ဦးနိပုဏနဲ့ ဦးသာသန

20728276_10213638377971570_6051988392169355130_n

၈၈ ပြီးကာစမှာ အဘွားက သားယောက်ျား မြေးတွေအပြင် ကိတ္တိမသားတွေလည်း တပြုံကြီး ရှင်ပြုတယ် … မြေးမတွေကို နားသတယ် … ကျုပ်က ရှင်ပြုရင် မြင်းစီးချင်တာ … အဲဒါကို ငြိမ်ပိက လူစုလူဝေး ဖြစ်မစိုးလို့ဆိုပြီး ရှင်ပြုကို မြင်းနဲ့ မလှည့်ရဘူးတဲ့ …

ကျုပ်ဆိုသည်မှာလည်း မြင်းမစီးရလို့ စိတ်ကောက် … အဘွား၊ အမေ၊ အဒေါ်တွေက ချော့တော့ လူကြီးတစ်ယောက်ရဲ့ ဂုတ်ပေါ် ခွစီးပြီး ရှင်းလောင်းလှည့်ရတာပါပဲ …

၈၈ အပြီးမှာ အခြေခံ လူတန်းစားတွေကလည်း အဆင်မပြေကြရှာဘူး … အဘွားက ထမင်းရည်ချောင်းစီးလှူတာ … အဖေ့ဘက်က ပညာတတ်တယ် နွမ်းပါးတယ် … အမေ့ဘက်က ပညာတတ် မဟုတ် … ကြေးရတတ် … အခု အဘွားက အမေ့ဘက်က … ခုထိ ရှိသေး

အဲဒီတုန်းက အဘွားက ဆိုင်းဝိုင်းငှားပြီး ဘိသိက်လုပ်တာ … ဖတဆိုး ကိုရင်လေးတွေရဲ့ မုဆိုးမ အမေတွေဟာ ဘိသိက်ဆရာ ပြောလေ ငိုလေ ဆိုတာ ကျုပ်က တအံ့တသြ … နားမှ မလည်တာကိုး … ဆိုင်းတီးရင် ငိုတာလားပေါ့ …

ပြောချင်တာက အဲဒါ မဟုတ်ပါဘူး …

ကျုပ် ကိုရင်ဝတ်တာ ပဲခူးမြစ်ဘေးက ပန်းလှိုင်ကျောင်းဗျ … ကျောင်းထိုင် ဆရာတော်က ပူးတွဲရယ် … ဦးနိပုဏနဲ့ ဦးသာသန တဲ့ … ဦးသာသနဆိုတာ အရင် သာသနာပိုင် ပဲခူးမြို့မ ဆရာတော်ရဲ့ တပည့်ရင်း …

ကိုရင်ပေါက်စ ၂ ပတ်လောက်ကြာတော့ သင်္ကြန်ကျရောဗျ … ကလေးဆိုတော့ ရေချိုးရင်း အချင်းချင်း ရေပက်ကြရော … ဦးသာသနက လာခဲ့ဆိုပြီး ဒဏ်ပေးတယ် … သူ့ဒဏ်က အဆန်းရယ် … ကန်တော့တဲ့အခါ ကြမ်းပြင်နဲ့ နဖူး ဆောင့်ရတာ … အသံမထွက်ရင် ထပ်ဆောင့်ရတယ် … ကျောင်းက ကျွန်းသစ်သားကျောင်းကြီး …

ကျုပ်တို့ကလည်း ဆိုးချက် … ကိုရင် ဝတ်ပြီးတာနဲ့ အဘွားအရှိန်နဲ့ တယ် မကြောက်ဘူး … ဦးသာသနရဲ့ ဆရာ ပဲခူးမြို့မ ဆရာတော် ဘုရားကြီးနဲ့ ကျုပ်တို့ အဘွားရဲ့ အမေ၊ ဘွားဘွားကြီးက ကျောင်းနေဘက်ကိုး … ဆိုးချက်ဆိုတာ တခြားမဟုတ်ဘူး … ဦးသာသန ကျောင်းခါးပန်းမှာ ချထားတဲ့ ကြိမ်လုံးကို အရိုက်ခံရမစိုးလို့ သူအလစ်မှာ ယူပြီး သုံးပိုင်းချိုးပြီး လွှင့်ပစ်တာကလား …

