အကောင်းမြင် ၂၀၁၇

ကိုသင်ကာ

၂၀၁၇ ခုနှစ် နှစ်ချုပ်ကို အမျိုးမျိုး အများအပြား ရေးကြတာ တွေ့ရပါတယ်။ အထူးသဖြင့် အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ အစွန်းရောက်တွေရဲ့ ဗုံးခွဲမှုတွေ၊ မတော်တဆမှုတွေအပြင် ဟောလိဝုဒ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတဲ့ ကိစ္စတွေအထိ စိတ်မသက်သာစရာတွေ ရက်စွဲစဉ်အလိုက် အများအပြားတွေ့ရပါတယ်။ အဲဒီလိုဖြစ်စဉ်တွေထဲကမှ အကောင်းဘက် အပြုသဘောဆောင်တဲ့ ကိစ္စတွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးဆိုင်ရာ ၂၀၁၅ ခုနှစ် ပဲရစ် သဘောတူညီချက်

ပဲရစ် သဘောတူညီချက်မှာ ဆီးရီးယားနဲ့ နီကာရာဂွာတို့က လက်မှတ်ရေးထိုးလိုက်တာကြောင့် တစ်ကမ္ဘာလုံးမှာ နိုင်ငံတိုင်းက ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးမှာ ပါဝင်လာပြီလို့ ဆိုနိုင်ပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့် တက်လာပြီးနောက် ပဲရစ် သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပေမယ့် စည်းမျဉ်း စည်းကမ်းအရ ၂၀၂၀ နိုဝင်ဘာ ၄ ရက်နေ့အထိ အပြီးအပိုင် ကျောခိုင်းလို့ မရသေးပါဘူး။ အကောင်းမြင်ရတဲ့ အကြောင်းကတော့ နောက်လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲဟာ ၂၀၂၀ နိုဝင်ဘာ ၃ ရက်နေ့မှာ ဖြစ်လို့ပါပဲ။
ကမ္ဘာ့ဘဏ်ကလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွေအတွက် ချေးငွေတွေကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာထားပါတယ်။

ဂီနီ ကပ်ပါးပိုး ရောဂါဖြစ်ပွားမှု တစ်ကမ္ဘာလုံးမှာ ၂၆ ခုသာ ကျန်

ဂီနီ ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဟာ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက ၃ ဒသမ ၅ သန်း ရှိခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ ရောဂါဖြစ်ပွားမှု ၂၆ ခုသာ ကျန်တဲ့အတွက် အမြစ်ပြတ်တော့မှာ ဖြစ်ပါတယ်။ ဂီနီ ကပ်ပါးပိုး (Dracunculiasis) ဟာ ပိုးလောက်လမ်း ပါတဲ့ရေကို သောက်သုံးမိရာမှ ကူးစက်ခံရတာဖြစ်ပြီး အာဖရိကမှာ စတင် ဖြစ်ပွားခဲ့ပါတယ်။
လူသားကို ကူးစက်တဲ့ ပိုးလောက်လန်းကို သတိမထားမိဘဲ ရှိတတ်ပြီး ခန္ဓာကိုယ် တစ်နေရာမှာ အရေကြည်ဖုလို ပေါ်လာကာ ကပ်ပါးပိုးက အဲဒီအပေါက်ကနေတစ်ဆင့် ခန္ဓာကိုယ် အရေပြားကို ဖောက်ထွက်လာတဲ့ ရောဂါကူးစက်မှုဖြစ်ပြီး ကြောက်စရာ ကောင်းပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဥတွေဥပြီး ကူးစက်ပေါက်ပွားကာ အန္ဓာကိုယ်အနှံ့က ဖောက်ထွက်မှုကြောင့် နာကျင်စွာ ခံစားပြီး သေဆုံးရတတ်ပါတယ်။

