားခါးခရိုင်တွင် ဟားခါးနှင့် ထန်တလန်၊ မင်း တပ်ခရိုင်တွင် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ ဖလမ်းခရိုင်တွင် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့ ပါဝင်သည်။

ကန်ပက်လက်သို့

ကန်ပက်လက်သည် ဒေသအခေါ် ခေါ်နူးစုမ် ခေါ် ဝိတိုရိယတောင်ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများအကြား ထင်ရှားသည့် ခရီးသွား ဒေသတစ်ခုဖြစ်ကာ မြန်မာနိုင်ငံအနောက်ဘက် တွင် ဆိပ်ဖြူမြို့မှ ၇၅ မိုင်၊ ဆောမြို့မှ လေးမိုင် အကွာ၌တည်ရှိသည်။ ကန်ပက်လက်၏တည် နေရာ မြေပုံအညွှန်းသည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၂၅ မိနစ်နှင့် ၂၂ ဒီဂရီ ဝ၅ မိနစ် အကြားနှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃ဝ မိနစ်နှင့် ၉၂ ဒီဂရီ ၂ဝ မိနစ်အကြားဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၄၅၆ဝ အမြင့်တွင် တည် ရှိသည့် ကန်ပက်လက်မြို့နယ် ဧရိယာအတွင်း အမြင့်ဆုံးနေရာသည် ပေ ၁ဝ၂ဝဝ မြင့်သည့် ဝိတိုရိယတောင်ဖြစ်သည်။ ယင်းနေရာတွင် နတ်မ တောင်ဥယျာဉ်ဟု လူသိများသည့် ခေါ်နူးစုမ် အမျိုးသားဥယျာဉ်ကို ထူထောင်ထားသဖြင့် နတ်မတောင်သို့ တက်ရောက်ရန် လာရောက်ကြ သူများဖြင့် စည်ကားနေလေ့ရှိသည်။

ကန်ပက်လက်မြို့နယ်၏ အမြင့်ဆုံးအပူချိန် သည် ၃၆ ဒီဂရီ စင်တီဂရီတ်ဖြစ်ပြီး အနိမ့်ဆုံး အပူချိန်သည် ၂ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။ နှစ်စဉ် မိုးရွာရက် ၁ဝဝ ဝန်းကျင်ရှိကာ မိုးရေချိန် ၉၆ ဒသမ ၆၅ လက်မအထိ ရွာသွန်း၍ ၂ဝ၁၆ ခုနှစ်တွင် ၁ဝ၇ ရက်အတွင်း မိုးရေချိန် ၇၈ ဒသမ ဝ၄ လက်မ ရွာသွန်းခဲ့သည်။ မြို့နယ်အတွင်း၌ ကျွန်း၊ ထင်းရှူး၊ ပိတောက်၊ အင်ကြင်း၊ သစ်ရာ စသည့် သစ်ဝါးများအပါအဝင် သစ်ခွနှင့် ဆေး ဖက်ဝင် ဂမုန်းပင်များ ပေါက်ရောက်နေသည်။ မြို့နယ်အတွင်း တောဝက်၊ ပြောင်၊ တောကျွဲ၊ ဆတ်၊ သမင်၊ တောင်ဆိတ်၊ ဂျီ၊ တောခွေး စသည့် တောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားလျက် ရှိသည့်အပြင် ဝိတိုရိယတောင်ဝန်းကျင်၌ ရှားပါး ငှက်နှင့်လိပ်ပြာမျိုးစိတ်များစွာ ကျက်စားနေကြ သည်။ ဝိတိုရိယတောင်ကို ခေါ်နူးစုမ် အမျိုးသား ဥယျာဉ်က ထိန်းသိမ်းကာ ကြိုးဝိုင်း၊ ကြိုးပြင် တောများဖြင့် ကာကွယ်စောင့်ရှောက်ထား သည်။ ကန်ပက်လက်မြို့နယ်အတွင်း ကြိုးဝိုင်း သစ်တော ၉၇၃၃ဝ ဧကနှင့် ကြိုးပြင်သစ်တော ၁ဝ၄၅၇၉ ဧကရှိသည်။

ကန်ပက်လက်မြို့နယ်သည် အရှေ့ဘက်တွင် ဆောမြို့နယ်၊ အနောက်ဘက်တွင် ပလက်ဝ မြို့နယ်၊ တောင်ဘက်တွင် စေတုတ္တရာမြို့နယ်၊ မြောက်ဘက်တွင် မင်းတပ်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေကာ မြို့နယ်အကျယ်အဝန်း သည် ၈၆၃ ဒသမ ၆၂ စတုရန်းမိုင် ဖြစ်သည်။ ကန်ပက်လက်ကို ၁၈၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်က ထူထောင်ခဲ့ရာ မြို့တည်ထောင်ခဲ့ သည့်နေရာတွင် ရှိနေသည့် ရေကန်ကြီးတွင် ပုလဲကဲ့သို့ ဖြူဖွေးသောအရာများကို မြင်တွေ့ ရသဖြင့် ကန်ပုလဲဟု ခေါ်ဆိုကြရာမှ ကာလ ရွေ့လျောလာချိန်တွင် ကန်ပက်လက်ဟု အမည် တွင်ခဲ့သည်။ ထိုစဉ်က ကန်ပက်လက်ကို မကွေး တိုင်းမင်းကြီးရုံးက အုပ်ချုပ်ခဲ့ပြီး ချင်းတောင်တန်း ဝန်ရုံးကို ပခုက္ကူမြို့၌ ဖွင့်လှစ်ခဲ့ကာ ၁၉ဝ၂ ခုနှစ် တွင် ပခုက္ကူမှ ကန်ပက်လက်သို့ ပြောင်းရွှေ့ခဲ့ သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ကန်ပက်လက်ကို တောင်တန်းနယ်အဆင့်မှ မြို့နယ်အဆင့်သို့ တိုးမြှင့် ဖွဲ့စည်းခဲ့သည်။

တောင်ကုန်း၊ တောင်တန်းများ ပေါများကာ သစ်တောများဖုံးလွှမ်းနေသည့် ကန်ပက်လက် မြို့နယ်အတွင်းရှိ ကျောက်ဆစ်ချောင်း၊ ကတင်း ချောင်း၊ ဆောချောင်း၊ ဖျံချောင်း၊ စလင်းချောင်း၊ မုန်းချောင်းတို့သည် အနောက်မှအရှေ့သို့ စီးဆင်း နေကြကာ ရေစီးသန်၍ ကျောက်ဆောင်များ ထူထပ်သဖြင့် စက်တပ်ယာဉ်များ သွားလာနိုင် ခြင်းမရှိချေ။ မြို့နယ်အတွင်း ချင်းလူမျိုးများက အများဆုံးနေထိုင်ကြ၍ မြန်မာ၊ ရှမ်းနှင့် ရခိုင် လူမျိုးအနည်းငယ်လည်း နေထိုင်သည်။ မြို့ပေါ် ရပ်ကွက်နှစ်ခုနှင့် ကျေးရွာအုပ်စု ၂၆ အုပ်စု (ကျေးရွာ ၁၂၂ ရွာ)တွင် နေထိုင်သူ လူဦးရေ ၂၃ဝဝ၇ ဦးအနက် ခရစ်ယာန်ဘာသာ ကိုးကွယ် သူ ၁၅၅ဝ၄ ဦး၊ ဗုဒ္ဓဘာသာကိုးကွယ်သူ ၇၂ဝ၂ ဦးနှင့်အခြားကိုးကွယ်သူ ၃ဝ၁ ဦးရှိရာ အစ္စလာမ် ဘာသာနှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူမရှိချေ။ ကန်ပက်လက်မြို့နယ်၏ အဓိကထွက်ကုန်သည် ဝဥဖြစ်ပြီး စပါး၊ နေကြာ၊ အစေ့ထုတ်ပြောင်းနှင့် ကြံတို့ကိုလည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

