ရာသီဥတုအပူ၊ အနောက် မရှုနိုင်မကယ်နိုင်ရင် အရှေ့ ကူမလား

(ဓာတ်ပုံ – SCMP)

သင်ကာ

ဂျာမနီနိုင်ငံ၊ ဘွန်းမြို့မှာ ကျင်းပတဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲဟာ တကယ် အလုပ်ဖြစ်မယ့် ကိစ္စ နည်းနည်းလောက်နဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။ နောက်နှစ် ဆွေးနွေးပွဲကို ပိုလန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဥရောပရှိ ဘယ်မြို့တွေမှာပဲ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွေကို ကျင်းပသည်ဖြစ်စေ တကယ်အဖြေက အနောက်က လာပါ့မလား။ အရှေ့ကရော မလာနိုင်ဘူးလား။ ရာသီဥတု ပြောင်းလဲမှု ရလဒ်ကို အနောက်နဲ့ အရှေ့ ဘယ်အခြမ်းမှာ ပိုပြီး ရင်ဆိုင်လာနေရသလဲ။

ရာသီဥတု ပြောင်းလဲမှုဟာ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးမှုကို ထည့်မတွက်တဲ့ စီးပွားရေး မိုဒယ်ရဲ့ ထင်မထားတဲ့ အကျိုးဆက် နမူနာ ဖြစ်ပါတယ်။ အိန္ဒူမြစ်ဝှမ်းလို အာရှဒေသ တချို့ဟာ ၂၁၀၀ ပြည့်နှစ်မှာ လူနေလို့ မရအောင် ပူလောင်လိမ့်မယ်လို့ ဟောကိန်းထုတ်ထားတာ ရှိပါတယ်။

ကြီးမားတဲ့ ဆိပ်ကမ်းမြို့ကြီးတွေဟာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပါပြီ။ ဘုံသယံဇာတတွေ ဖြစ်တဲ့ မြေ၊ ရေ၊ သစ်တောတွေဟာလည်း အလွန်အကျွံသုံးစွဲပြီး ဖြစ်နေပါပြီ။ ရာသီဥတု ပြောင်းလဲမှုဟာ စိုက်ပျိုးရေးကို ထိခိုက်စေပြီး သန်းရာချီတဲ့ ကမ္ဘာ့လူသားတွေအတွက် စားနပ်ရိက္ခာ ပြဿနာကို ဖြစ်စေမှာပါ။

ရာသီဥတု ပြောင်းလဲမှုရဲ့ ဒဏ်ကို အခုကတည်းက စပြီး ခံစားနေပြီဆိုတာ အိန္ဒိယမှာ ကျင်းပတဲ့ နိုင်ငံတကာ ခရစ်ကက် ပြိုင်ပွဲ ရပ်လိုက်ရတာက နမူနာ ဖြစ်ပါတယ်။ အိန္ဒိယမှာ လေထုညစ်ညမ်းမှု မြင့်လွန်းတာကြောင့် ခရစ်ကက် ကစားသမားတွေ အော့အန်ကြလို့ ကစားပွဲကို ရပ်လိုက်ရပါတယ်။ အနောက်နိုင်ငံတွေမှာ အခြေအနေ ဒီလောက်အထိ ဆိုးတယ်လို့ မပြောနိုင်သေးပါဘူး။

အနောက်နိုင်ငံတွေရဲ့ အခက်အခဲတွေကတော့ မီးခိုးထွက်တာ ထိန်းချုပ်ဖို့ ကား မသုံးတာမျိုး စတဲ့ ခေတ်မစားတဲ့ ဆုံးဖြတ်ချက်မျိုးတွေနဲ့ လုံးချာလည် လိုက်နေဆဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက နိုင်ငံရေးသမားတွေက ဈေးကွက်ယန္တယား၊ နည်းပညာ တီထွင်ဆန်းသစ်မှုတွေနဲ့ ရာသီဥတု ပြောင်းလဲမှု ပြဿနာကို အဖြေရှာဖို့ ပိုပြီး အားသန်နေကြပါတယ်။ ကမ္ဘာကြီးရဲ့ အနာဂတ်ကို ဖြေရှင်းရေးဟာ ဝါရှင်တန်နဲ့ ဘရပ်ဆဲလ်တို့မှာထက် ဘေဂျင်း၊ နယူးဒေလီ၊ ဂျကာတာ၊ လာဂို့စ်တို့မှာ လာပြီး ဆွေးနွေးဆုံးဖြတ်တာ ပိုကောင်းပါလိမ့်မယ်။

