ရာသီဥတု ပြောင်းလဲမှု၊ လယ်ယာစိုက်ပျိုးရေးနဲ့ အဆုံးစီရင်မှုနှုန်း အဆက်အစပ်

သင်ကာ

မြန်မာတွေအဆိုမှာ ညောင်ဦးက ကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမ ပေါင်ကျိုးတယ် ဆိုတာကို မဆီမဆိုင်ရယ်လို့ ရည်ညွှန်းပြီး ပြောလေ့ရှိခဲ့ကြပါတယ်။ ထို့အတူပဲ ကမ္ဘာပေါ်မှာ စက်ရုံတွေက ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်လို့ တောင်အာရှ တခွင်မှာ ကိုယ့်ကိုယ်ကို သတ်သေမှု အလွန်မြင့်ရတယ်ဆိုရင် ဆက်စပ်မိဖို့ အတော်ခက်နိုင်ပါတယ်။

ကာဘွန် ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် အပူလှိုင်းမြင့်လာပြီး တောင်အာရှ ဒေသတချို့မှာ ထွန်နဲ့ နွားဖြစ်ဖြစ်၊ ထွန်စက်နဲ့ ရုန်းရတာဖြစ်ဖြစ် လယ်သမားတွေဟာ စိုက်ပျိုးမှုမှာ ခဲလေသမျှ သဲရေကျဖြစ်ပြီး အကြွေးနွံနစ်တာ၊ လူမှုရေး အစစ အခက်အခဲ ပေါ်တာတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေနေကြတာကို ပညာရှင်တွေက ချက်နဲ့လက်နဲ့ လေ့လာဖော်ထုတ်ပြလိုက်ပါပြီ။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်က ကျန်းကျန်းမာမာ လယ်သမားတွေဟာ ကိုယ့်ကိုယ်ကို သတ်သေကုန်တာ ၂၀၁၅ ခုနှစ်ထဲမှာကိုပဲ ၃၅၀၀ ဦး ရှိပြီး အဲဒါက ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးကျိုး ရလဒ်ကြောင့် ဖြစ်တယ်လို့ ဆိုင်းယင့် အက်ဒဗန့်စ် စာစောင်မှာ သုတေသီတွေက စာတမ်းတစ်စောင်ကနေ ဖော်ပြလိုက်ပါတယ်။

၂၀၁၆ ခုနှစ်ဟာ အိန္ဒိယမှာ အပူဆုံးရက်တွေ ရှိခဲ့ပြီး ပါလိုဒီမြို့၊ ရာဂျာစသန်တို့မှာ အပူချိန်ဟာ ၅၁ ဒီဂရီ ဆဲလ်ဆီးယပ်စ်တောင် ရှိခဲ့ပါတယ်။ အပူချိန် မြင့်လွန်းခြင်းဟာ ရာသီဥတု စက်ဝန်းကို မမျှော်လင့်ဘဲ ပြောင်းလဲစေပြီး လယ်ယာ စီးပွားလုပ်ငန်းတွေကို ထိခိုက်စေပါတော့တယ်။

အပူလှိုင်း ခေတ္တ ကျတာလောက်ကို လယ်သမားတွေအနေနဲ့ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ သိပေမယ့် အတိုင်းအတာ များလာရင်တော့ သူတို့လည်း ဘာလုပ်ရမယ်ဆိုတာ မသိတော့ပါဘူး။ မိရိုးဖလာ ဒေသန္တရ ဗဟုသုတတွေကလည်း မကူညီနိုင်တော့ပါဘူး။

အပူလှိုင်းတင်မှ မဟုတ်ပါဘူး၊ မိုးကြီးပြီး ရေလျှံတာလည်း သူတို့အဖို့ ဆုံးရှုံးမှုပါပဲ။ ဆက်စပ်မှုကို ပြောရရင် အပူလှိုင်း ဖြစ်ပြီဆို မုတ်သုန်ရာသီမှာ မိုးများပြီး ရေကြီးတော့တာပါပဲ။ အဲဒီဒဏ်ကို ခံရတာက ကျေးလက် ဒေသပါ။ မြေသြဇာကောင်းပြီး စိုက်ပျိုးဖို့ အသင့်ဖြစ်နေတဲ့ မြေတွေဟာ ပျက်စီးခြင်း ငါးပါး တိုင်ပါတော့တယ်။ ဒီလယ်၊ ဒီမြေ၊ ဒီစိုက်ပျိုးရေးနဲ့ အသက်မွေးရတဲ့ လယ်သမားတွေအဖို့ ဘဝပျက်ရတာပဲဖြစ်ပါတယ်။