မင်းတပ်သို့

ကန်ပက်လက်မှ ၄၈ မိုင် ကွာဝေးသည့် မင်းတပ်ကို ၁၉၆၁ ခုနှစ် မေလ ၂ဝ ရက်တွင် မြို့ အဖြစ် သတ်မှတ်ခဲ့သည်။ ဗြိတိသျှအစိုးရ လက် ထက်တွင် မင်းတပ်တည်နေရာသည် အစိုးရ တာဝန်ရှိသူများ လာရောက်စဉ် တည်းခိုသည့် ယာယီစခန်းနေရာ ဖြစ်ခဲ့သဖြင့် မင်းတဲဟု ခေါ်ဆို ခဲ့ရာမှ မင်းတပ်ဟု အမည်ပြောင်းလဲခဲ့သည်။

မင်းတပ်မြို့နယ်သည် အရှေ့မှ အနောက်သို့ ၃၃ မိုင်နှင့် မြောက်မှတောင်သို့ ၃၇ မိုင်ရှည် လျားကာ ၁၂၁၉ ဒသမ ၈၆ စတုရန်းမိုင်ကျယ်ဝန်း ကာ မြေပုံအညွှန်းအရ မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၁၉မိနစ်နှင့် ၂၁ ဒီဂရီ ၄ဝ မိနစ်အကြားနှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၃ မိနစ်နှင့် ၉၄ ဒီဂရီ ၁၆ မိနစ်အကြား၌ တည်ရှိသည်။ မင်းတပ် မြို့နယ်သည် အရှေ့ဘက်တွင် ထီးလင်းနှင့် ဆော မြို့နယ်၊ အနောက်ဘက်တွင် မတူပီနှင့် ပလက်ဝ မြို့နယ်၊ တောင်ဘက်တွင် ကန်ပက်လက်မြို့နယ် နှင့် မြောက်ဘက်တွင် မတူပီမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၈၆ဝ မြင့်ပြီး တောတောင်ထူထပ်ကာ အမြဲစိမ်း သစ်တောများ ပေါက်ရောက်လျက်ရှိသည့် မင်းတပ်မြို့သည် မြေပြန့်လွင်ပြင်နည်းပါးကာ မြို့နယ်အတွင်း အမြင့်ဆုံးနေရာသည် ပေ ၉ဝဝဝ ကျော်မြင့်၍ အနိမ့်ဆုံးနေရာသည် ပေ ၂ဝဝဝ မြင့်သည်။ မုန်းချောင်း၊ ချီချောင်းနှင့် ယော ချောင်း အပါအဝင် မြို့နယ်အတွင်း စီးဆင်းလျက် ရှိသည့် ချောင်းများသည် အနောက်မှ အရှေ့သို့ စီးဆင်းနေကြသည်။

မင်းတပ်မြို့နယ်၏ အမြင့် ဆုံးအပူချိန်သည် ၃၄ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်သည် ၁၇ ဒသမ ၇ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။ နှစ်စဉ် မိုးရွာရက် ၁ဝဝ ဝန်းကျင်ရှိကာ ၂ဝ၁၆ ခုနှစ်တွင် မိုးရွာသွန်းရက် ၉၃ ရက်၊ မိုးရေချိန် ၆၆ ဒသမ ၄၉ လက်မဖြင့် အများဆုံး ရွာသွန်းခဲ့သည်။

မြို့နယ်အတွင်း၌ ကျွန်း၊ ထင်းရှူး၊ အင်ကြင်း၊ သစ်အယ် စသည့် သစ်ဝါးများအပါအဝင် သစ်ခွ နှင့် ဆေးဖက်ဝင်ဂမုန်းပင်များ ပေါက်ရောက်နေ သည်။ မြို့နယ်အတွင်း ကျား၊ ကျားသစ်၊ တော ဝက်၊ ဝက်ဝံ၊ ပြောင်၊ ဆတ်၊သမင်၊ တောင်ဆိတ်၊ ဂျီ၊ တောခွေး စသည့် တောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားလျက်ရှိသည်။ မြို့နယ်၏ ၂၃ ဒသမ ၆၅ ရာခိုင်နှုန်းကို သစ်တောများဖုံးလွှမ်း နေသည့်အနက် ကြိုးဝိုင်းသစ်တော ၄ဝဝဝ၄ ဒသမ ၅ ဧကနှင့် ကြိုးပြင် သစ်တော ၂၁၇၉၆ ဧကရှိသည်။

မင်းတပ်မြို့နယ်တွင် ချင်းလူမျိုးများ အများ ဆုံးနေထိုင်ကြကာ မြန်မာလူမျိုးများလည်း နေထိုင်ကြသည်။ မင်းတပ်မြို့နယ်ကို မြို့တစ်မြို့၊ ရပ်ကွက်လေးခုနှင့် ကျေးရွာအုပ်စု ၄၆ အုပ်စု (ကျေးရွာ ၂ဝ၂ ရွာ)ဖြင့် ဖွဲ့စည်းထားရာ နေထိုင် သူ ဦးရေ ၄၆၂၄၉ ဦးရှိသည့်အနက် ခရစ်ယာန် ဘာသာကိုးကွယ်သူ ၃၁ဝ၆၉ ဦး၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၁၄၅၁၃ ဦးနှင့် အခြားကိုးကွယ်သူ ၆၆၇ ဦးရှိကာ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူ ဘာသာ ကိုးကွယ်သူ မရှိချေ။

မင်းတပ်သည် စီးပွားရေးဖွံ့ဖြိုးမှုနောက်ကျသည့် မြို့နယ်တစ်ခုဖြစ်ကာ ဒေသနေသူအများ စုသည် စိုက်ပျိုး၊မွေးမြူရေးကို အဓိက ပြုလုပ် ကြသည်။ ဝဥနှင့် လက်ဖက်ကို အများဆုံးစိုက်ပျိုး ထုတ်လုပ်ကာ ဂျပ်ခုတ်လုပ်ငန်းကို လည်း ဆောင် ရွက်ကြသည်။ မြို့နယ်အတွင်းရှိ စိုက်ပျိုးမြေ ၃၇၅ ဧကကို အကျိုးပြုသည့် ထင်ချောင်း၊ လှော်ဝနှင့် ကျွန်နန်ဆည်တို့ကို တည်ဆောက် ထားသည်။ မွေးမြူရေးလုပ်ငန်းတွင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲနှင့် ငုံးကို မွေးမြူကြသည်။

