မြန်မာ့တပ်မတော်က အမျိုးသမီးတွေရဲ့ တွေးခေါ်မြော်မြင်ရေးကို ကန့်သတ်လိုတာလား

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က နေပြည်တော်တွင် ကျင်းပသည့် ဗိုလ်ရှုသဘင်တွင် စစ်ရေးပြနေသော အမျိုးသမီး စစ်သည်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က နေပြည်တော်တွင် ကျင်းပသည့် ဗိုလ်ရှုသဘင်တွင် စစ်ရေးပြနေသော အမျိုးသမီး စစ်သည်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

နန္ဒာဘုန်းမြင့်

ဒီနှစ် ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းတွေ ခေါ်ယူရာမှာ ရရှိထားတဲ့ ဘွဲ့အမျိုးအစား ကန့်သတ်မှုတွေ ပါဝင်နေခြင်းက နောက်ဆက်တွဲ စဉ်းစားဖွယ်ရာများ ရှိလို့နေပါတယ်။ အဓိက အနေနဲ့ အဲဒီ လျှောက်လွှာခေါ်ယူရာမှာ ၀ိဇ္ဇာဘာသာရပ်ထဲက တွေးခေါ် မြော်မြင်ရေးကို အဓိကထား သင်ကြားပေးတဲ့ ဒဿနိကဗေဒပညာရပ် (Philosophy) ဘာသာရပ်နဲ့ ဘွဲ့ရထားသူတွေ မပါဝင်လို့ပဲ ဖြစ်ပါတယ်။

ဒါဟာ တပ်မတော်အနေနဲ့ တွေးခေါ်မြော်မြင်ရေးနဲ့ ပတ်သက်မှုတွေအပေါ် အလေးမထားလိုခြင်းလား၊ အမျိုးသမီး ဘွဲ့ရတွေကို ကန့်သတ်ခွဲခြားလိုခြင်း သဘောလားဆိုတဲ့ စဉ်းစားစရာတွေ ဖြစ်လို့ လာပါတယ်။

အရင်ကလည်း ဘွဲ့ရရှိပြီးသူများသာ လျှောက်ထားခွင့်ရှိတဲ့ အစိုးရ ၀န်ကြီးဌာန အလုပ်အကိုင်တွေမှာ ဒဿနိကဗေဒ ပညာရပ်နဲ့ ဘွဲ့ရသူတွေ အနေနဲ့ ကန့်သတ်မှုတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒါပေမယ့် အခု သတင်းစာမှာပါတဲ့ ကြော်ငြာချက်ကတော့ တခြား ၀န်ကြီးဌာနတွေမှာလည်း အလုပ်အကိုင် ရရှိဖို့ အခွင့်အလမ်း နည်းပါးသွားတယ်လို့ သတ်မှတ်လို့ ရပါတယ်။

ဒီလို ကန့်သတ်မှုတွေနဲ့ ပတ်သက်လို့ လက်ရှိ ဒဿနိကဗေဒ ဌာနမှာ ပါမောက္ခဌာနမှူး တာဝန် ထမ်းဆောင်နေတဲ့ ဆရာမကြီးတဦးက “တွေးခေါ်မြော်မြင်ရေးကို အဓိကဦးစားပေး သင်ကြားပို့ချတဲ့ ဒဿနိကဗေဒ ပညာရပ်၏ သဘောတရားကို မသိနားမလည် တာကြောင့် အခုလို ကန့်သတ်တာလား၊ တွေးခေါ်အမြော်မြင်မှုဆိုင်ရာ သဘောတရားကို လက်မခံနိုင်တာ ကြောင့်လား ဆိုတာ နားမလည်နိုင်ပါဘူး” လို့ ဆိုပါတယ်။

