ကျား၊ သူကြီးနဲ့ စိတ်အေးအေး

20597193_102135622_3872634455228398612_n

တနေ့သောအခါ ဗြန်တိုင်းရွာတွင် လှုပ်လှုပ်ရှားရှား ဖြစ်စေသည့် ကိစ္စကြီးတစ်ရပ် ဖြစ်ပေါ်လာလေသည်။ ရွာတောင်ပိုင်းက မောင်ဖွ တောထဲသို့ မိုးတဖျောက်ဖျောက်မှာ မှိုရှာ မျှစ်ရှာသွားသည်ဟု လေသံပစ်ပြီး သစ်တိုဝါးစ ခိုးခုတ်ဖို့ ကြံရာက တောနက်နက်ထဲ တိုးမိပြီး “ကျား” တွေ့ခဲ့သည်ဆိုသော သတင်းဖြစ်လေ၏။ အသံကြားမှာစိုး၍ လက်ရွှေ့ဖုန်း (မိုဘိုင်းဖုန်းကို ဗြန်တိုင်းရွာ အခေါ်) နှင့် ဓာတ်ပုံ ဆွဲချိန် မရလိုက်ပါဟုလည်း ရွာထဲတွင် ပြောသေးသည်။

မောင်ဖွ ဆိုသည့်အတိုင်း ဗြန်တိုင်းရွာသူရွာသားတွေကတော့ ယုံသူ ၅၀၊ မယုံသူ ၅၀ ဖြစ်လေသည်။ သူကြီးကတော် ဒေါ်အဲစိန်က “တော် … ကြားပြီးပလား” ဟု အစချီလိုက်ကာ ပြောသည့်စကားတွင် မောင်ဖွပြောတာက ၃၀ ရာခိုင်နှုန်း၊ ရွာကလူတွေ ချဲ့တာက ၃၀ ရာခိုင်နှုန်းနှင့် သူ့မိန်းမ ထပ်ပေါင်းထည့် ပြောတာက ၄၀ ရာခိုင်နှုန်း၊ စုစုပေါင်း ၁၀၀ ဟု စိတ်တွက်နှင့် ဆန်ကာစစ်ချကာ သူကြီး ဦးခက်က နားထောင်လိုက်လေ၏။ ယုံသည်ကားမဟုတ်။

“စိတ်အေးအေးထားပါ” ဟုသာ ပြောရချေသည်။

***

၃ ရက်မြောက်သော နေ့တွင် ဤသတင်းကြောင့် ကျိတ်၍ ကြံနေသော မုဆိုးဟောင်း တဖြစ်လဲ ဦးကျိန်က ဟင်းစားအကြောင်းပြ၍ စနည်းနာထွက်သည်ရှိသော် ကျားကို မြင်ခဲ့ပြန်၏တဲ့။ သူက အကြံသမားမို့ သူကိုယ်တိုင် နုတ်လုံ၏။ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့ဟု သေချာမှာထားသော သူ့မိန်းမ ဒေါ်ဆွဲမိကြောင့်သာ တစ်ရွာလုံး သိတော့သည်သာ။
ဗြန်တိုင်းရွာမှာ အတော်ကလေး လှုပ်လှုပ်ရှားရှား ရှိခဲ့လေပြီ။ ဤသည်ကို မီးထိုးသည်က အောင်သူ ဖြစ်လေသည်။ အကြောင်းမှာ သူ့နွားတစ်ကောင် ပျောက်သွားရာ ကျားဆွဲသောကြောင့်ဟူ၏။ သူကြီးလည်း ခေါင်းပူစ ပြုလေသည်။
အောင်သူကို ခေါ်ကာ နင့်နွား တောထဲ မျက်စိလည်လို့ နေမပေါ့ဟု ခပ်မာမာ တိုးတိုးတိတ်တိတ် ပြောရချေ၏။

“စိတ်အေးအေးထားပါ” မောင်ရင် အောင်သူ။

***
မပြောလို့လည်း မဖြစ်၊ သူကြီး ဒီကိစ္စကို ဖြေရှင်းပါဟု ဒီမိုကရေစီနည်းနှင့် တောင်းဆိုသည်ရှိသော် ဒီကျားနဲ့သွားပြီး ဆွေးနွေးလို့ ဖြစ်မည်တဲ့လား။ အကိုက်ရပ် ငြိမ်းချမ်းရေးလည်း လုပ်လို့ရသည့် အမျိုးမဟုတ်။ ကိုယ်တိုင်ကလည်း မမြင်ထားတော့ မျက်မြင်သက်သေကိစ္စ ရဲခေါ်၊ ဘာခေါ်နဲ့ လုပ်ရအောင်လည်း ကိစ္စက များဦးမည်။ ရဲကလည်း လူသာဖမ်းတာ၊ ကျားဖမ်းတယ်လို့ သူကြီး ဦးခက် မကြားဖူး။ အများကြီး ခက်လေသည်။