အခုလို ရာသီဥတု၊ စိုက်ပျိုးရေးနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု အဆက်အစပ်ကို အိန္ဒိယ ကျေးလက် အဆုံးစီရင်မှု မြင့်မားလာခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာဖို့ ဖြစ်စေခဲ့တာပါ။ ပညာရှင်တွေက ရာသီဥတု ပြောင်းလဲမှုနဲ့ လူမှုရေးအပေါ် သက်ရောက်မှုကို သုတေသန ပြုပြီး အမျိုးသား အကယ်ဒမီ သိပ္ပံစာစောင်မှာလည်း ဖော်ပြခဲ့ကြပါတယ်။

ရာသီဥတု ဖောက်ပြန်မှုဟာ စိုက်ပျိုးသီးနှံကို ပျက်စီးစေတယ်၊ မိုးခေါင်ရေရှားမှု ဒါမှမဟုတ် မိုးကြီးရေလျှံမှုကို ပိုအားပေးတယ်၊ နောက်ဆက်တွဲကတော့ စိုက်ပျိုးရေးသမားတွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကို မြင့်တက် လာစေတယ်ဆိုတဲ့ ကွင်းဆက်ကို တွေ့ခဲ့ကြပါတယ်။ အပူချိန် ၂၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် အထက်ကို တစ်ဒီဂရီ ဆဲလ်ဆီးယပ်စ် မြင့်တက်လာတိုင်း အိန္ဒိယမှာ ပျမ်းမျှ ၆၇ ဦး သတ်သေတယ်လို့ လေ့လာမှုက ဆိုပါတယ်။

ရာသီဥတု ပြောင်းလဲမှု များတဲ့ ဒေသတွေဟာ အန္တရာယ်ရှိလာတယ်၊ လယ်သမားတွေရဲ့ နှစ်စဉ်ဝင်ငွေကို ရာသီဥတုက ထိန်းချုပ်တယ်၊ အဲဒီတော့ စိုက်ပျိုးမွေးမြူရေးဆိုတာ အန္တရာယ်များတဲ့ အသက်မွေးဝမ်းကြောင်း တစ်ခု ဖြစ်လာတယ်လို့ စိတ်အထူးကုဆရာဝန် ဗီကရမ် ပတေးလ်က ပြောပါတယ်။ သူက အမေရိကန် ဟားဗတ် ဆေးကျောင်းဆင်းဖြစ်ပြီး စိတ်အထူးကုနဲ့ စိတ်ကျန်းမာရေး ပါရဂူ ဖြစ်ပါတယ်။

စိုက်ပျိုးရေးရာသီမှာ စိုက်သင့်လား၊ မစိုက်သင့်လား၊ သရောကြီး ခိုင်းဦးမှာလား ဇဝေဇဝါဖြစ်လာတဲ့ လယ်သမားတွေဟာလည်း တဝမ်းတခါးအတွက်၊ သေချာတဲ့ အစားတစ်လုပ်အတွက် တခြားအလုပ်တွေကို ရှာဖွေဖို့ တနယ်တကျေးကို ကူးပြောင်းလာကြပါတယ်။

တချို့လည်း ခနတာ ငွေရှာထွက်တာ ဖြစ်သလို၊ တချို့ကလည်း ဇာတိကို အပြီး စွန့်ခွာကြတာ ဖြစ်ပါတယ်။ အဲဒီ အကျိုးဆက်ကလည်း ဘဝရပ်တည်ဖို့ရာ၊ မိသားစု တဝမ်းတခါး လှဖို့ရာ အာမခံ မပေးနိုင်တော့ နောက်တဖန် ရေကြည်ရာ မြက်နုရာ နေရာသစ် လူမှု အသိုင်းအဝိုင်း အသစ်မှာ ပြဿနာတွေကလည်း ပေါ်လာပြန်ခြင်းအားဖြင့် ဂျာအေး သူ့အမေရိုက် ဖြစ်ကြရပါတယ်။

