တကျော့ပြန် ပန်းချီတောထွက် (၄)

တကျော့ပြန် ပန်းချီတောထွက်

(၄)

ကံကောင်းတာက ကျနော်ရောက်သွားတဲ့ ပန်းချီဆိုင်းဘုတ်ဆိုင်က လူတွေက လတ်တလော ဝမ်းရေးအတွက်ပဲ ကော်မာရှယ်ကို ရေးကြတာဖြစ်ပြီး fine art ဘက်ကို အချိန်ပြည့် ကူးနိုင်ဖို့ အပတ်တကုပ် ရည်မှန်းချက် မပျက် ကြိုးစားသူတွေ ရှိလို့ပါပဲ။

အဲဒီတုန်းက အတူနေ ပန်းချီဆရာတွေကို ဒီနေ့ ခေါ်ဝေါ်ကြတဲ့အတိုင်း ပြောရရင် (ဆရာကြီး ဦးငွေကိုင်တပည့် ဦးအောင်ထွေး၊ ဦးအောင်ထွေး တပည့် ဦးကျော်ဝေ၊ ဦးအောင်ထွေးနဲ့ ဦးကျော်ဝေ တပည့်) ထားဝယ် တူးတူး။ (မရဘူး၊ အတင်းဆွဲစိတာပဲ။)
သူက ရိုးတယ်၊ နှိမ့်ချတယ်။ ဆရာကြီးလုပ်ပြီး မသင်ဘူး။ နေ့ခင်း ဆိုင်းဘုတ်ရေး၊ ညဘက် fine art ကို ကြိုးစားလေ့လာ ရေးဆွဲတယ်။ ကိုယ်က ဘေးက ထိုင်ကြည့်တယ်။ စုတ်တံ ဝင်ဆေးတယ်။ ပိုတဲ့ဆေး ဝင်နှိုက်ရေးတယ်။ နောက်ပိုင်းကျတော့ ပန်းချီကား drawing အောက်လိုင်း ကောက်ပေးရင်း သိချင်တာတွေ မေးရတယ်။ ကိုယ့်ရဲ့ မြင်ဆရာပဲ။ ခုတော့ သူပန်းချီကားတွေ တရစပ် ရေးနေတယ်။ သူလည်း ဝယ်လက်ကောင်းကောင်းရှိတဲ့ ပန်းချီဆရာ ဖြစ်နေပါပြီ။ သူ့မိန်းမ အပေါက်ဆိုးလို့ သူ့ဆီ သွားမလည်တာ ကြာပြီ။

ဆရာဦးကျော်ဝေကလည်း မြင်ဆရာပါပဲ။ သိချင်တာတွေ မေးရတယ်။ သူဆွဲနေရင် ထိုင်ကြည့်တယ်။ သူ့လက်ရာတွေကတော့ အဆင့်မြင့်ပါတယ်။ တကြိမ်က ဆရာတော်တပါး ထိုင်နေပုံ ၅ ပေ အမြင့်လောက် ဆွဲထားတာ လက်က အကြောတွေ အပြိုင်းပြိုင်းကို ရေးထားတာ အသက်ဝင်လွန်းလို့ သွားကိုင်ကြည့်မိသေးတယ်။

နောက်ပြီး လူပေလူတေကြီး၊ တပ်ကြပ်ထွက် ဦးမြင့်ဆွေ။ သူက မန္တလေး ပန်းချီကျောင်းထွက်။ တနိုင်ငံလုံး လှည့်ပြီး ပေတေနေ၊ ဘုရားတန်ဆောင်းမှာ ဗုဒ္ဓဝင်ကားတွေ ရေးတယ်။ နောက်ဆုံး ကျနော်တို့ဆီရောက်တယ်။ လက်ရာသိပ်ကောင်းတယ်။ သင်္ဘောဆေးနဲ့ ကာလာရဲရဲ ရေးနည်းကို သူ့ဆီက သင်ရတယ်။ သူရေးတဲ့ ဝင်းဦး ပုံတူဆိုရင် ကျနော် ကူးဆွဲဖူးတယ်။ သူသင်ပေးတဲ့အတိုင်း ထိုစဉ်က ကိုယ်အကြိုက်ဆုံး ထွန်းအိန္ဒြာပုံ ဆွဲဖူးတယ်။ နာဂစ်မှာ ပျောက်သွားပြီ။ ၁၀ နှစ်လောက် ကွဲကွာသွားတာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကပဲ ယုဇနမှာ ဆုံးသွားလို့ မဆုံလိုက်ရတော့ဘူး။ သူက ကက်ဆက်ကလေး တလုံးဝယ်ပြီး တွံ့တေးသိန်းတန် အခွေဖွင့်ပြီး ပန်းချီရေးတယ်။ အများဆုံးဖွင့်တဲ့သီချင်းက … ဒေါင်ဒေါင်မြည်မှ အိုး … သုံးလွန်တင်မှကြိုး … ဆိုပြီး လိုက်လည်း ဆိုသေးတယ်။

