Editorial: လူငယ်များနှင့် စာဖတ်ခြင်း အလေ့

12553109_1153346101376207_7526843107346005441_n

လူငယ်တွေ အလေးအနက် စာဖတ်ဖို့ လိုသည်

နည်းပညာ အသုံးပြုမှု မြင့်တက်သောကြောင့် ကလေးများ စာဖတ်ချိန်နည်းနေကြောင်းနှင့် ကလေးများ စာဖတ်ရန် ကျောင်းစာကြည့်တိုက်များ မရှိသလောက် ဖြစ်နေကြောင်း နိုဘယ်-မြန်မာစာပေပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က  ထောက်ပြ ပြောဆိုသွားသည်။

ဖုန်းနှင့် အင်တာနက်ကို ဆယ်စုနှစ်များစွာ ဇိမ်ခံပစ္စည်းသဖွယ် အကန့်အသတ်နှင့်သာ အသုံးပြုခဲ့ရသော နှစ်များ ကျော်လွန်ပြီးနောက် စမတ်ဖုန်းများ ကျယ်ပြန့်စွာ အသုံးပြုလာခြင်းနှင့် အင်တာနက်လိုင်းများ ကောင်းမွန်ခြင်းကြောင့် လူငယ်များရော လူကြီးများပါ လူမှုကွန်ရက်၊ အင်တာနက်များကို အတိုးချ အသုံးပြုနေကြသည်။ အင်တာနက်နှင့် နည်းပညာများကို ကောင်းကျိုးထက် အချိန်ကုန်မည့် ကိစ္စများ၌ အချိန်ကုန်မှု များနေသည်ကိုလည်း မကြာခန ဝေဖန်ထောက်ပြနေကြသည်။

အင်တာနက်နှင့် နည်းပညာ အသုံးပြုမှုကြောင့် ဆက်သွယ်မှု ကွန်ရက်များ ကျယ်ပြန့်လာနေသော်လည်း လူငယ်များ စာကို ဖတ်သင့်သလောက် မဖတ်ခြင်းများကို ဖေ့စ်ဘုတ်ကဲ့သို့သော လူမှုကွန်ရက်များတွင် ဟာသအဖြစ် ပြောစမှတ်ပြုရလောက်အောင် မြင်တွေ့နေရသည်။ မြသန်းတင့်ကို စာရေးဆရာလော၊ စာရေးဆရာမလော မကွဲပြားသူများ၊ သိန်းဖေမြင့်ကို စာပေဟောပြောပွဲတွင် ဘာကြောင့် မတွေ့မြင်ရသနည်းဟု မေးခွန်းထုတ်သူများ၊ နာမည်ကျော် မြန်မာ့ဂန္ထဝင်စာပေလက်ရာများကို စာအုပ်အမည်နှင့် ရေးသူအမည် လွဲမှားစွာဖော်ပြပြီး စာဖတ်ဖူးသယောင် ဖေ့စ်ဘုတ်တွင် တင်သူများကို အမြောက်အများ တွေ့မြင်ရမည် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပေါင်းချုပ် အပါအဝင် စာကောင်းပေမွန်များစွာကို စစ်အစိုးရ အမှောင်ခေတ်အတွင် ထုတ်ဝေခွင့် မပြုခဲ့ခြင်း၊ ကျောင်းစာကြည့်တိုက်များကို အထက်လူကြီးများ လာစစ်ချိန် ဖွင့်ပြရန် ဟန်ပြထားခြင်းတို့သည်လည်း စာအုပ်ကြောက်သည့် လူငယ်မျိုးဆက်ကို မွေးထုတ်ရန် တွန်းအားပေးလိုက်သကဲ့သို့ ရှိကြောင်းလည်း ထည့်သွင်း ပြောဆိုရပါလိမ့်မည်။

အင်တာနက်နှင့် နည်းပညာကို အလွယ်တကူ လက်လှမ်းမီချိန်တွင် အမေ့ပျောက်ခံစာအုပ်များလည်း အများအပြား ပြန်လည် ထွက်ရှိလာပြီ ဖြစ်သည်။ သို့သော် ဖတ်သင့် ဖတ်ထိုက်သည့် စာအုပ်တအုပ်ကို အချိန်ပေးဖတ်ရန် မစဉ်းစားလိုသော လူငယ်အများအပြားလည်း ရှိနေသည်။

စဉ်းစားတွေးခေါ်မှုကို အားမပေးသည့် အလွတ်ကျက်ဖြေ ပညာရေးစနစ်နှင့် ကြီးပြင်းလာရသည့်အထဲတွင် စာဖတ်သော အလေ့အကျင့်ကလည်း မရှိပါက ပြုပြင်ပြောင်းလဲမှု လမ်းပေါ် ရောက်ရှိနေသည့် မြန်မာ့အခင်းအကျင်းတွင် လူငယ်များအဖို့ စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ မြန်မာပြည်တွင် လာရောက် လုပ်ကိုင်နေသည့်၊ လုပ်ကိုင်ရန် ပြင်ဆင်နေကြသည့် နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် လုပ်ငန်းခွင်သို့ ခေါ်ယူပြီး အခွင့်အလမ်းပေးရန် မြန်မာလူငယ် ပညာတတ်များ၏ ပရော်ဖက်ရှင်နယ်ကျကျ တတ်မြောက်ခြင်း ရှိ မရှိ မေးခွန်းထုတ်နေကြသည်ကို တွေ့မြင်ရသည်။

တိုင်းပြည် ပွင့်လင်းလာသည်နှင့်အမျှ ပြည်တော်ပြန်ကြမည့် ပညာရှင်များ၊ လာရောက် လုပ်ကိုင်ကြမည့် နိုင်ငံခြားသား ပညာရှင်များနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ယှဉ်ပြိုင်ကြရတော့မည် ဖြစ်ရာ မြန်မာပြည်ပညာရေးကပေးသည့် ဘွဲ့လက်မှတ်သက်သက်သာ အားကိုးမနေဘဲ စာအုပ်များ၏ အကူအညီဖြင့် ဝမ်းစာများ ဖြည့်ဆည်းသင့်သည့် အချိန်ဖြစ်ပါသည်။

ယခုအချိန်တွင် ဖတ်ရှုသင့်သော စာအုပ်အများအပြားလည်း ထွက်ရှိနေပြီဖြစ်ပြီး အဖိုးတန် စာအုပ်အများအပြားကိုလည်း အင်တာနက်တွင် (မူပိုင်ခွင့် ပြဿနာ ရှိသည့်တိုင်) အခမဲ့၊ အလွယ်တကူ ရရှိနေပြီဖြစ်သည်။ ရွေးကောက်ပွဲအလွန် စစ်မှန်သော ဒီမိုကရေစီ လမ်းစတွင် ပြုပြင်ပြောင်းလဲရေးအတွက် တွန်းတင်ရမည့် မျိုးဆက်သစ်များအနေဖြင့် စာဖတ်ရန်၊ စာဖတ်ဖြစ်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရန် အထူးလိုအပ်ပါသည်။ သို့မှသာ ခေတ်သစ်တွင် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို မောင်းနှင်နိုင်မည့် လူ့စွမ်းအားရင်းမြစ်များ အရံသင့်ရှိနေမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။

(ဧရာဝတီ)

Advertisements

1 Comment

Filed under Article

One response to “Editorial: လူငယ်များနှင့် စာဖတ်ခြင်း အလေ့

  1. startreak

    ယူနီကုဒ် font နဲ့ပါ မြင်ရအောင် လုပ်ပေးပါခင်ဗျာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s