အမှန်တကယ်မှာတော့ ဒဿနိက ဗေဒ ပညာရပ်မှာ စပ်ဆက်စဉ်းစား တွေးခေါ်နိုင်မှု (Logic)၊ ကိုယ်ကျင့်တရားပညာ (Ethic)၊ အသုံးချ ကိုယ်ကျင့်တရားပညာ (Applied Ethics)၊ အရှေ့တိုင်း အတွေးအခေါ်သမိုင်း (Eastern Philosophy)၊ အနောက်တိုင်း အတွေးအခေါ်သမိုင်း (Western Philosophy) စတာတွေအပြင် နိုင်ငံရေး အတွေးအခေါ် (Political Thought) စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေ တာကြောင့် လက်တွေ့လုပ်ငန်းခွင်မှာ အကျိုးဖြစ်ထွန်းစေမယ့် ဘာသာရပ် တခု ဖြစ်တယ်လို့ အဆိုပါ ပါမောက္ခဌာနမှူးက ဆက်ပြောပါတယ်။

“အထူးသဖြင့် နိုင်ငံတော် ကာကွယ်ပေးဖို့အတွက် အဓိကကျတယ်လို့ ခံယူထားတဲ့ တပ်မတော်မှာ တာဝန် ထမ်းဆောင်နေသူ အားလုံးအနေနဲ့ ဒဿနိကဗေဒ ပညာကို ဆက်လက်သင်ကြားဖို့တောင် လိုအပ်ပါတယ်” လို့ သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။

ဒဿနိကဗေဒ အထူးပြုဘာသာရပ်နဲ့ ပါရဂူဘွဲ့လွန်သင်တန်း တက်ရောက်နေတဲ့ ကျောင်းသူ တဦးကတော့ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံက စစ်တပ်ဟာ အမျိုးသမီးတွေကို တန်းတူ အခွင့်အရေးမပေးဘူး၊ ပညာရေးမှာ ခွဲခြားဆက်ဆံ တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“တကယ်တော့ အတွေးအခေါ်ကောင်းမှ တိုင်းပြည်ကောင်းမှာပါ။ အစိုးရကိုယ်တိုင်ကလည်း ဒဿနိကဗေဒ ပညာဆိုတာ ဘာလဲလို့ မသိတာလား၊ မသိဟန်ဆောင်တာလား ဆိုတာတော့ သူတို့ ကိုယ်တိုင်ပဲ သိမယ်။ အမှန်တကယ်ကို မသိဘူးဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်က ရင်လေးစရာပါ” လို့ သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။

ဒဿနိကဗေဒ ပညာရပ်နဲ့ ဘွဲ့ရရှိထားပြီး စာပေထုတ်ဝေဖြန့်ချိရေးကို ဦးစီး လုပ်ကိုင်နေတဲ့ အမျိုးသမီး တဦးကတော့ “ဒဿနိကဗေဒရဲ့ စံက အမှန်တရားကို ချစ်မြတ်နိုးခြင်းပါ။ ဒဿနိကကို သင်ကြား လေ့လာခဲ့ရတဲ့အတွက် စနစ်တကျ စဉ်းစား ဆင်ခြင်နိုင်ပြီး အမှားနဲ့ အမှန်ကို ကောင်းကောင်း ခွဲခြားနိုင်တယ်။ ပြဿနာတခုကို အဖြေရှာရင်လည်း ကြောင်းကျိုး ဆီလျော်မှု ရှိ၊ မရှိနဲ့ပဲ ဆုံးဖြတ်တယ်။ ဘယ်လို ကိစ္စပဲဖြစ်ဖြစ် အမှန်တရားဘက်ကပဲ ရပ်တည်တယ်။ ကိစ္စ တခုကို ချက်ချင်း လက်မခံတတ်ဘူး။ လူတချို့က ကိုယ့်မိဘဖြစ်စေ၊ ဆရာသမားဖြစ်စေ၊ အထက်လူကြီးဖြစ်စေ မှားနေရင် မပြောရဲဘူး။ Philosophy ကို သင်ထားတဲ့ သူကတော့ မှားနေရင် မှားတဲ့ အကြောင်း ထောက်ပြ ဝေဖန်ရဲတယ် သူ့ရဲ့စံက အမှန်တရားကို ချစ်မြတ်နိုးခြင်းကိုး။ ဒီလိုလူတွေကို စစ်တပ်က ကြောက်မှာပေါ့လေ” လို့ လက်ရှိ အမျိုးသမီး ဗိုလ်လောင်း လျှောက်လွှာ ခေါ်ယူမှုမှာ ကန့်သတ်ထားတဲ့ ကိစ္စကို ဝေဖန်ပါတယ်။

