လပ်စ် ဗေးဂတ်စ် အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒ ဋီကာ

သင်ကာ

အမေရိကန် လောင်းကစားမြို့တော် လပ်စ် ဗေးဂတ်စ်မှာ ပြုလုပ်တဲ့ အမေရိကန် ကျေးလက် ဂီတပွဲတော်ဟာ လုပ်နေကျ ပျော်စရာရွှင်စရာ ပွဲပါပဲ။ ဒါပေမယ့် အောက်တိုဘာ ၂ ရက်နေ့ ပွဲတော်ကတော့ တမျိုးတဖုံ အဆုံးသတ်ခဲ့ရပါတယ်။

မန်ဒါလေ ဘေ ဟိုတယ် ၃၂ ထပ်ကနေ သေနတ်ပစ်သံနဲ့ မီးပွားတွေ ထွက်လာခဲ့ပါတယ်။ ၃၂ ထပ်ပေါ်က ရာနဲ့ချီတဲ့ ကျည်ဆန်တွေဟာ လူ ၅၉ ဦးရဲ့ အသက်ကို နုတ်ယူသွားပြီး ၅၀၀ ကျော်ကို ဒဏ်ရာရစေခဲ့ပါတယ်။

နီဗာဒါပြည်နယ်၊ မက်စ်ကွိုက်မှာနေတဲ့ စတီဖင် ပက်ဒ်ဒေါက်ခ်ရဲ့ လုပ်ရပ်ဟာ မဟာအမေရိက တဖန်ပြန်ဖြစ်ရေး ကြွေးကြော်မှုမှာ ကြီးကျယ်တဲ့ဆီ မရောက်တဲ့ အကျည်းတန် လုပ်ရပ်တွေထဲက နမူနာ တစ်ခုဖြစ်ပါတယ်။ မကောင်းတဲ့နေရာမှာ ပြိုင်ကြသလို ဖြစ်နေတဲ့ ဒီလို အစုလိုက် အပြိုက်လိုက် သေအောင် ပစ်ခတ်မှုမျိုးဟာ ၂၀၁၆ ခုနှစ်မှာ အိုမာ မတ်တင်က ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုရှိ ပေါ့စ် ဂေး နိုက်ကလပ်မှာ သေနတ်နဲ့ပစ်လို့ ၄၉ ယောက်သေပြီး ၅၈ ယောက် ဒဏ်ရာရတဲ့ လုပ်ရပ်ထက် ပက်ဒ်ဒေါက်ခ် လုပ်ရပ်က ပိုသာပါတယ်။

လပ်စ် ဗေးဂတ်စ် ဖြစ်စဉ်ဟာ အာဏာပိုင်တွေကို တပ်လှန့်တာထက် ပိုနေပါတယ်။ အကြမ်းဖက်မှု လုပ်ရပ်ဆိုတာ ပျက်စီးစေမှု၊ အကျပ်ကိုင် ခိုင်းစေမှု၊ ထိခိုက်စေမှု ဖြစ်စေတဲ့၊ ဖြစ်အောင်ကြိုးပမ်းတဲ့ ဘယ် အပြုအမှုမျိုးမဆို အကျုံးဝင်တယ်ဆိုတဲ့ ဖွင့်ဆိုချက်က ရှင်းလင်းပြီး မေးခွန်းထုတ်စရာတော့ မရှိပါဘူး။

လပ်စ် ဗေးဂတ်စ် ရဲတစ်ဦးဖြစ်တဲ့ ဂျိုးဆက်ဖ် လွန်ဘာဒို အတွက်ကတော့ အဲဒီဖွင့်ဆိုချက်ထက် ပိုပြီး ဋီကာချဲ့ချင်နေပါတယ်။ ကမ္ဘာက နားလည်တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်ဆိုတဲ့ ရှုထောင့်က ကြည့်ဖို့ထက် လွန်ဘာဒို အတွက်ကတော့ ဌာနေတွင်း ဖြစ်စဉ်လို့ ယူဆချင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ ဖွင့်ဆိုချက်ထဲ ပက်ဒ်ဒေါက်ခ်ရဲ့ လုပ်ရပ်ကို ဆွဲထည့်စဉ်းစားပြီး ရည်ရွယ်ချက်ရှိတယ်လို့ လွန်ဘာဒိုက မပြောလိုပါဘူး။

