ဂျင်းဘောင်ဘီနဲ့ ငါးကြော်

“ဂျင်းဘောင်ဘီနဲ့ ငါးကြော်”

ငယ်ငယ်က ဂျင်းဘောင်းဘီ သိပ်လိုချင်သည်။ ၉ တန်းဖြေပြီး ကျောင်းပိတ်ရက်မှာ ဦးလေးကားနဲ့ စပယ်ယာလိုက်တုန်းက ဂျင်းဘောင်းဘီတထည်ကို ကမ်းနားလမ်း အဟောင်းဆိုင်က ဝယ်ခဲ့သည်။ ဆယ်တန်းမှာ ကျူရှင်တက်ရင် အဲဒီဘောင်းဘီတထည်ကိုပဲ ဒါဝတ်သခင် လုပ်ရသည်။ အလုပ်လုပ်နိုင်လို့ ပိုက်ဆံရရင် ဂျင်းဘောင်းဘီတွေ အများကြီး ဝယ်မည်ဟု အားခဲဖူးသည်။

အန်ဒါဂရောင်းဖိနပ်ဖြစ်ဖြစ် ဒေါက်တာ မာတင် ဖိနပ်ဖြစ်ဖြစ် တရံလောက် ဒီတသက်မှာ ပိုင်ချင်သေးသည်ဟု အိပ်မက်မက်ဖူးသည်။ အာသာပြေ ခပ်ပေါပေါ ဖိနပ် ၃ ရံလောက်တော့ ဝယ်စီးဖူးသည်။

အဖေက အစိုးရဝန်ထမ်း၊ အိမ်မှာ ဘဲဥဖြစ်ဖြစ် ငါးဟင်းဖြစ်ဖြစ် အကန့်အသတ်နဲ့ စားရသည်။ တချိန်ကျရင် ငါးတွေ အများကြီး ကြော်ပြီး စားပစ်ဦးမည်ဟု ကြိမ်းဝါးဖူးသည်။

အခု လီဗိုင်းစ်၊ လီးမာဗင် အစစ်တွေ သေတ္တာထဲမှာ ရှိနေသည်။ နေ့တိုင်း အလုပ်သွားတိုင်း၊ အပြင်သွားတိုင်း နေပူပူ မိုးရွာရွာ ကျနော် ဂျင်းဘောင်းဘီဝတ်သည်။ ဘာဘရန်းတွေ ဝတ်တယ်၊ ဘာညာ အစွဲအလမ်းတော့ မရှိတော့။ ဘောင်းဘီတွေက ပေါနေသည်။

ဒေါက်တာ မာတင်နဲ့ အောလ်စတား တလှည့်စီစီးသည်။ ဒါတောင် အန်ဒါဂရောင်း တရံလောက် အင်္ဂလန်ကမှာဖို့ စိတ်ကူးနေသည်။

မအဲဆီ သွားတော့ မအဲ ငါးတွေ ကြော်ပြီး စားပွဲပေါ် ပန်းကန်နဲ့ တင်ထားသည်။ ကျနော် ကြိုက်သလောက် စားနိုင်သည်။ ဝိုင်တပုလင်းဖွင့်ပြီး ငါးကြော်နဲ့ မြည်းသည်။ သို့သော် တို့တိ တို့တိ …။

လိုချင်တာတွေ ရလာ၊ ရှိလာတဲ့အခါ … အလွယ်တကူ လက်လှမ်းမီလာတဲ့အခါ တန်ဖိုးထားမှုဟာ အချိုးကျမှု ပြောင်းသွားသလား စဉ်းစားမိသည်။ လိုချင်ခဲ့တာတွေကို မက်မက်စက်စက်တော့ မရှိလှတော့။ ဒါပေမယ့် နိစ္စဓူဝ ခုံခုံမင်မင်တော့ သုံးဖြစ်နေသေးသည်။

ဂျင်းဘောင်းဘီနဲ့ ငါးကြော်တွေ အများကြီးရှိတဲ့အခါ အခုပြန်တွေးကြည့်လိုက်တော့ လိုချင်တာက နောက်ထပ် အမျိုးအစားအသစ်တွေ ဖြစ်နေသည်။

အိမ်ကလေးတလုံး … ကိုယ်ပိုင်လုပ်ငန်းလေးတခု ဖြစ်နေပြန်သည်။ ဒါတွေဟာလည်း ဂျင်းဘောင်းဘီနဲ့ ငါးကြော်လို ဖြစ်လာဖို့ လမ်းမမြင်ပါ။

ဒါကပဲ ရှင်သန်ဖို့အတွက် မောင်းနှင်အားတွေ ဆက်ဖြစ်နေသေးတယ် ထင်ပါ့ …။

Advertisements

Leave a comment

Filed under Essay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s