မတူပီသို့

မတူပီမြို့သည် မင်းတပ်မြို့မှ အနောက် မြောက်ဘက် ၇၄ မိုင်အကွာတွင် တည်ရှိကာ ၁၉၄၉ ခုနှစ် မတ်လ ၂၂ ရက်တွင် မြို့နယ်စတင် ပေါ်ပေါက်ခဲ့ပြီး နယ်ပိုင်ရုံးစိုက်ခဲ့သည်။ ၁၉၇၃ ခုနှစ် မေလ ၂၅ ရက်တွင် မတူပီမြို့ဟု သတ်မှတ်ခဲ့ ကာ ယင်းနှစ် စက်တင်ဘာလ ၁၇ ရက်တွင် ကျေးရွာအုပ်စုများ ဖွဲ့စည်းခဲ့သည်။

မတူပ်ီမြို့နယ်သည် အရှေ့မှ အနောက်သို့ ၄၇ မိုင်နှင့်မြောက်မှတောင်သို့ ၆၈ မိုင်ရှည်လျားကာ ၂၃၁၆ ဒသမ ၈၁ စတုရန်းမိုင် ကျယ်ဝန်းသည်။ မြေပုံအညွှန်းအရ မတူပီမြို့နယ်သည် မြောက် လတ္တီတွဒ် ၂၁ ဒီဂရီ ၁၅ မိနစ်နှင့် ၂၂ ဒီဂရီ ၁၅ မိနစ် အကြားနှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၄ မိနစ်နှင့် ၉၄ ဒီဂရီ ၁၅ မိနစ်အကြား၌ တည်ရှိ ကာ အရှေ့ဘက်တွင် ဂန့်ဂေါနှင့် ထီးလင်းမြို့နယ်၊ အရှေ့တောင်ဘက်တွင် မင်းတပ်မြို့နယ်၊ အနောက်ဘက်တွင် ပလက်ဝမြို့နယ်၊ အနောက် မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နှင့် မြောက်ဘက်တွင် ထန်တလန်၊ ဟားခါးမြို့နယ် တို့နှင့် နယ်နိမိတ် ထိစပ်နေသည်။

မတူပီမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၅ဝ ပေမြင့်ပြီး မြေပြန့်လွင်ပြင်နည်းပါးကာ တောတောင်ထူထပ်လျက် သစ်တောများ ဖုံး လွှမ်းနေသည်။ လုံတိန်း၊ အောတရော့၊ ကိုင်ဆီး၊ ကောင်လောင်နှင့် လုံပဲလ်တို့သည် မတူပီမြို့နယ် အတွင်း၌ရှိသည့် ထင်ရှားသော တောင်တန်း များဖြစ်ကြကာ မြို့နယ်တွင်း အမြင့်ဆုံးနေရာ သည် ၈၉၆၁ ပေမြင့်သည့် လုံတိန်းတောင်ဖြစ် သည်။ ဘွေနူးချောင်းနှင့် လည်မျိုချောင်းအပါ အဝင် မြို့နယ်အတွင်း စီးဆင်းလျက်ရှိသည့် ချောင်းများသည် ရေချိုချောင်း များဖြစ်ကြသဖြင့် ယင်းချောင်းများကို စိုက်ပျိုးရေနှင့် သောက် သုံးရေရရှိရေးအတွက် သုံးစွဲကြသည်။

မတူပ်ီမြို့နယ်၏ အမြင့်ဆုံး အပူချိန်သည် ၃၃ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး အနိမ့်ဆုံး အပူချိန်သည် ၃ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ နှစ်စဉ်မိုးရွာရက် သည် ၁၂၆ ရက်မှ ၁၄၅ ရက်အထိရှိသော်လည်း ၂ဝ၁၆ ခုနှစ်တွင် ၁၃၂ ရက် မိုးရွာသွန်းခဲ့ကာ မိုးရေချိန် ၁ဝဝ ဒသမ ၁၂ လက်မ ရှိခဲ့သည်။

မြို့နယ်အတွင်း၌ ထင်းရှူး၊ ဝါးနှင့် ကြိမ်ပင် များ အပါအဝင် သစ်ခွနှင့် ဆေးဖက်ဝင် ဂမုန်း ပင်များ ပေါက်ရောက်လျက် ကျား၊ ကျားသစ်၊ တောဝက်၊ ဝက်ဝံ၊ ပြောင်၊ ဆတ်၊ သမင်၊ တောင် ဆိတ်၊ ဂျီ၊ တောခွေး၊ ရေလိပ်၊ ကုန်းလိပ် စသည့် တောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားလျက် ရှိသည်။

မြို့နယ်၏ ၅၆ ဒသမ ၈၉ ရာခိုင်နှုန်းကို သစ်တောများက ဖုံးလွှမ်းနေသည့်အနက် ကြိုး ပြင်ကာကွယ်တောသည် ၄၃၉ဝ၉၇ ဧကနှင့် ကြိုးပြင်သစ်တောသည် ၁ဝ၄၃၆၆၂ ဧကရှိ သည်။

မတူပီမြို့နယ်တွင် ချင်းလူမျိုးများ အများဆုံး နေထိုင်ကာ မြန်မာလူမျိုးများလည်း နေထိုင် ကြသည်။ မင်းတပ်မြို့နယ်ကို မြို့ တစ်မြို့၊ ရပ်ကွက် ခုနစ်ခု၊ ကျေးရွာအုပ်စု ၆၂ အုပ်စု(ကျေးရွာ ၁၅ဝ) ဖြင့် ဖွဲ့စည်းထားပြီး နေထိုင်သူဦးရေ ၅၆၂၈၇ ဦးရှိသည့်အနက် ခရစ်ယာန် ဘာသာကိုးကွယ် သူ ၅၆၁၇၂ ဦးနှင့် ဗုဒ္ဓဘာသာကိုးကွယ်သူ ၁၁၅ ဦးရှိပြီး အခြားဘာသာကိုးကွယ်သူများမရှိချေ။

မတူပီမြို့နယ်သည်လည်း စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျသည့် မြို့နယ်တစ်ခုဖြစ်ကာ ဒေသ နေသူအများစုသည် စိုက်ပျိုး၊ မွေးမြူရေးဖြင့် အသက်မွေးမြူကြသည်။ ဝ ဥနှင့် ဂမုန်းကို အများဆုံးစိုက်ပျိုးထုတ်လုပ်ပြီး ပြည်မသို့ တင်ပို့ ရောင်းချကြကာ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲနှင့် နွားနောက်တို့ကို မွေးမြူကြသည်။