ဒေသခံ တစ်သီးပုဂ္ဂလကိစ္စလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ ဒီမှာပဲသူနေတယ်၊ ဒီ လုပ်ရပ်ကို သူလုပ်တယ်လို့ လွန်ဘာဒိုက ပြောပါတယ်။ သူပြောချင်တာက သာမန်လူတစ်ယောက် အနေနဲ့ မစဉ်းစားရဲလောက်တဲ့ကိစ္စကို တစ်ဦးတည်းသဘောနဲ့ ဘယ်သူ့တိုက်တွန်းနှိုးဆော်မှုမှ မပါဘဲ၊ သွေးဆောင်မှု မရှိဘဲ၊ အကြောင်းပြချက် ခိုင်ခိုင်မာမာ ရှာမတွေ့ဘဲ လုပ်ချင်လို့ လုပ်သွားတာလို့ ဆိုလိုချင်တာပါ။ အကြမ်းဖက်မှု ဖွင့်ဆိုချက်ဟာ ပက်ဒ်ဒေါက်ခ်ရဲ့ လုပ်ရပ်လိုမျိုးကို အဓိပ္ပာယ် အကျုံးဝင်ဖို့ လိုတယ်လို့ ထောက်ပြချင်တာ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်အဖို့လည်း ပြဿနာတွေရှိတာကို ပြနေပါတယ်။ အစ္စလာမ် အကြမ်းဖက်သမားတွေ ရန်ကနေ အမေရိကန် ပြည်ထောင်စုကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ယူဆပြီး မွတ်စလင်တွေ ကြီးစိုးတဲ့ နိုင်ငံက လူတွေကို ပြည်ဝင်ခွင့် ကန့်သတ် တင်းကျပ်ထားတယ်။ လူအများအပြား သေစေတဲ့ လပ်စ် ဗေးဂတ်စ် အကြမ်းဖက်မှုက သမ္မတ ထရမ့်ရဲ့ စဉ်းစားမှုဟာ အလုံးစုံ မှန်ရဲ့လားဆိုတာကို မေးစရာ ဖြစ်နေပါတယ်။

လပ်စ် ဗေးဂတ် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ သမ္မတ ထရမ့်က လူ ၅၀ လောက်ကို သတ်ပြီး ရာနဲ့ချီ ဒဏ်ရာရစေတာ ရက်စက်မှုပဲလို့ ပြောသွားပါတယ်။ ပက်ဒ်ဒေါက်ခ်ရဲ့ နောက်ကြောင်းနဲ့ ပတ်သက်လို့ ဘာမှ ထည့်မပြောပါဘူး။ လမ်းကြောင်းမှန်တဲ့ ကျွမ်းကျင်မှုဆိုတာ ဘာလဲဆိုတာ ဒီကိစ္စက ပြနေတယ်လို့ သူက ပြောသွားပါတယ်။

ဗောက်ဇ် အွန်လိုင်းသတင်းဌာနမှာ ဂျနီဖာ ဝီလျံကတော့ ထရမ့် အားပေးအားမြှောက်သလို ဖြစ်နေတဲ့ လူဖြူကြီးစိုးရေး အန္တရာယ်ကို ထည့်ပြီး သုံးသပ်သွားပါတယ်။ ၂၀၁၇ မတ်လမှာ အသက် ၆၆ နှစ်အရွယ် လူမည်းတစ်ဦးဖြစ်တဲ့ တီမိုသီ ကက်ခ်ျမန်းကို အသက် ၂၈ နှစ်အရွယ် လူဖြူ ဂျိမ်းစ် ဟားရစ် ဂျက်ဆင်က ဓားနဲ့ ထိုးသတ်ပါတယ်။ လူမျိုးရေး မုန်းတီးမှုကြောင့် ဖြစ်တဲ့ လူသတ်မှုကို နယူးယောက်ဥပဒေအရ အကြမ်းဖက်မှုအဖြစ် အရေးယူပါတယ်။ ချားလော့စ်ဗီးလ်မှာ လူမျိုးရေးခွဲခြားမှုကို ဆန္ဒပြသူတွေ တိုက်ခိုက်ခံရလို့ အမျိုးသမီးတစ်ဦး အသတ်ခံရပြီး ၁၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါတွေက နမူနာ နည်းနည်းပဲ ရှိပါသေးတယ်။

ထရမ့် ကြွေးကြော်ခဲ့တဲ့ မဟာ အမေရိက တဖန် ပြန်ဖြစ်ရေးဟာ စိတ်တက်ကြွစရာဖြစ်သလို လမ်းကြောင်း ချော်စရာလည်း ဖြစ်နေပါပြီ။ ဒီကြွေးကြော်သံက ပေးတဲ့ တက်ကြွမှုကပဲ အကြမ်းသမားတွေ ဖြစ်လာအောင် လမ်းကြောင်းသလို ဖြစ်နေပါတယ်။

သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် သေသေမှုတို့ဟာ စက်ဆုပ်စရာ ဖြစ်ပါတယ်။ တစ်ယောက်ယောက်ဟာ ဥပဒေကို လက်တလုံးခြားလုပ်ပြီး သတ်ဖြတ်မှုတွေ လုပ်နိုင်ပါတယ်။ ပက်ဒ်ဒေါက်ခ်သာ မက်စ်ကွိုက်က မွတ်စလင်တစ်ယောက် ဖြစ်ခဲ့ရင် အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ခပ်လွယ်လွယ် အပြစ်ပုံချလို့ ရနိုင်ပါတယ်။

အင်တာဆက်ပ် ဝက်ဘ်ဆိုဒ်မှာတော့ ရွှန်ကင်းက ပြင်းပြင်းထန်ထန် ရေးပါတယ်။ ပက်ဒ်ဒေါက်ခ်ဟာ အမေရိကန်မှာ လူအများအပြားကို သေနတ်နဲ့ ပစ်ခတ်သတ်ဖူးတဲ့သူတွေလို လူဖြူတစ်ယောက်ပါပဲ။ အသားအရောင်ဟာ အကာအကွယ်တစ်ခု ပေးသလို ဖြစ်နေပါတယ်။ လူဖြူဖြစ်တာဟာ အကြမ်းဖက်သမားလို့ လွယ်လွယ်တွေးမှုကနေ အကာအကွယ်ပေးနေတယ်လို့ ရွှန်ကင်းက ရေးပါတယ်။

ရန်ဒယ် လောရဲ့ ၂၀၀၉ မှာ ထွက်ရှိတဲ့ ‘အကြမ်းဖက်မှု-သမိုင်းစဉ်’ ဆိုတဲ့စာအုပ်မှာ အကြမ်းဖက်မှုကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အကြံပြုထားပါတယ်။ ဒီလို ကျယ်ပြန့်တဲ့ ဖွင့်ဆိုချက်ကို နိုင်ငံတော်အဆင့်က တိုက်ရိုက်လုပ်ရမှာ ဖြစ်ပါတယ်။

ပြည်ထဲရေး၊ FBI နဲ့ အစိုးရ အဖွဲ့အစည်းတွေမှာ အကြမ်းဖက်မှုကို ဖွင့်ဆိုချက် အသီးသီး ရှိသလို နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တခြားတိုင်းပြည်တွေကို ရည်ညွှန်းပြီး သူ့ဖွင့်ဆိုချက်နဲ့သူ ရှိပါတယ်။ ဒါပေမယ့် လပ်စ် ဗေးဂတ်စ် ဖြစ်ရပ်ကို ဘယ်လို သုံးနှုန်းကြမလဲဆိုတာမှာ လက်တွန့်နေကြပါတယ်။

ပြည်တွင်း တိုက်ခိုက်မှုတွေကို အကြမ်းဖက်မှု စာရင်းထဲသွင်းဖို့ ခက်တယ်၊ တစ်ဦးချင်းဟာ အကြမ်းဖက်မှု တစ်ခုဖြစ်လောက်တဲ့ အားထုတ်မှုဖြစ်ဖို့ မလွယ်သလို အကြမ်းဖက် ဥပဒေနဲ့ အပြစ်ပေးဖို့လည်း မလွယ်ဘူးလို့ FBI ညွှန်ကြားရေးမှူး ခရစ် ဝါရီက ပြီးခဲ့တဲ့လအတွင်း ကွန်ဂရက်မှာ ပြောသွားပါတယ်။
အကြမ်းဖက်ဝါဒ၊ အကြမ်းဖက်မှုကို ဖွင့်ဆိုချက်နဲ့ ချမှတ်တဲ့ မူဝါဒတွေဟာ ရေလိုက်လွဲနေသလားဆိုတာ ဆန်းစစ်ဖို့ အချိန်ဖြစ်နေပါပြီ။

‘အမေရိကန် အကြမ်းဖက်သမား’ ဆိုတဲ့ အသုံးအနှုန်းက နားခါးနိုင်ပါတယ်။

(သန်လျင်ပို့စ် ဂျာနယ်မှာ ဖော်ပြပြီး)

Advertisements

Leave a comment

Filed under Article

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s