နောက်တယောက်က ဟင်္သာမောင်မောင် ပန်းချီဆိုင်ပိုင်ရှင် ကိုလှစိန်။ သူတို့က ဟင်္သာတက တက်လာလို့ ဆိုင်နာမည် ဟင်္သာမောင်မောင် ဖြစ်သွားတာပဲ။ သူက ဆိုင်မကပ်ဘူး။ ပန်းချီရေးလို့ရတဲ့ ပိုက်ဆံ အချိုးကျလာယူပြီး ပျောက်ပျောက်သွားတာပဲ။ အသုံးအဖြုန်းကြီးတယ်။ နောက်ပိုင်းမှာ ကော်မာရှယ် စီးပွားဖြစ် ပန်းချီသမားတွေ တခေတ် ကောင်းခဲ့တယ်။ ဆေးမှုတ်ဂန်းတွေပါ အသုံးပြုပြီး ကြီးမားတဲ့ ဘီလ်ဘုတ်ကြီးတွေ၊ ကုမ္ပဏီပိုင် ကားဘော်ဒီမှာ ရေးဆွဲပေးရတာတွေ၊ ကုန်စည်ပြပွဲမှာ လိုက်ရေးတာတွေနဲ့ တော်တော် ငွေရွှင်ခဲ့တယ်။ ဒါပေမယ့် ကျနော် ဘုန်းကြီးကျောင်း နမူနာပုံရေးလို့ရတဲ့ ပိုက်ဆံနဲ့ ဝယ်ထားတဲ့လက်စွပ်ကို ယူပေါင်ပြီး ပြန်မရွေးတာကနေ ကိုလှစိန်နဲ့ ဆက်မလုပ်ဖြစ်တော့ဘူး။ အခုပြန်တွေ့တော့ ကော်မာရှယ် လုပ်ငန်းထဲမှာ လုပ်နေတုန်းပဲ။

ကော်မာရှယ်ကို ရေးတတ်လာတော့ ကိုလှစိန် ယောက်ဖ ကိုသန်းဦးနဲ့အတူ ပန်းချီကိုဌေးအောင် ဆီမှာ သူလက်ခံထားတဲ့ ကော်မာရှယ်တွေ နေ့စားနဲ့ သွားရေးတယ်။ ပက်ပဆီတို့၊ ဆဲဗင်းအပ်တို့ ၁၀ ပေx၁၅ ပေ၊ ၁၂ ပေxပေ ၃၀ ကြီးတွေအထိ ရန်ကုန်အနှံ့ လိုက်ရေးဖူးတယ်။ အပ်ထည်မရှိရင် ရုပ်ရှင်ပိုစတာကြီးတွေရေးတာကို ဝိုင်းကူတယ်။

သားရေတုပေါ် ပုံနှိပ်နိုင်တဲ့ ဗိုင်နယ်လ်စက်တွေ ဝင်လာတော့ ပိုစတာရေးတဲ့ခေတ်လည်း ပျောက်တာပဲ။ ပညာမတတ်ပေမယ့် ကိုသန်းဦးက အခုထိ ကော်မာရှယ်ပန်းချီလိုင်းကိုပဲ ဆက်လုပ်နေပြီး လုပ်ငန်းတောင် တော်တော်ကြီးကျယ်နေပြီ။ တလောက သူ့ဆီသွားတော့ အလှကုန်ပစ္စည်းတွေတင်တဲ့ ဖိုက်ဘာစင်တွေ သိန်းဆယ်ချီ၊ ရာချီဖိုး လက်ခံပြီး လုပ်နေတာတွေ့တော့ ဝမ်းသာမိတယ်။ သူနဲ့က ညီအစ်ကိုလို ခင်တာ။
နောက်တယောက်က ကေမိုးကို။ သူလည်း fine art ပန်းချီရေးပြီး ရပ်တည်နေနိုင်တဲ့သူတယောက် ဖြစ်နေပါပြီ။ အခု သူနဲ့တွဲပြီး အခန်းစုတ်တခန်းမှာ Kooe Art Studio ဆိုပြီး လုပ်ထားတယ်။ အဲဒီမှာ ဆုံကြ၊ သောက်ကြ၊ သီချင်းရေးကြ၊ ဂစ်တာတီးကြ၊ ကဗျာတွေရွတ်ကြ၊ ရန်ဖြစ်ပြန်ချစ်ကြ၊ ပန်းချီတွေရေးကြနဲ့ အသက်တော့ ဝင်နေတာပဲ။