မတူပီမြို့နယ်တွင် အထက်တန်းကျောင်း ခြောက်ကျောင်း၊ အထက်တန်းကျောင်းခွဲ ခုနစ် ကျောင်း၊ အလယ်တန်းကျောင်း နှစ်ကျောင်း၊ အလယ်တန်းကျောင်းခွဲ တစ်ကျောင်းနှင့် မူလ တန်းကျောင်းများ၊ မူကြိုကျောင်းများနှင့် ဘုန်း တော်ကြီးသင်ပညာရေးကျောင်းများ ဖွင့်လှစ် ထားသည်။ မတူပီမြို့နယ်ဆေးရုံ၊ လိုင်လင်းပီ၊ ရေဇွာနှင့် လုံငိုးတို့တွင် တိုက်နယ် ဆေးရုံတစ်ရုံစီ နှင့် မြို့နယ်အတွင်း ကျေးလက်ကျန်းမာရေးဌာန ၁၁ ခုဖွင့်ကာ ဒေသနေပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုပေး လျက်ရှိသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ဘုံတလာ ရေတံခွန်သည် မတူပီမြို့မှ ခြောက်မိုင်အကွာ တွင်တည်ရှိကာ မတူပီသို့ ရောက်ရှိလာကြသူများ သွားရောက်လည်ပတ်လေ့ရှိသည့် နေရာတစ်ခု ဖြစ်ပြီး လှပမြင့်မားသော ရေတံခွန်အဖြစ် ထင်ရှားသည်။

ဟားခါးသို့

ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည့် ဟားခါး သည် မတူပီမြို့မှ ၁ဝ၈ မိုင်နှင့် ဖလမ်းမြို့မှ ၄၃ မိုင် ကွာဝေးကာ လိုင်မီးချင်းလူမျိုးများ ထူ ထောင်ခဲ့သည့်မြို့ဖြစ်သည်။ ၁၄ရာစုတွင် လက်ရှိ ဟားခါးမြို့မှ ဖလမ်းမြို့ဘက်သို့ သုံးမိုင်ကွာဝေး သော ဖိုင်လဲင်ဇောလ် (Phailenzawl)သို့ ချင်းမျိုးနွယ်စုများရောက်ရှိလာကြကာ ကျေးရွာ တစ်ခုကိုထူထောင်ခဲ့ကြသည်။ ထိုနေရာမှတစ် ဖန် မွာလ်ဇုန်ခေါ် ရွာကို ထူထောင်ပြီး ယခု ဟားခါးမြို့တည်နေရာသို့ ရွှေ့ပြောင်းခဲ့ကြသည်။ထိုရွာမှ ခွဲထွက်၍ ရွာများတည်ထောင်ခဲ့ကြသူ များသည် ဟားခါးမြို့ ဖြစ်လာမည့်ရွာသို့ အခွန် ဆက်ကြရသည်။ သို့သော် အခွန်တောင်းခံရာ တွင် ညှာတာမှုနည်းပါးသဖြင့် ယင်းတို့၏ ဘာသာ စကားဖြင့် ဟားလ် (တောင်းခံခြင်း)၊ ခါး (ချိုသာ ခြင်းကင်း၍ ရက်စက်ခြင်း) ဟားခါးဟု အမည် ပေးခဲ့သည်။

၁၈၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဟားခါး၌ မြို့ပြအုပ်ချုပ်ရေး ရုံးဖွင့်ကာ နယ်ပိုင် ဝန်ထောက် ရုံးထိုင်ခဲ့သည်။ ဟားခါးသည် ၁၉၆၆ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ထိုစဉ်က ချင်း ဝိသေသတိုင်း၏ မြို့တော်ဖြစ်လာ ခဲ့ပြီးနောက် ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် ရပ်ကွက်ခြောက်ခု၊ ကျေးရွာအုပ်စု ၃ဝ၊ ကျေးရွာ ခြောက်ရွာဖြင့် ဟားခါးမြို့နယ်ကို ဖွဲ့စည်းခဲ့သည်။လက်ရှိအချိန်တွင်လည်း ဟားခါးသည် ချင်း ပြည်နယ်၏ မြို့တော်အဖြစ် ပြည်နယ်ရုံးများ စိုက်ကာ ချင်းပြည်နယ်တွင် အကြီးမားဆုံးမြို့ ဖြစ်သည်။ မြေပုံအညွှန်းအရ ဟားခါးမြို့နယ်၏ တည်နေရာသည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ဝ၁ မိနစ်နှင့် ၂၂ ဒီဂရီ ၅ဝ မိနစ်အကြားနှင့် အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၂ မိနစ်နှင့် ၉၄ ဒီဂရီ ၄၅ မိနစ်အကြားဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၆၁၂ဝ မြင့်သည်။

ဟားခါးမြို့နယ်သည် အရှေ့မှ အနောက်သို့၃၆ မိုင်၊ တောင်မှ မြောက်သို့ ၄၅ မိုင်ရှည်လျား၍ ၁၆၀၈ စတုရန်းမိုင် ကျယ်ဝန်းကာ အရှေ့ဘက်တွင် ဂန့်ဂေါမြို့နယ်၊ အနောက်ဘက်တွင် ထန်တလန်မြို့နယ်၊ တောင်ဘက်တွင် မတူပီမြို့နယ်နှင့် မြောက်ဘက်တွင် ဖလမ်းမြို့နယ်တို့နှင့်နယ်နိမိတ်ချင်း ဆက်နေသည်။

ဟားခါးမြို့နယ်အတွင်း၌ ၈၈၇၃ ပေမြင့်သည့်ဘွေပါးတောင်သည် အမြင့်ဆုံးဖြစ်ကာ ရုန်းတောင်က ၇၅၄၃ ပေ၊ ဇိန်မှုတောင်က ပေ၆၇၀၀ နှင့် ပေါ်ပီးတောင်က ၆၄၀၂ ပေ မြင့်သည်။ မြို့နယ်အတွင်း ရေအရင်းအမြစ်အဖြစ်မြောက်မှတောင်သို့ စီးဆင်းနေသည့် သီမြစ်ခေါ်ဘွေနူးမြစ်နှင့် တောင်ကျချောင်း များ အများအပြားရှိသည်။ ယင်းတို့အနက် ဇဟောချောင်း၊နွယ်ချောင်းနှင့် ဒေါင်ချောင်းတို့သည် ထင်ရှားကြပြီး တောင်ကျချောင်းများ၊ သဘာဝစိမ့်စမ်းရေထွက်နေရာများမှ ရေများကို သွယ်ယူ၍ သောက်သုံးရေအဖြစ် အသုံးပြုကြသည်။

ဟားခါးမြို့နယ်၏ ရာသီဥတုသည် အအေးလွန်ကဲပြီး အမြင့်ဆုံးအပူချိန်သည် ၂၉ ဒသမ ၄စင်တီဂရိတ် သာရှိကာ အနိမ့်ဆုံး အပူချိန်သည်ရေခဲမှတ်အောက် ၄ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။၂၀၁၆-၂၀၁၇ ခုနှစ်တွင် မိုးရွာရက် ၁၃၁ရက်ရှိပြီး မိုးရေချိန် ၈၆ ဒသမ ၁ လက်မဖြစ်သည်။