ဦးခက် ဆုတောင်းမပြည့်၊ ရွာက ပူညံပူညံလုပ်တတ်သည့် ထန်းတောက မောင်စည်သူ ဦးဆောင်ကာ သူကြီး ဦးခက်ထံ အဆိုတင်သွင်းသည်မှာ “ကျွန်တော်တို့က ရွာစွန်နေရတာဗျ၊ တရားဥပဒေ စိုးမိုးရေးတော့ သူကြီး လုပ်ဦးဗျ” ဟူ၏။ သူကြီး ဦးခက်သည် ကျားနှင့် တရားဥပဒေ စိုးမိုးရေးကို မည်သို့ စီမံရအံ့နည်း။ အကုန်လုံးက လက်ရွှေ့ဖုန်းနှင့် ဖေ့စ်ဘုတ်မှာ မြင်ထားသမျှကို ဦးခက်ဆီမှာ လာဖွင့်ချကြလေပြီ။

နောက်ဆုံးတွင် ရွာဦးကျောင်း ဆရာတော်ကို သဘာပတိပြုကာ “ကျား” တွေ့သည်ဆိုသော မောင်ဖွ၊ ကျားတွေ့ခဲ့သည်ဟု သတင်းပေါက်ကြားသူ ဒေါ်ဆွဲမိ၏ ယောက်ျား ဦးကျိန်၊ နွားကို ကျားဆွဲပါသည်ဟု အတပ်ပြောသူ အောင်သူတို့ကို ဆင့်ခေါ်ရလေတော့သည်။ စောင့်ကြည့်လေ့လာသူ ရွာသားများလည်း အပြည့်။ တချို့က ဖေ့စ်ဘုတ် ဆယ်လ်ဖီပင် ဆွဲလိုက်သေးသည်။ သူကြီး ဦးခက်က တားရ၏။ ၆၆ (ဃ) ဆိုလား၊ ဘာလားကလည်း ထောင်ကျတတ်သတဲ့။

ကိုင်း … ဦးခက် စစ်မေးချက် စပါပြီ။
“မောင်ဖွ … နင်မြင်တဲ့ကျား ဘယ်လောက် ကြီးသတုန်း”။
“ဒီလောက်လောက်ပဲ”။ မောင်ဖွက လက်နှင့် တိုင်းပြသည်။
“ကိုးတောင်လောက် ရှိတာပေါ့ဟဲ့ … ဟုတ်ပါ့မလား”။
သူကြီး ဦးခက်က မုဆိုးတဖြစ်လဲ အကြံသမား ဦးကျိန်ကို မေးပြန်သည်။
“ခြောက်တောင်တောင် မပြည့်ပါဘူး သူကြီးရာ …”။

သဘာပတိ လုပ်သည့် ရွာဦးဆရာတော်က “ဟဲ့ … နင်တို့ဟာက သုံးတောင် ကွာနေပါလားကွယ် … သင်္ဂဇာဆရာတော်ပြောသလို နင်လုပ်လို့ ငါ့ကျား ငယ်ရတယ် ပုံစာလို ဖြစ်နေပါဦးမယ်” ဟု မိန့်လေသည်။

သူကြီး ဦးခက်လည်း ဦးနှောက်ခြောက်လေပြီ။ တရေးမနိုးဘဲ အကြံပေါ်သည့်အတိုင်း မောင်အောင်သူကို မေးလိုက်သည်မှာ –
“မောင်ရင် ပျောက်တဲ့နွား ဘယ့်လောက် ကြီးသတုန်း”။
“နွားသာ ငယ်တာ ကိုးတောင်ကျားမှ ဆွဲနိုင်မှာဗျ” ဟု ဖြေပြီးသည့်နောက် “ကျွန်တော့်အနေနဲ့ အဆိုပြုချက်တွေကို မှတ်တမ်းတင်ထားလိုက်မယ် သူကြီး” ဟူသော အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ ဆီးနိတ်တွေ အကြောင်း အဖတ်များသည့် စာရေး မောင်ကျော်က ကြေညာလိုက်ခြင်းအားဖြင့် စစ်မေးမှုကို အဖြေမထွက်ဘဲ အဆုံးသတ်လိုက်ရလေတော့၏။