ထပ်ပြီး လိုရင်းချုပ်ရရင် ကျနော်ကတော့ လောကဓံ အထုအထောင်းတွေကို စိတ်ပျက်ပြီး ၁၉၉၇ မှာ ကျောင်းသားလှုပ်ရှားမှုဖြစ်ပြီးနောက် ကျောင်းပိတ်တော့ ဦးဇင်းတဝါ ဝတ်၊ အင်္ဂလိပ်စာ၊ ဂျပန်စာ၊ ပိဋကတ် အတိုအထွာလေ့လာ။ နောက်တော့ လူပြန်ထွက်။ ကြာတော့ အင်္ဂလိပ်စာ အနည်းအကျဉ်းကလွဲရင် ကျန်တာမေ့ပျောက်။

ကေမိုးကို၊ ဆရာ ဦးကျော်မိုးသိမ်းတို့နဲ့ ဘဝကို ပေတေ အလေလိုက်နေခဲ့တယ်။ (သူတို့နဲ့ နေတုန်းက ပန်းချီဆွဲကြပုံ ကမောက်ကမကို အရင်က ပို့စ်တင်ခဲ့သေးတယ်)။ သိပ်မကြာဘူး၊ ဦးဇင်း တကြိမ်ထပ်ဝတ်၊ အဝေးသင် တက္ကသိုလ်ကို သိပ္ပံတွဲယူပြီး သင်္ကန်းတဖားဖားနဲ့တက်၊ တဖက်က ဘုန်းကြီးစာဝါလိုက်၊ ၂ ဝါနေတော့လူထွက်၊ အယ်ဒီတာဖြစ်ပြီး စာပေလောက၊ မီဒီယာလောကမှာ ဟိုမရောက်ဒီမရောက်ကနေ ပညာသင်ဆုရလို့ ပညာတော်သင်ထွက်လိုက်တာ ပန်းချီက မရေးဖြစ်သလောက်ပဲ။
ချင်းမိုင်တက္ကသိုလ်မှာ ကျောင်းတက်ရင်း ချင်းမိုင်တက္ကသိုလ် ပန်းချီပြတိုက်မှာ သွားသွားငေး။ အခရိုက်လစ်နဲ့ စမ်းရေးတဲ့ ပန်းချီကားလေးတွေကတော့ တရုတ်နဲ့ မွန်ဂိုလီးယားက သူငယ်ချင်းတွေတောင်းလို့ ပေးလိုက်တယ်။ (ရောင်းလည်း ဝယ်မယ့်သူမှ မရှိတာ …  )

နှစ်တွေကြာပြီးမှ မြန်မာပြည် ပြန်ရောက်၊ မိတ်ဆွေပန်းချီဆရာတွေကို ကိုနိုင်စွမ်း အကူအညီနဲ့ ပြန်ရှာ။ သေတဲ့သူကသေ၊ ဘဝပျက်သူတွေကပျက်၊ အရက်ဒဏ်ပိသူကပိ၊ အဆင်ပြေသူကပြေ၊ အသိုင်းအဝိုင်းအပြင်ဘက် ရောက်သူကရောက်၊ အစုံပါပဲ။
ကိုယ်နဲ့ ရင်ဘတ်တူသူတွေ ပြန်စုမိတော့ ပန်းချီသမား ငယ်ဖြူတွေ ကြားမှာ ကျနော်လည်း ပန်းချီသမား တောထွက်ကြီး တဖန်ဖြစ်ရခြင်းပါပဲ။ ကိုမောင်မောက်၊ သစ်နေဆန်း၊ ဆရာခဲ၊ ကိုရူပ၊ ကိုဇော်ဇော်၊ ကိုနန်းပန် စသဖြင့် ဘော်ဒါသစ်တွေလည်း ထပ်ရပေါ့လေ။
မိတ်ဟောင်းမိတ်သစ်များနှင့် ဆုံကာ ပြန်လည် လက်သွေး (ခွက်သွေးတာက ပိုများ) ပြီးနောက် အစဉ်အလာကြီးတဲ့ Wile Eye မှာ လူသစ်အဖြစ် ပြန်လည်ပါဝင်ပြသခွင့် ရပါတယ်။ တနှစ်စာ ကင်းဗတ်ကို ကေမိုးကိုနဲ့စပ်ပြီး (အကြွေး) ဝယ်၊ ဆေးဗူးတွေလည်း ဝယ်၊ ပုံကြမ်းတွေလည်း ခြစ်နေပါကြောင်း။

သို့သော်လည်းတဲ့ … ပန်းချီကားဆိုတာ စာရေးသလို ကွန်ပြူတာရှိရုံနဲ့ တရွှစ်ရွှစ် မလုပ်နိုင်သောကြောင့် မုခစာအုပ်တွင် မျက်စိနောက်အောင် လုပ်နိုင်မည် မဟုတ်ပါဟူ၍ …။

သင်ကာ @ ခက်ထန်

(ပြီး)

Advertisements

Leave a comment

Filed under Art

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s