အမြဲစိမ်းသစ်တောများ ပေါက်ရောက်နေသည့် ဟားခါးမြို့နယ်တွင် ထင်းရှူးပင်များ အများအပြား ပေါက်ရောက်နေကာ ဝက်သစ်ချ၊ ချယ်ရီ၊ဆီးဖြူ၊ သဖန်း၊ တောင်ဇလပ်နှင့် ဝါးပင်များကိုလည်း တွေ့ရှိနိုင်သည်။ ဟားခါးမြို့နယ်တွင် သစ်တောဧရိယာ ၃၇၇၆၇၅ ဒသမ ၂၅ ဧကနှင့်ကြိုးပြင်တော ၃၁၂၁၃၇ ဒသမ ၂၅ ဧကရှိသည်။မြို့နယ်အတွင်း ချင်းလူမျိုးများ အများဆုံးနေထိုင်ရာ မြို့နယ် လူဦးရေသည် ၄၅၆၉၂ ဦးဖြစ်သည်။
ဟားခါးမြို့နယ်သည်ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည့်တိုင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ဒေသထွက်ကုန် အားနည်းမှုတို့ကြောင့်စီးပွားရေးဖွံ့ ဖြိုးမှု နောက်ကျသည့် မြို့နယ်တစ်ခုဖြစ်သည်။ ဒေသနေသူအများစုသည် စပါးနှင့်အစေ့ထုတ်ပြောင်းကို စိုက်ပျိုးကြကာ ကျွဲ၊ နွား၊ဆိတ်၊ဝက်၊ ကြက်၊ ဘဲနှင့် နွားနောက်ကို မွေးမြူကြသည်။

ဒေသနေ ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာရပ်များ သင်ယူနိုင်ရန် ဟားခါးကောလိပ်ကို ဖွင့်လှစ်ထားကာ အထက်တန်းကျောင်း လေးကျောင်း၊ အထက်တန်းကျောင်းခွဲခြောက်ကျောင်းနှင့် အလယ်တန်းကျောင်း၊မူလတန်းကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကလည်း အခြေခံပညာများသင်ကြားပေးလျက်ရှိသည်။ ပြည်သူများကျန်းမာရေးအတွက် ဟားခါးပြည်နယ်ဆေးရုံ ကြီး၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန လေးခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ၁၈ ခု ဖွင့်လှစ်ထားသည်။

ဖလမ်းသို့

ဖလမ်းမြို့သည် ဟားခါးမြို့မှ မြောက်ဘက်၄၃ မိုင်အကွာတွင်တည်ရှိကာ တောင်ကမ်းပါးယံ တွင်တည်ထားသော မြို့ ဖြစ်သဖြင့် မြို့တွင်းလမ်းများသည် ကျဉ်းမြောင်းနေကြသည်။ဖလမ်းမြို့သည် လက်ရှိ ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရက်ကန်းကျောင်း အောက်ဘက်ရှိ တာရွှန်းရွာဟောင်းအနီးမှ စတင်ခဲ့သည်ဟု ဆိုကြသည်။သို့သော် ယင်းနေရာသည် စစ်တိုက်ရာတွင် လုံခြုံရေး မကောင်းသဖြင့် ၁၈၈၉ ခုနှစ်တွင် ရွာအရှေ့ဘက်ရှိ ကျောက်ဆောင်ကမ်းပါးများရှိပြီး မဏိပူရမြစ် စီးဆင်းနေသည့် ယခု ဖလမ်းမြို့ နေရာသို့ပြောင်းရွှေ့ ပြီး တဲများထိုး၍ ရွာတည်ခဲ့ကြကာFa Hlam ဟု အမည်ပေးခဲ့ကြသည်။ Fa သည်သားသမီးများ၊ Hlam သည် ခိုလှုံရာတဲဟုအဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် ဖလမ်းသည် သားသမီးများ လုံခြုံစွာ ခိုလှုံသည့်တဲဟု ဆိုလိုပေသည်။ဖလမ်းသည် ၁၉၆၇ ခုနှစ် မတ် ၂၇ ရက်အထိ ချင်းဝိသေသတိုင်း၏ မြို့တော်ဖြစ်ခဲ့ကာ၁၉၇၃ ခုနှစ်တွင် ဖလမ်းမြို့နယ်ကို မြို့တစ်ခု၊ရပ်ကွက် ခြောက်ခု၊ ကျေးရွာအုပ်စု ၈၆ အုပ်စု(ကျေးရွာ ၁၇၉ ရွာ) ဖြင့် ဖွဲ့စည်းခဲ့သည်။ ဖလမ်းမြို့နယ်၏ အရှေ့ဘက်တွင် ကလေးမြို့နယ်၊အနောက်ဘက်တွင် ထန်တလန်မြို့နယ်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ တောင်ဘက်တွင် ဟားခါးမြို့နယ်နှင့် မြောက်ဘက်တွင် တီးတိန်မြို့နယ်တို့ တည်ရှိသည်။

ဖလမ်းမြို့နယ်သည် အရှေ့မှ အနောက်သို့ မိုင်၄၀၊ တောင်မှမြောက်သို့ ၂၅ မိုင် ရှည်လျားကာ၉၈၈ ဒသမ ၉၀ စတုရန်းမိုင် ကျယ်ဝန်းသည်။မဏိပူရမြစ်သည် ဖလမ်းမြို့နယ်မြောက်ပိုင်းမှစီးဆင်းလာကာ ဖလမ်းမြို့၏ မြောက်ဘက်တွင်အရှေ့ဘက်သို့ကွေ့ ၍ မြစ်သာမြစ်အတွင်းသို့ စီးဝင်လျက်ရှိသည်။ ဖလမ်းမြို့နယ်၏ ရာသီဥတုသည် သမပိုင်းဇုန် ရာသီဥတုဖြစ်ကာ ပျမ်းမျှအပူချိန်သည် ၃၂ ဒီဂရီစင်တီဂရိတ်နှင့် ၂ ဒီဂရီစင်တီဂရိတ်အကြားဖြစ်သည်။၂၀၁၆ ခုနှစ်တွင်၉၆ ရက်အတွင်း မိုးရေချိန် ၆၄ ဒသမ ၇၂ လက်မမိုးရွာသွန်းခဲ့သည်။
မြို့နယ်အတွင်း ထင်းရှူး၊ တောင်ဇလပ်၊ကညင်၊ အင်ကြင်းနှင့် ချယ်ရီပင်များ အများဆုံး ပေါက်ရောက် နေကာ တောဝက်၊ တောင်ဆိတ်၊ဝက်ဝံစသည့် တောရိုင်းတိရ္ဆာန်များ ကျက်စားနေထိုင်သည်။ မြို့နယ်၏ ၁၉ ဒသမ ၁၁ ရာခိုင်နှုန်းကို သစ်တောများဖုံးလွှမ်းနေရာ ကြိုးဝိုင်းသစ်တော ၈၆၅၅၂ ဧကနှင့် ကြိုးပြင်သစ်တော၂၉၄၈၅ ဧကရှိသည်။
မြို့နယ် လူဦးရေ ၅၃၁၇၉ ဦးအနက် ချင်းလူမျိုးဦးရေသည် ၅၂၈၄၈ ဦးဖြစ်ကာ ခရစ်ယာန်ဘာသာကို အများဆုံးကိုးကွယ်ကြသည်။ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် ကမ္ဘာကျာ်အသည်းနှလုံးပုံစံ ရိဒ်ရေကန် (RIH) ရှိကာခရီးသွားများ အများအပြား လာရောက်လည်ပတ်လေ့ရှိကြသည်။