ခေတ်အရ စနစ်အရ ရေကြည်ရာ မြက်နုရာ ရှာသူတွေလည်း ကျူးကျော် လူတန်းစားဖြစ်လာပြီး မတူညီတဲ့ လူမှု အသိုက်အဝန်းတွေကြား ပြဿနာတွေ၊ တင်းမာမှုတွေ ပေါ်လာရပြန်ပါတယ်။ ဒါတင်မပြီးသေးဘဲ မြို့ပြလို နေရာမှာ ရှင်သန်ဖို့ရာ ပြောင်းရွှေ့ အခြေချလာသူတွေဟာ အိမ်အကူ အလုပ်၊ စားသောက်ဆိုင်လို အလုပ်တွေမှာ အမြတ်ထုတ်ခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေ ဖြစ်လာပြန်ပါတယ်။ အဲဒီမှာ နိုင်ငံရေးမဲဆွယ်ပွဲလိုမျိုး နိုင်ငံရေးကိစ္စတွေ ပေါ်လာရင် ကတိ အမျိုးမျိုးပေးလေတဲ့ နိုင်ငံရေးသမားဆိုသူတွေရဲ့ အမြတ်ထုတ်မှုတွေကိုပါ ခါးစည်းခံရပါသေးတယ်။

အခုလို အိန္ဒိယတိုက်ငယ်နဲ့ ပတ်ဝန်းကျင် နိုင်ငံတွေမှာ ရာသီဥတုမှသည် လူမှုအသိုင်းအဝိုင်းကို ထိခိုက်နေမှုနဲ့ ပတ်သက်လို့ အိန္ဒိယ အစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ တုံ့နှေးနေပြီး ရာသီဥတု ဆိုးရွားတဲ့ ဒေသတွေအတွက် ရေရှည် မူဝါဒလည်း မရှိဘူးလို့ ဝေဖန်ခံနေရပါတယ်။

အတော်ကြီး သတိပြုရမယ့် အချက်က တောင်အာရှ ဒေသတွင်းမှာ ဒီ ရာသီဥတုက စတဲ့ ပြဿနာကြောင့် လူမသိ၊ သူမသိ၊ အစိုးရမသိ တိတ်တဆိတ် ပြောင်းရွှေ့ အခြေချမှုတွေ ရှိနေပြီး အစိုးရတွေက ဒီကိစ္စတွေကို လေ့လာဆန်းစစ်သင့်ပြီဆိုတဲ့ ကိစ္စပါ။ နယ်စပ်ပြဿနာတွေ တချိန်လုံး ရှိနေတဲ့ တောင်အာရှ အဖို့ကလည်း ကိုင်တွယ်ဖို့ ခက်နေတာက ဘူးလေးရာ ဖရုံဆင့်ပါပဲ။

နိုင်ငံရေး အကဲဆတ်မှုတွေကြောင့် အဖြေရှာသင့်တဲ့ ကိစ္စ ဖြစ်လာနေကြောင်း၊ ရွှေ့ပြောင်း အခြေချမှု ကိစ္စဟာ ဆိုးသည်ထက် ဆိုးလာနေကြောင်းနဲ့ ဘာမှ မလုပ်ကြဘူးဆိုရင် ဒီကိစ္စဟာ ကိုင်တွယ်ဖြေရှင်းဖို့ အတော်ခက်လာလိမ့်မယ်လို့ တောင်အာရှ ရာသီဥတု လှုပ်ရှားမှုဆိုင်ရာ ကွန်ရက် ဒါရိုက်တာ ဆန်ဂျေး ဗက်စ်ဟစ်က ပြောပါတယ်။

ဒါ့ကြောင့် ဒီလို ရာသီဥတုပြောင်းလဲမှုမှသည် လယ်ယာစိုက်ပျိုးရေး သမားများ အသက်သေဆုံးမှု၊ ဒေသတွင်း ရွှေ့ပြောင်းနေထိုင်မှုတွေအထိ ရှိလာတဲ့ ကာဘွန်ဓာတ်ငွေ့ထုတ်လုပ်မှု အပါအဝင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ပြဿနာတွေဟာ အထူးသဖြင့် အာရှမှာ ခံစားနေရတဲ့အတွက် သက်ဆိုင်ရာ အစိုးရများအနေဖြင့် အထူးသတိထား ကိုင်တွယ်ရမယ့် အခြေအနေဖြစ်တယ်လို့ နှိုးဆော် တပ်လှန့်လိုပါတယ်။

Ref: Asian Correspondent, Science Advances, Time

(သန်လျင်ပို့စ်ဂျာနယ်မှာ ဖော်ပြပြီး)

Advertisements

Leave a comment

Filed under Article, Developmentalism, Economics, Environment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s