သူကြီး ဦးခက်ကား တစ်ခွန်းတည်းသာ ရဲရဲတောက် ပြောလိုက်၏။

“စိတ်အေးအေးထားပါ”။

***

ဗြန်တိုင်းရွာသားတွေလည်း ၆ နှင့် ၉ ကို သန်ရာသန်ရာ စွဲ၍ ထ ပြန်ကြလေသည်။ တချို့က ဘောလုံးပွဲအတွက် ဘောစွဲ စွဲ၏။ တချို့က နှစ်လုံးထီ၊ သုံးလုံးထီ အတွက် ချဲစွဲ စွဲ၏။ တချို့ကတော့ အိမ်မှာ သေချာပိတ်ရမယ့် တံခါးပေါက်၊ ပြတင်းပေါက်တွေကို ကြောက်စွဲ စွဲလေ၏။

အင်မတန် ဒုက္ခပေးသည့် “ကျား” ပါပေဟု ကွယ်ရာတွင် ညည်းတွားသည်မှာ သူကြီး ဦးခက် ဖြစ်လေသည်။

သူကြီး ဦးခက် ညည်းသည်မှာ မှန်၏။ နောက်နေ့ ရွာတွင် မိုးညံအောင် ပွက်လောရိုက်နေသည်မှာ ရွာထိပ်က မုဆိုးမ ဒေါ်အိမ့် ညဘက် သေးပေါက်ထွက်ရာ ကျားက ရွာထိပ်ရောက်နေသည်ဟူသော သတင်း ဖြစ်လေသည်။

သူကြီး ဦးခက်၏ အဖြေကတော့ “နင် ကျားကို စိတ်စွဲပြီး ထင်မိထင်ရာ နေမှာပါဟာ”။ ဒါ့အပြင် ပြောဖြစ်အောင် ပြောလိုက်သေးသည်မှာ “စိတ်အေးအေးထားပါ” ဟူ၍သာ။ သို့သော် ရွာသားတွေ စိုးရိမ်မှု လျော့ကျစေရန် ကာလသားများကို ဆင့်ခေါ်ပြီးသကာလ ရွာလယ်လမ်းမကို မြင်ရသော သူကြီးအိမ်ရှေ့ သစ်ပင်တွင် လင့်စင် ထိုးစေလေသည်။ ကင်းစောင့်ကြမည်။

ခပ်တွန့်တွန့် ဖြစ်နေသည့် ကာလသားတွေကြား ဟီးရိုးအဖြစ် ပထမဆုံးည ကင်းစောင့်မည့်သူမှာ ထန်းရည် ရေချိန်ကိုက်နေသော စည်သူ ဖြစ်လေသည်။

ညသန်းခေါင်တွင် ‘ကျား’၊ ‘ကျား’ ဟု အိပ်ချင်မူးတူး အော်လိုက်သော ကင်းသမား စည်သူအသံကြောင့် တစ်ရွာလုံး နိုးလေပြီ။ အကျိုးဆက်အားဖြင့် နောက်တစ်နေ့မှစကာ တဖြည်းဖြည်းနှင့် အိမ်ကြီးရခိုင် ရှိသူတွေက နေညိုသည်နှင့် အိမ်ကို အခိုင်အလုံ ပိတ်ကာ နေကြလေပြီ။ အိုးမလုံ အိမ်မလုံ နေရသူများလည်း နီးရာ ရပ်ကျေး၊ ဆွေမျိုးမကင်းရှိရာဆီသို့ အသီးသီး အသကအသက ယာယီ ပြောင်းရွှေ့ကြလေပြီ။

ဒါတောင် မသွားကြခင် စည်သူကို လက်ရွှေ့ဖုန်းနဲ့ “ကျားကို ဓာတ်ပုံရိုက်ထားရင် ဇာပြားနဲ့ ရှဲပါဦး” လုပ်သွားကြသေးသည်။ စည်သူမှာ မူးမူးနှင့် ဖုန်းအားမဖြည့်မိ၍ ဘက်ထရီ ကုန်နေပြီး ဓာတ်ပုံမရိုက်လိုက်ရ ဆိုလေ၏။