ထန်တလန်သို့

ထန်တလန်မြို့သည် ဟားခါးခရိုင်တွင် ပါဝင်ကာ အင်္ဂလိပ်အစိုးရလက်ထက်တွင် ထန်တလန်ကို နယ်စပ်စော်ဘွားများက အုပ်ချုပ်ခဲ့ပြီးလွတ်လပ်ရေးရရှိပြီးနောက် တိုက်သူကြီးများကအုပ်ချုပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဟားခါးမြို့နယ်အနောက်ပိုင်းရှိ ကျေးရွာအုပ်စု ၃၈ ခုကို ထန်တလန်မြို့နယ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ထန်တလန်မြို့နယ်ကို ရပ်ကွက်သုံးခုနှင့်ကျေးရွာအုပ်စု ၃၇ အုပ်စု(ကျေးရွာ ၈၇ ရွာ) ဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ထန်တလန်မြို့နယ်သည် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် တည်ရှိကာ ဟားခါးမြို့မှ အနောက်ဘက်သို့ ၄၈ မိုင်၊ မတူပီမြို့မှ မြောက်ဘက်သို့ ၄၆ မိုင်နှင့် ဖလမ်းမြို့မှ တောင်ဘက်သို့၂၈ မိုင် ကွာဝေးသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၆၂ ပေ မြင့်၍ ထန်တလန်မြို့နယ်ရှိ အမြင့်ဆုံး တောင်သည် ၈၉၇၃ ပေမြင့်သည့်ဘွေပါးတောင်ဖြစ်သည်။
ထန်တလန်မြို့နယ်သည် အရှေ့ဘက်တွင် ဟားခါးမြို့နယ်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ တောင်ဘက်တွင် မတူပီမြို့နယ်နှင့် မြောက်ဘက်တွင် ဖလမ်းမြို့နယ်တို့နှင့် နယ်နိ မိတ်ချင်း ဆက်နေသည်။

ချင်းပြည်နယ်၏ မြို့တစ်မြို့ ဖြစ်သည့်အတိုင်းထန်တလန်သည်လည်း တောင်တန်းများပေါများကာ ကြိုးပြင်တော ၅၉၁၈၇ ဧက၌ ထင်းရှူးပင်များ ထူထပ်စွာ ပေါက်ရောက်လျက်ရှိသည်။မြို့နယ်အတွင်း မြစ်ချောင်းများနည်းပါးကာဘွေနူးနှင့် တီအိုမြစ်တို့သည် ထန်တလန်နှင့် အိန္ဒိယနိုင်ငံကို ပိုင်းခြား ထားသည့် နယ်နိမိတ်များဖြစ်ကြသည်။

ထန်တလန်မြို့နယ်၏ ရာသီဥတုသည် အအေးမလွန်ကဲသော်လည်း အမြင့်ဆုံး အပူချိန်သည်၃၇ စင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်သည် ၃ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။အများဆုံး မိုးရွာရက်၁၄၄ ရက်အထိ ရှိခဲ့ပြီး ၂၀၁၆ – ၂၀၁၇ ခုနှစ်တွင်၁၁၃ ရက် မိုးရွာသွန်းခဲ့ကာ မိုးရေချိန် ၅၈ ဒသမ ၈၅ လက်မဖြစ်သည်။
ထန်တလန်မြို့နယ်အတွင်း ချင်းလူမျိုးများအများဆုံး နေထိုင်ကြရာတွင် ဗမာလူမျိုးများလည်း အနည်းငယ်ရှိသည်။ လူဦးရေ ၅၁၈၅၇ဦးရှိသည့်အနက် ခရစ်ယာန်ဘာသာ ကိုးကွယ်သူဦးရေသည် ၅၁၇၈၂ ဦးဖြစ်သည်။ မြို့နယ်အတွင်းစပါး၊ မြေပဲ၊ ငရုတ်နှင့် နှမ်း စိုက်ပျိုးကြကာ ကျွဲ၊နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲနှင့် ငုံးတို့ကိုမွေးမြူကြသည်။

မြို့နယ်အတွင်း အထက်တန်းကျောင်း လေးကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ကိုးကျောင်း၊ အလယ်တန်းကျောင်းခွဲ ၂၁ ကျောင်း အပါအဝင် မူလတန်းလွန်ကျောင်းများ၊ မူလတန်းကျောင်းများဖွင့်လှစ်ထားသည်။
ဒေသနေပြည်သူများ ကျန်းမာရေးအတွက်ထန်တလန် ပြည်သူ့ဆေးရုံ၊ မှောင်တလန်တိုက်နယ်ဆေးရုံ၊ လုံလဲလ်တိုက်နယ်ဆေးရုံ၊ နှာရိန်တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာန ကိုးခု ဖွင့်လှစ်ထားသည်။

တီးတိန်သို့

တီးတိန်မြို့နယ်သည် ဖလမ်းခရိုင်အတွင်းပါရှိကာ ဖလမ်းမြို့မှ ၄၅ မိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ၅၇ မိုင် ကွာဝေးသည်။ တီးတိန်၏ မူရင်းအသံထွက်သည် တဲဒိမ်ဖြစ်ကာ မြို့မရပ်ကွက် ဗန်ဆန်တွင်ရှိသည့် ရေကန်ကြီးသည်အဝေးမှကြည့်လျှင် နေ့ရော ညပါ ရောင်ပြန်ဟပ်နေသဖြင့် တလက်လက် တောက်ပနေသည့် ရေပြည့်အိုင် (တဲဒိမ်)ဟု ခေါ်ဆိုရာမှ ယင်းကန်ကို အစွဲပြုလျက် တီးတိန်ဟု အမည်တွင်ခဲ့သည်။

အင်္ဂလိပ်အစိုးရလက်ထက်တွင် တီးတိန်ကိုကမ်းဟောက်တိုက်နယ်၊ ဆုတ်တဲတိုက်နယ်နှင့် စီယန်တိုက် နယ်ဟု သုံးပိုင်းခွဲ၍ အုပ်ချုပ်ခဲ့သည်။ ၁၉၇၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင်တီးတိန်မြို့နယ်ကို ရပ်ကွက် လေးခု၊ ကျေးရွာအုပ်စု ၅၅ အုပ်စု(ကျေးရွာ ၁၃၀) ဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။၂၀၁၆ ခုနှစ်တွင် ခိုင်ကမ်းမြို့ကိုရပ်ကွက်လေးခုဖြင့် ဖွဲ့စည်းခဲ့သည်။
အရှေ့မှ အနောက်သို့ ၄၂ မိုင်နှင့် တောင်မှ မြောက်သို့ ၃၁ မိုင် ရှည်လျား၍ ဧရိယာ ၉၄၉ဒသမ ၆၉ စတုရန်းမိုင် ကျယ်ဝန်းသည့် တီးတိန် မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၅၆၆၇ ပေ မြင့်၍ မြို့နယ်အတွင်း အမြင့်ဆုံးတောင်သည် ၈၈၇၁ ပေမြင့်သည့် ထွမ်းဝုမ်းတောင်ဖြစ်သည်။