အရင်ကတော့ စစ်တက္ကသိုလ် (DSA) မှာ ဒဿနိကဗေဒ ပညာရပ်ကို ထည့်သွင်းသင်ကြား ခဲ့ဖူး ပေမယ့်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်း န၀တ အစိုးရ တက်ပြီးနောက်မှာတော့ စစ်ပညာကိုပဲ အဓိကသင်ကြားရမယ့် ဆိုပြီး အထောက်အကူပြု ဘာသာအဖြစ် သင်ကြားနေတဲ့ ဘာသာရပ် အတော်များများကို သင်ရိုးကနေ ဖြုတ်ပစ်ခဲ့ပါတယ်။ အဲဒီလို ဖြုတ်ပစ်လိုက်တဲ့ ဘာသာရပ်တွေ ထဲမှာ ဒဿနိကဗေဒ ပညာရပ်လည်း ပါဝင်ခဲ့ပါတယ်။ စစ်တပ် အတွင်းစကားတွေအရ ဒီလိုတွေးခေါ်မြော်မြင်နိုင်မှုတွေ သင်ကြား ပေးနေရင် တသွေး၊ တသံ၊ တမိန့် ဆိုတဲ့ စစ်စည်းကမ်းကို ဖောက်ဖျက်ဖို့အတွက် အခွင့်အရေးပေးနေတာနဲ့ တူတယ်လို့ မြန်မာ့ တပ်မတော်ရဲ့ အမြင့်ဆုံးရာထူးကို ပိုင်ဆိုင်ခဲ့ဖူးသူက ပြောခဲ့ဖူးကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံက U.S Air Force Academy မှာဆိုရင် Philosophy ဘာသာရပ်ကို ခေတ်မီတိုးတက်တဲ့ သိပ္ပံပညာ တွေနဲ့အတူ သင်ကြားပို့ချပေးနေတာပါ။ လူမှုပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ Philosophy ဘာသာရပ်ကို မဖြစ်မနေ ထည့်သွင်း သင်ကြားရတာလို့ သိရပါတယ်။ အမေရိကန်နိုင်ငံက ထင်ရှားတဲ့ စစ်ဘက်ဆိုင်ရာ ပညာရှိများစွာကို မွေးထုတ်ပေးထားတဲ့ West Point Military Academy မှာဆိုရင်လည်း Philosophy ဘာသာရပ်ကို အထောက်အကူပြု ဘာသာရပ်အဖြစ် သင်ကြားပေးတာတွေ ရှိပါတယ်။

လက်ရှိ အစိုးသစ်တက်လာပြီး နောက်ပိုင်း စစ်တပ်အတွင်းမှာသာ မက အစိုးရ ၀န်ကြီးဌာနတွေမှာပါ အရာရှိ၊ အရာထမ်း၊ ၀န်ထမ်း တွေကို မွမ်းမံသင်တန်း တွေမှာပဲ ဖြစ်ဖြစ်၊ ဌာနတွင်း အစည်းဝေး တွေမှာပဲ ဖြစ်ဖြစ် အထက်အရာရှိတွေက အဓိက မှာကြားတဲ့ စကားကတော့ Creative thinking ၊ Evaluative thinking စတဲ့ တွေးခေါ်မြော်မြင်မှု အရည်အချင်းတွေ ရှိရမယ်၊ တိုးတက်ရမယ် စသဖြင့် မှာကြားတာတွေ ရှိနေပေမယ့်လည်း အမှန်တကယ် တွေးခေါ်မြော်မြင်ရေးနဲ့ ဆိုင်တဲ့ ပညာရပ်တွေကိုတော့ လက်ရှိအစိုးရ ထိပ်တန်း ရာထူးတွေကို ပိုင်ဆိုင်ထားသူတွေနဲ့ စစ်တပ်အရာရှိကြီးတွေ ကိုယ်တိုင် လက်ခံနိုင်ခြင်း မရှိသေးဘူး ဆိုတာကတော့ ထင်ရှားနေပါတယ်။