စာရေး မောင်ကျော်ကတော့ “ရွာချင်း ယာယီ ရွှေ့ပြောင်း အခြေချသူများ” ဟု ပြောပြောနေသော်လည်း သူကြီး ဦးခက်အနေနှင့်မူ နားလည်အောင် စဉ်းစားဖို့ အချိန်မရ။

***

၁၀ ရက်လောက် ကြာသော် ကင်းသမားတွေလည်း မလာတော့။ သူကြီးကတော် ဒေါ်အဲစိန်ပင်လျှင် သူ့အမေရွာကို အလည်သွားဦးမယ် အကြောင်းပြကာ သတင်းဖြန့်ချိရေးအတွက် ထွက်သွားလေပြီ။ သူကြီးကား စာရေး မောင်ကျော်နှင့် စိတ်ရှုပ်ဖွယ် အခြေအနေကို ရင်ဆိုင်ရပေမည်။

***

ထိုည …။

သူကြီး ဆိုသော်လည်း ခြောက်လက်မကျော်သည့် ဓားကိုင်လျှင် လက်နက်ကိုင်ဆောင်မှု မြောက်မည်စိုး၍ ဒေါ်အဲစိန် ကြက်သွန်းလှီးသည့်ဓားကို ယူကာ ညနေ စောစောပင် စားစရာ မြည်းစရာ အစုံအလင်နှင့် လင့်စင်ရှိသည့် သစ်ပင်ထက် တက်အိပ်လေသည်။ အရေးရယ် အကြောင်းရယ်ဆို စည်သူလို မဖြစ်အောင် သူ၏ လက်ရွှေ့ဖုန်းကို အားအပြည့်သွင်းထားသည်။

ညသန်းခေါင်တွင် သူကြီး နိုးလာသည်။ အိပ်မှုန်စံမွှားနှင့် အပေါ့အပါးကို စင်ပေါ်က ပေါက်ချမည် ကြံမိရင်း စင်အောက်ကို ငုံ့ကြည့်လိုက်ရာ ဝါဝါ ဝါဝါနှင့် ကျားကြီးပါလား။

သူကြီး ဦးခက် သေးပေါက်ဖို့ မေ့သွားသည်။ ဖုန်းနှင့် ဓာတ်ပုံရိုက်ဖို့၊ ဆယ်လ်ဖီဆွဲဖို့လည်း မေ့သွားသည်။ အော်ဟစ်ဖို့ကိုကား မတွေးရဲ။ ဖုန်းကို ကောက်ကိုင်ကာ စာရေး မောင်ကျော်ကို အတိုးဆုံးအသံနှင့် ဖုန်းခေါ်ရသည်။ ကျေးဇူးတင်စရာကောင်းစွာ မောင်ကျော် ဖုန်းကိုင်သည်။

“ဟေ့ကောင် … ငါ့လင့်စင်အောက် ကျားရောက်နေပြီဟ”
“တစ်ရွာလုံး ညနေကတည်းက ဟိုဘက်ရွာ ပြောင်းလာကြတယ်၊ ဘာမှ လုပ်မရဘူး သူကြီး”
“နင်ရော ဘယ်မှာတုန်း”
“ညနေကတည်းက ထွက်လာလို့ ဟိုဘက်ရွာ ရောက်နေတယ်၊ ရွာမှာ သူကြီး တစ်ယောက်တည်းရယ်”
“ဘာ”
“သူကြီး … လင့်စင်ပေါ်မှာပဲ ငြိမ်ငြိမ်နေ … မနက်ကျမှ ကာလသားတွေ စုပြီး ကျွန်တော် လာခေါ်မယ်”
နောက်နေ့ နံနက်တွင် ဖြူဖတ်ဖြူရော်နှင့် မျက်တွင်းဟောက်ပက်ဖြစ်နေသော သူကြီး ဦးခက်ကို လင့်စင်ပေါ်မှာ မနည်း အောက်ချယူရလေသည်။

သူကြီးသည် “စိတ်အေးအေးထားပါ” ဆိုသည့်စကားကို တစ်သက်လုံး မပြောတော့ဟူသတတ်။

(သရော်စာ ဖြစ်ပါသည်။ အချက်အလက်များအပေါ် အခြေခံမထားပါ။)

Advertisements

Leave a comment

Filed under Satire

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s