တီးတိန်မြို့နယ်သည် အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် တမူးမြို့နယ်၊ အနောက်ဘက်တွင် မီဇိုရမ်ပြည်နယ်၊ တောင်ဘက်တွင် ဖလမ်းမြို့နယ်နှင့် မြောက်ဘက်တွင် တွန်းဇံမြို့နယ်တို့နှင့် ထိစပ်နေသည်။ တီးတိန် မြို့နယ်တွင် ပေ ၃၀၀၀ မှ ၈၀၀၀ ကျော်အထိ မြင့်မားသည့် တောင်တန်းတောင်စွယ်များနှင့် မတ်စောက်သော ချိုင့်ဝှမ်းများသာရှိပြီး မြေပြန့်လွင်ပြင် မရှိချေ။ မြစ်ချောင်းများသည် တောင်ကုန်းများအကြား၌ မြောက်ဘက်မှ တောင်ဘက် သို့ စီးဆင်းနေကြရာ မဏိပူရမြစ်သည် အထင်ရှားဆုံး ဖြစ်ပေသည်။

တီးတိန်မြို့နယ်သည် တောင်တန်းများ ထူထပ်ပြီး စိုစွတ်၍ အအေးပိုသော ရာသီဥတုရှိကာ ပျမ်းမျှ အပူချိန် ၂၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့်၁၄ ဒသမ ၁ ဒီဂရီ စင်တီဂရိတ်အကြားရှိသည်။၂၀၁၆ ခုနှစ်တွင် ၁၁၉ ရက် မိုးရွာခဲ့ကာ မိုးရေချိန်၅၄ ဒသမ ၁၀ လက်မ ရရှိခဲ့သည်။မြို့နယ်အတွင်း ကျွန်း၊ ပျဉ်းကတိုး၊ သစ်မာ၊အင်ကြင်း၊ ကညင်၊ တောင်တမာ၊ ထင်းရှူးနှင့် တောင်ဇလပ်ပင်များ ပေါက်ရောက် နေသည်။သစ်ပင်ကြီးများတွင် ကပ်ပါးပင်များအဖြစ် သစ်ခွမျိုးစိတ်မျိုးစုံ ပေါက်ရောက်နေကာ နတ်ဆေးဂမုန်းအပါအဝင် ဆေးဖက်ဝင် ပရဆေးပင်များလည်း ပေါက်ရောက်လျက်ရှိသည်။ တောရိုင်း တိရိစ္ဆာန်များအဖြစ် ကြံ့၊ စိုင်၊ ကျား၊ ကျားသစ်၊ဝက်ဝံနှင့် တောင်ဆိတ်တို့ ကျက်စားနေထိုင်ကြသည်။

တီးတိန်မြို့နယ်၏ ၄၃ ဒသမ ၄၈ ရာခိုင်နှုန်းသည် သစ်တောများဖုံးလွှမ်းနေသည့်အနက် ကြိုးဝိုင်း သစ်တော ၅၂၃၂၁ ဧကနှင့် ကြိုးပြင်သစ်တော ၃၄၈၂၇ ဧကကို ထိန်းသိမ်းထားသည်။မြို့နယ်အတွင်း ချင်းလူမျိုးများ အများဆုံးနေထိုင်ကြပြီး ဗမာ၊ ကချင်၊ ရခိုင်၊ ကရင်နှင့် ရှမ်းလူမျိုးများလည်း အနည်းငယ်ရှိကာ ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ် ကြပြီး မြို့နယ်လူဦး ရေသည် ၁၅၂၄၄ ဦးဖြစ်သည်။

တီးတိန်မြို့သည် ကလေး-တွန်းဇံ-ကျီခါးမော်တော်ကားလမ်းပေါ်တွင်တည်ရှိသဖြင့် လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်ကာ စီးပွားရေးအချက်အချာကျသည့် နေရာတစ်ခုဖြစ်သည်။ပန်းသီး၊ လိမ္မော်နှင့် လက်ဖက်ကို အများဆုံးစိုက်ပျိုးထုတ်လုပ်၍ ကလေးမြို့သို့ အများဆုံးတင်ပို့ ရောင်းချကြသည်။

တီးတိန်မြို့နယ် ဝေါ့လာကျေးရွာမှ တစ်မိုင်ခွဲအကွာတွင် ရှာလ်လုမ်းခံတပ် တည်ရှိသည်။ ရှာလ်လုမ်းခံ တပ်ကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့် ရှောက်ထား သော်လည်း ခေါဆကျေးရွာအုပ်စုရှိဖို့ဝှိုက်နှင့် ဆိုင်ဇန်းကျေးရွာအုပ်စုရှိ ဆိုင်းဇန်စော်ဘွားအိမ်နှင့် လေယာဉ်ကွင်းဟောင်းတို့ကို ထိန်းသိမ်းထားခြင်း မရှိသေးပါချေ။

တွန်းဇံသို့

ဖလမ်းခရိုင် တွန်းဇံမြို့သည် ချင်းပြည်နယ်၏ မြောက်ပိုင်းအစွန်တွင်တည်ရှိကာ တွန်းဇံမြို့နယ် ကျီခါးမြို့သည် ချင်းပြည်နယ်၏ မြောက်ပိုင်းအစွန်ဆုံးနေရာဖြစ်သည်။ တီးတိန်-ကျီခါးကား လမ်းပေါ် တွင် တည်ရှိသည့် တွန်းဇံသည် ၁၃၆၀ဒသမ ၃၅၆ စတုရန်းမိုင် ကျယ်ဝန်းလျက် ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၄၀ပေ မြင့်သည်။
တွန်းဇံမြို့ကို ၁၈၇၀ ပြည့်နှစ်က ကမ်းဟောက်နယ်စား ပူခေါကျင့် လက်ထက်တွင် လက်ရှိ ခေါမွန့် ပိုးစာခြံရှိသော နေရာဖြစ်သည့် ခေါဝုန်အရပ်တွင် အိမ်ခြေ ၃၀ ဖြင့် စတင်ထူထောင်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် ကမ်းဟောက်နယ်စား ပူကျင့်ဟောက်ခုပ် လက်ထက်တွင် ခေါဝုန်အရပ်မှ ခွောင်ခန့်သို့ ပြောင်းရွှေ့ကာ တွန်းဇံဟုအမည်ပေးခဲ့သည်။ တွန်းသည် အတူတကွ သွားလာလှုပ်ရှားနေထိုင်ခြင်းဟု အဓိပ္ပာယ်ရှိပြီးဇံက အခြေစိုက်နေထိုင်ခဲ့သောအရပ်ဟု ဆိုလိုသည်။