အာရှ အစိုးရတွေဟာ တိုးတက်မှုနဲ့ ရေရှည်တည်တံ့မှုဆိုတဲ့ ဆန့်ကျင်ဘက် စိန်ခေါ်မှု နှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ အာရှမှာ ဆင်းရဲနွမ်းပါးတဲ့ လူဦးရေလည်း များပြားပြီး ဘဝရပ်တည်ရေးအတွက် လုပ်ငန်း ကျွမ်းကျင်တဲ့ စွမ်းရည်လည်း ဖြည့်ဆည်းခွင့် နည်းပါးပါတယ်။ ဘဝရှင်သန် ရပ်တည်ရေးအတွက် အနည်းဆုံး လိုအပ်ချက်ဖြစ်တဲ့ လုံခြုံမှု၊ စားနပ်ရိက္ခာ လုံလောက်မှု၊ သန့်ရှင်းတဲ့ရေ၊ ကိုယ်ပိုင်အိမ်၊ လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်တွေတောင် ပြည့်ပြည့်စုံစုံ မရသူက အများစုကြီး ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေလို မဟုတ်ဘဲ သယံဇာတတွေ ထုတ်ယူသုံးစွဲပြီး လူနေမှု အဆင့်အတန်း တိုးတက်အောင် လုပ်ဆောင်နေကြရပါတယ်။ ဒီလို ရပ်တည်နေရတာကိုက ကပ်ဘေးတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။ လက်ရှိ အခြေအနေကတော့ သိပ္ပံပညာရှင်တွေ ရှင်းရှင်းလင်းလင်း ပြောသလို အခြေအနေဟာ ဆိုးသည်ထက်သာ ဆိုးနေတယ် ဆိုတာပါပဲ။

အာရှဟာ မတူကွဲပြားမှုတွေ များပါတယ်။ ကမ္ဘောဒီးယား၊ မြန်မာ၊ မလေးရှား လူလတ်တန်းစား ဝင်ငွေတို့လို ကိစ္စမျိုးတွေမှာ တောင်ကိုရီးယား ဒါမှမဟတ် စင်ကာပူဟာ အဖြေရှာဖို့ ကွဲလွဲတဲ့ အမြင်တွေ တွေ့ရပါလိမ့်မယ်။
လာမယ့် ဆယ်စုနှစ်တွေအတွင်း ကိုယ့်တိုင်းပြည်က လူဦးရေအတွက် သယံဇာတ စီမံခန့်ခွဲမှုတွေကို အာရှ အစိုးရတွေအနေနဲ့ မလွဲမသွေ လုပ်ရမှာ ဖြစ်ပါတယ်။ အနောက်တိုင်းက ရှုမြင်တဲ့ စံနှုန်းတွေနဲ့ တူနိုင်မှာ မဟုတ်တဲ့ ဖွံ့ဖြိုးရေး အဖြေရှာမှု နည်းလမ်းတွေ လိုအပ်ပါတယ်။ တစ်ဦးချင်း အခွင့်အရေးထက် အစုအပေါင်းအလိုက် လူမှုဖူလုံရေးကို ပိုပြီး အာရုံစိုက်ဖို့ လိုပါတယ်။ အလွန်အကျွံသုံးစွဲမှုနဲ့ ဖြုန်းတီးမှုကို ရှောင်ရှားဖို့ စီမံခန့်ခွဲမှုတွေ လိုပါတယ်။

အာရှအနေနဲ့ ဘာလုပ်ကြမလဲ။ ပြီးခဲ့တဲ့ အောက်တိုဘာ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံကတော့ အကောင်းမြင်တဲ့ သတိပေးချက်တွေ ပေးသွားပါတယ်။ သုံးနာရီကြာတဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ မိန်ခွန်းမှာ တစ်ချက်ကို ဆွဲထုတ်ရရင် တရုတ်နိုင်ငံရဲ့ ‘မူဝါဒ ထိပ်တိုက်တွေ့နေမှု’ ပြန်လည် အဓိပ္ပာယ် ဖွင့်ဆိုချက် ဖြစ်ပါတယ်။