ဝက်သက်ရောဂါ ဖြစ်ပွားမှု ၈၄ ရာခိုင်နှုန်း ကျဆင်း

ကမ္ဘာပေါ်မှာ ဝက်သက်ရောဂါ ဖြစ်ပွားမှု ပထမဆုံး အကြိမ်အဖြစ် ၂၀၁၇ ခုနှစ်မှာ ၁ သောင်းအောက် ကျဆင်းသွားပါတယ်။ ၂၀၀၀ ပြည့်နှစ်ကတည်းက ဖြစ်ပွားမှုနဲ့ နှိုင်းယှဉ်ရင် ၈၄ ရာခိုင်နှုန်း ကျဆင်းသွားတာ ဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ်တုန်းက ဝက်သက်ကြောင့် သေဆုံးသူ ၅ သိန်းခွဲ ရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာတစ်ဝန်းမှာ ဝက်သက် ရောဂါ ကာကွယ်ဆေးကို လူ ၅ ဒသမ ၅ သန်းအား ထိုးနှံပေးပြီးပြီလို့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကြေညာပါတယ်။ ကာကွယ်ဆေး မရှိစဉ်ကဆိုရင် ဝက်သက်ကြောင့် ကမ္ဘာတလွှားမှာ နှစ်စဉ် လူ ၁ ဒသမ ၃ သန်း သေဆုံးလေ့ ရှိခဲ့ပါတယ်။

ပိုလီယိုရောဂါ ဖြစ်ပွားမှု ကမ္ဘာမှာ ၁၀၁ ခုသာ ရှိတော့

ပိုလီယိုရောဂါဟာ အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ကြောက်စရာ ရောဂါတစ်မျိုးဖြစ်ပြီး တစ်သက်လုံး မသန်စွမ်း ဖြစ်သွားစေနိုင်ပါတယ်။ ပိုလီယိုရောဂါ အမြစ်ဖြတ်ရေးကို ကမ္ဘာတစ်ဝန်းမှာ ၁၉၈၈ ခုနှစ်က စတင်ခဲ့ပါတယ်။ အဲဒီကာလက တစ်နှစ်ကို ပိုလီယိုဖြစ်ပွားမှု ၃ သိန်းခွဲအထိ ရှိပါတယ်။ ကာကွယ်ဆေး ထိုးပေးတဲ့ လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီး နောက် အခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ပိုလီယိုရောဂါ ဖြစ်ပွားမှု ၁၀၁ ခုသာ ရှိပါတယ်။ ကလေးငယ် ၁ ဒသမ ၅ သန်းကို သေဘေးကနေ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Poor Indian children asking for food, India

ကမ္ဘာမှာ ငတ်မွတ်ခေါင်းပါးမှု ၂၇ ရာခိုင်နှုန်း လျော့ကျ

ကမ္ဘာ့ ငတ်မွတ်ခေါင်းပါးမှုကို တိုင်းတာဖို့ ခက်ခဲရှုပ်ထွေးပေမယ့် ‘နိုင်ငံတကာ အစားအစာ မူဝါဒ သုတေသန အင်စတီကျု’ (FPRI) က နည်းမျိုးစုံနဲ့ တိုင်းတာဖို့ ကြိုးစားခဲ့ပါတယ်။ အာဟာရ မပြည့်ဝမှု၊ ကလေးသေဆုံးမှုနှုန်း၊ ကလေးငယ် ကြီးထွားမှုနှုန်းနဲ့ မွေးဖွားစဉ် ကလေးသေဆုံးမှုနှုန်း စတာတွေနဲ့ ပူးပေါင်းပြီး တိုင်းတာကာ ‘ကမ္ဘာ့ ငတ်မွတ်ခေါင်းပါးမှု ညွှန်းကိန်း’ ကို ရေးဆွဲခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာ လူငါးဦးလျှင် တစ်ဦးနှုန်း ၁၈ ဒသမ ၆ ရာခိုင်နှုန်းဟာ အစာရေစာ ဝလင်မှု မရှိတာကို တွေ့ခဲ့ရပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ ၁၅ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ၁၀ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ စုစုပေါင်း အတိုင်းအတာနဲ့ ၂၇ ရာခိုင်နှုန်း လျော့ကျခဲ့တာ ဖြစ်ပါတယ်။