၁၉၆၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် တွန်းဇံမြို့ပိုင်ရုံးကို ဖွင့်လှစ်ခဲ့ကာ ၁၉၇၂ တွင် မြို့နယ်အဖြစ် သတ်မှတ်ခဲ့၍ ရပ်ကွက်နှစ်ခု၊ ကျေးရွာအုပ်စု ၃၁ အုပ်စု(ကျေးရွာ ၉၁ ရွာ)ဖြင့် ဖွဲ့စည်းခဲ့သည်။ တွန်းဇံမြို့နယ်သည်လည်း တောင်ကုန်း တောင်တန်းများဝန်းရံနေကာ မြေပြန့်လွင်ပြင် အနည်း ငယ်သာ ရှိသည်။ အရှေ့ဘက်တွင်ကလေးမြို့နယ်နှင့် တမူးမြို့နယ်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ တောင်ဘက်တွင် တီးတိန်မြို့နယ်နှင့် မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မဏိပူရ်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည်။

မဏိပူရမြစ်သည် တွန်းဇံမြို့မှ ငါးမိုင်အကွာတွင် မြောက်မှ တောင်သို့ စီးဆင်းနေကာ မြို့နယ်အတွင်း မြစ်ချောင်းများရှိသည်။ တွန်းဇံမြို့နယ်၏ရာသီဥတုသည် ပျမ်းမျှ အပူချိန် ၃၂ ဒသမ ၂၂ဒီဂရီစင်တီဂရိတ်နှင့် ၅ ဒသမ ၈၈ ဒီဂရီ စင်တီဂရိတ်အကြားရှိသည်။ ၂၀၁၆ ခုနှစ်တွင် ၁၀၂ရက် မိုးရွာခဲ့ကာ မိုးရေချိန် ၄၉ ဒသမ ၅၂ လက်မရရှိခဲ့သည်။

တွန်းဇံမြို့နယ်အတွင်း ကျွန်း၊ ပျဉ်းကတိုး၊အင်၊ ကညင်၊ အင်ကြင်း၊ ကညင်၊ ဝက်သစ်ချ၊ထင်းရှူးနှင့် တောင်ဇလပ်၊ ချယ်ရီ အစရှိသည့်အပင်များ ပေါက်ရောက်သည်။ တောရိုင်းတိရိစ္ဆာန်များအဖြစ် ဆတ်၊ တောင်ဆိတ်၊တောဆိတ်၊ ဂျီ၊ တောဝက်၊ ကျား၊ ကျားသစ်၊ဝက်ဝံ၊ တောခွေး၊ တောကြောင်နှင့် မျောက်များကျက်စားနေထိုင်ကြ သည်။တွန်းဇံမြို့နယ်၏ ၃၇ ဒသမ ၃၂ ရာခိုင်နှုန်းသည် သစ်တောများ ဖုံးလွှမ်းနေသည့်အနက် ကြိုးဝိုင်းသစ်တော ၂၆၀၉ ဧကနှင့် ကြိုးပြင်သစ်တော ၂၂၉၃၂၄ ဧကကို ထိန်းသိမ်းထားသည်။ မြို့နယ်အတွင်း ချင်းလူမျိုးများ အများဆုံးနေထိုင်ကြပြီး ဗမာလူမျိုးများလည်း အနည်းငယ်ရှိကာ ဒေသနေသူများသည် ခရစ်ယာန်ဘာသာ အများဆုံးကိုးကွယ်ကြသည်။ မြို့နယ် လူဦးရေသည် ၃၂၆၅၀ ဖြစ်သည်။ မြို့နယ်အတွင်း ပြည်သူများသည် စိုက်ပျိုးရေးနှင့် ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ ဝက်တို့ကို တစ်နိုင်တစ်ပိုင် မွေးမြူခြင်းများဖြင့် အသက်မွေးကြပြီးစီးပွားရေးတိုးတက်မှု နည်းပါးသည့် မြို့နယ်တစ်ခုဖြစ်သည်။လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်း ပြည်နယ်ခရီး တစ်လျှောက် မြို့ ရွာများ တစ်ခုနှင့် တစ်ခုအကြားတွင် စက်ယန္တရားများဖြင့် လမ်း များတိုးချဲ့ ဖောက်လုပ်နေပုံကို မြင်တွေ့ ကြရပေသည်။

လမ်းလုပ်ငန်းခွင်များ၌ မိန်းကလေးများ အလုပ်လုပ်နေကြသည်ကို အများဆုံးတွေ့ရှိရသဖြင့် မေးမြန်းကြည့်ရာတွင် ယောက်ျားလေးအများစုသည် အရွယ်ရောက်လာကြလျှင် ပြည်ပ နိုင်ငံများသို့ သွားရောက်လုပ်ကိုင်ကြသဖြင့်ကျေးလက်များတွင် မိန်းကလေးများက အများစု ဖြစ်နေကာ ဒေသလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြကြောင်း သိရှိရပေသည်။

သယံဇာတထွက်ရှိမှု မရှိသည့်အပြင် တောတောင်ထူထပ်မှုများပြားသဖြင့် စီးပွားရေးတိုးတက်မှု အတန်ငယ်နှေးကွေးနေသည့် ချင်းတောင်ဒေသ၌ မိမိတို့ သွားခဲ့သည့် လမ်းတစ်လျှောက် မည်သည့်နေရာတွင်မှ လမ်းကြေး၊တံတားကြေး၊ မြို့ဝင်ကြေးများ ကောက်ခံမှု မရှိခဲ့ပါချေ။ ထို့အတူ လောင်စာဆီ အဆင့်မြင့်အရောင်းဆိုင်ကို ဟားခါးမြို့ ၌သာ မြင်တွေ့ခဲ့ကြရပေသည်။

ခရီးအသွားအလာများသည့် နေရာများတွင်အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခဲ့ကြပုံများကို မြင်ကြရ သကဲ့သို့ တောင်ဇလပ်ပန်းများကို မခူးဆွတ်ရန် တားမြစ်ထားသည့်တိုင် စည်းကမ်းလိုက်နာမှု အားနည်းနေသေးသည်ကို ကြုံတွေ့ခဲ့ကြရပေသည်။

သို့သော် အေးမြသော ရာသီဥတုအောက်ဝယ် တောင်စောင်းများတွင် တည်ဆောက်ထား သည့် ချင်းအိမ်များ၊ အိမ်ရှေ့ မျက်နှာစာတွင်ချိတ်ဆွဲထားသည့် တိရစ္ဆာန်ဦးခေါင်းခွံများ၊မျက်နှာတွင် ပါးရဲများထိုးထားသည့် သက်ကြီးအမျိုးသမီးများ၊ တောတောင်များတွင် ပွင့်လန်း နေသည့် တောင်ဇလပ်ပန်းများ၊ မိုးသို့ မျှော်နေသည့် တောင်စွယ်တောင်တန်းများ၊ သဘာဝချိုင့်ဝှမ်းများ အစရှိသည်တို့သည် ချင်းတောင်တန်းဒေသ၏ အမှတ်လက္ခဏာများအဖြစ် လှပစွာ တည်ရှိနေကြပေသည်။ ။

ကိုးကား

(၁) မြန်မာ့စွယ်စုံကျမ်း
အတွဲ(၂)၊(၄)၊(၇)၊(၈)၊(၉)၊(၁၃)
(၂) ချင်းပြည်နယ် ဒေသဆိုင်ရာ
အချက်အလက်များ
(အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)

Leave a comment

Filed under Anthropology, Chin, Ethnic Minority, Research

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s