ခေတ်သစ် တရုတ်ပြည်ရဲ့ ဖခင်ကြီး တိန့်ရှောင်ဖိန်ကတော့ နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ဖွံ့ဖြိုးမှု အားနည်းခြင်း ထိပ်တိုက်တွေ့မှုကို ပြောခဲ့ပါတယ်။ အခု သမ္မတ ရှီကတော့ တစ်ဖက်က ချိန်ခွင့်လျှာမညီမှုနဲ့ မလုံလောက်တဲ့ ဖွံ့ဖြိုးမှု၊ ကျန်တစ်ဖက်က ကောင်းမွန်တဲ့ဘဝအတွက် လူတွေရဲ့ လိုအပ်ချက် တိုးမြင့်နေမှု နှစ်ခုအကြား ထိပ်တိုက်တွေ့မှုလို့ ဖွင့်ဆိုသွားပါတယ်။ ဖွံ့ဖြိုးရေးတစ်ခုတည်းသာ ကြည့်တဲ့ မူဝါဒကနေ ဖယ်ခွာပြီး ချိန်ခွင့်လျှာ ပိုမျှမှုဆီ ဦးတည်ဖို့ သမ္မတ ရှီက အချက်ပြလိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့လို ကြီးမားတဲ့ အာရှနိုင်ငံတွေဟာ ဒီချဉ်းကပ်နည်းကို အတုယူသင့်ပါတယ်။ အာရှတိုက်ရဲ့ ချိန်ခွင်လျှာမမျှတဲ့ မိုဒယ်ပုံစံက ကျေးလက်တွေမှာ ဖွံ့ဖြိုးမှု မရှိဘဲ မြို့ပြတွေမှာသာ ဦးစားပေးအနေနဲ့ ဖွံ့ဖြိုးတိုးတက်နေတာကို အခြေခံနေပါတယ်။ အာရှရဲ့ ကြီးမားတဲ့ မြို့ကြီးတွေဟာ ကျပ်ညှပ်ပြွတ်သိပ်နေမှု၊ လူဦးရေထူထပ်မှုနဲ့ မွန်းကြပ်ပူပြင်းမှုတွေကြောင့် နေဖို့ခက်ခဲတဲ့ နေရာတွေ ဖြစ်လာနေပါတယ်။ မညီမျှမှုတွေကလည်း ပိုတိုးပွားနေပါတယ်။

အာရှဟာ ခေတ်မီမှုကို ဆုပ်ကိုင်ဖို့ ကြိုးစားနေပေမယ့် တကယ့် လက်တွေ့ကျကျကြည့်ရင် အနောက်တိုင်း လူနေမှု ပုံစံတွေကို ကူးယူနေသလိုသာ ဖြစ်နေပါတယ်။ ဒီလို လုပ်ဆောင်နေတာဟာ ရာစုနှစ်များစွာ လူ့အဖွဲ့အစည်းကို စုစည်းထိန်းသိမ်းပေးထားတဲ့ တန်ဖိုးထားမှုတွေ ဗဟိုပြုနေတဲ့ ယဉ်ကျေးမှုနဲ့ အစဉ်အလာတွေ ဆိတ်သုဉ်းလာမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနောက်ပိုင်းမှာ ကန္တာရဖြစ်လာမှုကို တားဆီးဖို့ ဆယ်စုနှစ်နဲ့ချီကြာတဲ့ သစ်တော ပြန်လည်စိုက်ပျိုးမှုကို လုပ်နေပါတယ်။ ဗီယက်နမ်ကလည်း ကျေးလက်က ဆည်မြောင်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပြီး စပါးစိုက်ပျိုးမှု အထွက်ကောင်းအောင် လုပ်နေပါတယ်။ ဖိလစ်ပိုင်မှာတော့ သဘောထား တင်းမာတဲ့ သမ္မတ ဒူတာတေးဟာ သတ္တုတွင်းတွေ အလွန်အကျွံတူးဖော်တာကို ဆန့်ကျင်နေပါတယ်။

စင်ကာပူက သေးငယ်ပြီး ချမ်းသာတဲ့နိုင်ငံဟာ လွတ်လပ်တဲ့ ဈေးကွက်ကြောင့် နာမည်ကြီးပြီး အိမ်ယာ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လူမှုဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးနေပါတယ်။ စင်ကာပူအစိုးရက နိုင်ငံတွင်းမှာ ကားအရေအတွက်ကို ကန့်သတ်မယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ကြေညာပါတယ်။

ဒီနိုင်ငံတွေဟာ စီးပွားရေး မိုဒယ်သစ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အာရှ အစိုးရတွေဟာ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အတွေးအမြင်စိတ်ကူးတွေကို မျှဝေရာမှာ ကူညီနိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေ ဒီအာရှဒေသထဲမှာ ရှိနေပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ တခြားနည်းလမ်းတွေကို ရှာဖို့ အာရှကို နေရာပေးဖို့ လိုပါတယ်။ အနောက်နိုင်ငံ ခေါင်းဆောင်တွေ အနေနဲ့ သူတို့ မကြုံဖူးတဲ့ အာရှက စိန်ခေါ်မှုတွေကို ဖြေရှင်းရေးနည်းလမ်းတွေ လှမ်းပြီး လက်ချာရိုက်နေတာတွေ ရပ်ရပါမယ်။

အရေးအကြီးဆုံးကတော့ တိုးတက်မှုမှာ အနောက်တိုင်းက အိုင်ဒီယာတွေကို လက်ဝေခံ ယူနေတဲ့ အနေအထားကို ရပ်တန့်ပြီး အာရှက မူဝါဒ ချမှတ်သူတွေနဲ့ စီးပွားရေးခေါင်းဆောင်တွေဟာ ဒီဦးဆောင်မှုကို စတင်ရမှာ ဖြစ်ပါတယ်။

(Source: The Guardian)

Leave a comment

Filed under Article, Ecology, Economics, Environment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s