ဒါတင်မကသေးဘူး … ဦးသာသနက စာတွေ ဖတ်လွန်း၊ တတ်လွန်းတော့ မျက်စိမွဲတယ် … ခက်တာက ကျောင်းရှေ့က သရက်ပင်ကြီးကလည်း သီးလိုက်တာဗျာ …

ကျုပ်နဲ့ ကိုရင် တစ်စုက ကပ္ပိယ အကူအညီနဲ့ ဝါးလုံးကို ထိပ်မှာ ခြင်းခွက်ကလေးဖြစ်အောင် လုပ်ထားတဲ့ တံချူနဲ့ ညဆို ချူတယ် … အသံမထွက်ရဘူးနော် … ပြီးရင် ဆားနဲ့ တို့ပြီး ညစာ ဘုဉ်းပေးတာပဲ …

ဦးသာသနက အပြစ်ပေးရင်လည်း မညှာသလို စာသင်ပေးရာမှာလည်း စိတ်ရှည်တယ် … မင်းတို့ သရဲ ကြောက်လားတဲ့ … ကြောက်တယ် ဘုရာ့ဆိုတော့ ဒီဂါထာ ကျက်ကွတဲ့ …

တကယ်က တဖက်လှည့်နဲ့ သင်ပေးတာ … နှုတ်တိုက် ချပေးတာ …

ဦးနိပုဏက ဦးသာသနနဲ့ ငယ်သူငယ်ချင်း … စာသင်ဖက် … ဂါထာကို ရပြီဆိုရင် သူက ကျောင်းခါးပန်းနားကနေ စောင့်ပြီး ချိုချဉ်လေးတွေ ပေးတယ် … သူက အလွန် အင်မတန် သနားကြင်နာတတ်တယ် …

ထူးတာ တစ်ခုက ဦးနိပုဏနဲ့ ဦးသာသနဟာ အင်မတန့် အင်မတန် ခင်သော စာသင်ဖက်တွေ ဖြစ်တယ် …

ပြောရရင် ဗုဒ္ဓစာပေကို လေ့လာဖို့ မျိုးစေ့ချပေးတာ ဦးသာသန ဖြစ်ပြီး သာသနာကို မွေ့လျော်စေတာ ဦးနိပုဏ ဖြစ်ပါတယ် … ၈၈ ပြီးတော့ ကျောင်းတွေ ပြန်ဖွင့်ရော … ကျနော်က ကိုရင်ပဲ ဝတ်မယ် ဖြစ်ရော … လူမထွက်ဘူးဆိုပြီး ပေနေတာ … အဘွားရော၊ အမေရော ခွကျကုန်ရော … ဆရာတော် ဦးသာသနက သူပျော်ရင် နေပါစေတဲ့ …

အဲဒါနဲ့ ကျုပ်ကွယ်ရာမှာ ဘယ်လို ညှိကြတယ် မသိဘူး … ကျောင်းအပ်ပြီးရင် ပြန်ဝတ်ပေးမယ်ဆိုပြီး ညာပြီး ကိုရင် လူထွက် ဖြစ်တာပဲ …

ပြီးခဲ့တဲ့ နှစ်တွေက ပဲခူးရောက်တော့ အဖွားရဲ့ အိပ်ယာဘေး နံရံမှာ ကပ်ထားတဲ့ စာရွက်ကလေး တစ်ခုကို ဖတ်မိပြီး အံ့အားသင့်မိပါတယ် …

ဆရာတော် ဦးနိပုဏရော ဆရာတော် ဦးသာသနရော ရှေ့ဆင့်နောက်ဆင့် ပျံလွန်တော်မူလို့ ဖိတ်ကြားစာပါ …

သာသနာ့ သမိုင်းမှာ အဲဒီလို နှစ်ပါး တစ်ပြိုင်တည်း ကွယ်လွန်မှု ရှိဖူးပါတယ် … (သီလဝိသောဓနီထဲမှာလား မသိ၊ ဖော်ပြထားပါတယ်) … မမှတ်မိလို့ သိချင်ကြရင် ပြန်ရှာပေးပါမယ် …

(ဒီထဲမှာ မပြောဘဲ ချန်ထားခဲ့တာတွေရှိပါတယ်၊ နောင်မှ ရေးမယ်)

Leave a comment

Filed under Blogging, Culture, Obituary, Religion

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s