န၀တ အစိုးရကနေ ပုံစံပြောင်းပြီး နအဖ အစိုးရလက်ထက်မှာ ပျောက်ကွယ်သွားခဲ့တဲ့ ဘွဲ့ရ တပ်မတော် အရာရှိသင်တန်း (OTS) တုန်းကတော့ အခုလို ကန့်သတ်တာမျိုး မရှိခဲ့ဘဲ၊ ဘယ်တက္ကသိုလ်က ဘွဲ့ရထားသူ ဘယ်သူမဆို လျှောက်ထားနိုင်ခဲ့ ပါတယ်။ ဒါပေမယ့်လည်း တပ်မတော်ထဲမှာတော့ စစ်တက္ကသိုလ် (DSA) ကျောင်းဆင်းနဲ့ တပ်မတော်အရာရှိ သင်တန်း (OTS) ကျောင်းဆင်းတွေ အကြား ခွဲခြားဆက်ဆံမှုမျိုးတွေ ရှိတယ်လို့ ကြားဖူးပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေအရ လက်ရှိအနေအထားမှာ အင်အားအကြီးမားဆုံး ဖြစ်တဲ့ မြန်မာ့တပ်မတော်ဟာ မကြာသေးခင်က စလို့ တပ်ဖွဲ့အတွင်းမှာ အမျိုးသမီးတွေကို နေရာပေးလာတာတော့ တွေ့မြင်ရပြီ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းမှာ တပ်မတော်က နေရာယူထားပြီး တပ်မတော် လွှတ်တော်ကိုယ်စားလှယ်တွေ ထဲမှာလည်း အမျိုးသမီး အရာရှိတွေကို ပွဲထုတ်လာတာ တွေ့ရပါတယ်။

ဒါဟာ မြန်မာ့တပ်မတော် အနေနဲ့ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးကို ဦးစားပေး အလေးထားပါတယ် ဆိုတာ သက်သေပြလိုက်တာလို့ ယူဆပါတယ်။ ဒါ့အပြင် မကြာသေးခင် နှစ်တွေက စလို့ အမျိုးသမီး ဗိုလ်လောင်း အရာရှိတွေကို နိုင်ငံပိုင်သတင်းစာတွေက တဆင့် တရားဝင်ခေါ်ယူလိုက်တာဟာလည်း တပ်မတော် အနေနဲ့ အမျိုးသမီး အင်အား တိုးချဲ့လိုတာ ဖြစ်သလို၊ တပ်မတော်ထဲမှာ အမျိုးသမီးတွေ တာဝန်ထမ်းဆောင်နိုင်ဖို့ အခွင့်အရေးအတွက် လမ်းဖွင့်ပေးတာလို့ မှတ်ယူပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေ အတွက် နေရာပေးပါတယ်ဆိုတာကို အပြသက်သက် စတိသဘော မဟုတ်ဘဲ တကယ်ကို လက်တွေကျကျ၊ အကျိုးရှိရှိ အမျိုးသမီး အင်အားကို အသုံးချဖို့၊ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာမျိုး လုံးဝ မလုပ်ဖို့၊ အတွေးအခေါ် အမြော်အမြင် ရှိတဲ့ အမျိုးသမီးတွေကို လက်တွေ့ကျကျ နေရာပေးဖို့တော့ လိုအပ် နေသေးတယ် ဆိုတဲ့ အကြောင်း တင်ပြလိုက်ရပါတယ်။

(နန္ဒာဘုန်းမြင့်သည် လက်ထောက်ကထိက တဦးဖြစ်ပြီး သတင်းစာ၊ အပတ်စဉ်ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ကလေးသူငယ်များ အရေးနှင့် ပညာရေးဆိုင်ရာ ဆောင်းပါးများ၊ ရသစာပေများ ရေးသားလျက်ရှိသည်။)

ဧရာဝတီတွင် ဖော်ပြပြီး

Advertisements

Leave a comment

Filed under Article, Education, Gender, Human Rights

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s