၂၀၄၀ မှာ ဓာတ်ဆီနဲ့ ဒီဇယ်သုံးကားတွေ ပိတ်ပင်မယ်လို့ ဗြိတိသျှ အစိုးရ ကြေညာ

၂၀၄၀ ပြည့်နှစ်မှာ ကားလမ်းပေါ်မှာ မောင်းနေတဲ့ ကားအားလုံးဟာ လျှပ်စစ်သုံးကားတွေ ဖြစ်ရမယ်လို့ ဗြိတိသျှ အစိုးရက ဒီနှစ်ထဲမှာ ကြေညာလိုက်ပါတယ်။ အဓိကအားဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချဖို့ ဖြစ်ပါတယ်။ ဗော်လ်ဗို (Volvo) ကားကုမ္ပဏီကတော့ လျှပ်စစ်ကားကို ၂၀၁၉ ခုနှစ်ကစပြီး ထုတ်လုပ်ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။

အမျိုးသမီးတွေသာ ဦးစီးတဲ့ အီသီယိုးပီးယား လေကြောင်းလိုင်း စတင်

လေယာဉ်မှူးကနေ လေယာဉ်မယ်အထိ အမျိုးသမီးတွေချည်း ပါတဲ့ အီသီယိုးပီးယား လေကြောင်းလိုင်းကို ဒီနှစ်ထဲမှာ စတင်လိုက်ပါတယ်။ ဘိုးအင်း 777 ကို မောင်းနှင်မယ့် လေယာဉ်မှူးက အမ်ဆာလီ ဂူအာလူ ဖြစ်ပြီး လက်ထောက်က တီဂျစ် ကီဘရက် ဖြစ်ပါတယ်။

ဗြိတိန်မှာ ကျောက်မီးသွေး ကင်းလွတ်နေ့ တစ်ရက် ဖန်တီးခဲ့

ဗြိတိန်နိုင်ငံက ဧပြီလထဲမှာ ၂၄ နာရီ ကျောက်မီးသွေး မသုံးဘဲနေတဲ့ ကင်းလွတ်နေ့ ဖန်တီးနိုင်ခဲ့ကြောင်း အမျိုးသားဓာတ်အားပေးအဖွဲ့က ကြေညာပါတယ်။ ဗြိတိန်မှာ စက်မှုတော်လှန်ရေး စတင်ပြီးကတည်းက ပထမဆုံးအကြိမ် ၂၄ နာရီကြာအောင် ကျောင်းမီးသွေး မသုံးဘဲ နေခဲ့ကြတာ ဖြစ်ပါတယ်။

အားကစားသုံး ခြေတုရလို့ ပျော်ရွှင်နေတဲ့ မိန်းကလေးငယ်

ဗြိတိန်နိုင်ငံ၊ ဘာမင်ဂမ်မှာနေတဲ့ မိန်းကလေးငယ်ဟာ အားကစားသုံး ခြေတုရလို့ ပျော်ရွှင်ပြီး သူ့သူငယ်ချင်းတွေကို ပြသခဲ့ပါတယ်။ အသက် ခုနစ်နှစ်အရွယ် အာနူဟာ အားကစားသုံး ခြေတုနဲ့ ကျောင်းသွားတက်ခဲ့ပါတယ်။ ကျောင်းမှာ သူငယ်ချင်းတွေကို သူရဲ့ ခြေတု စွမ်းဆောင်နိုင်မှုကို ကြွားခဲ့ပြီး မြင်ရသူတွေ စိတ်ချမ်းသာခဲ့ကြပါတယ်။

Leave a comment

Filed under Article, Ecology, Environment, Health, Poverty, Review

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s