Political Ecology – Intro

20141118_205851

နိုင်ငံရေး ဂေဟဗေဒ အဖွင့်များ

ခက်ထန်

(ယနေ့ခေတ် မဂ္ဂဇင်းတွင် ဖော်ပြပြီး)

ဝုဖ် (E. Wolf) ၏ ၁၉၇၂ ခုနှစ်ထုတ် “ပိုင်ဆိုင်မှုနှင့် နိုင်ငံရေး ဂေဟဗေဒ” (Ownership and Political Ecology) စာအုပ်တွင် ဝုဖ်က “နိုင်ငံရေး ဂေဟဗေဒ” ဟူသော စကားလုံးကို အစောဆုံး စတင်သုံးစွဲခဲ့သည်။ ယင်းအချိန်မှစ၍ မကြာသေးခင် အချိန်အထိ ယင်းစကားလုံးကို အထူးပြုမှု အမျိုးမျိုးတွင် သုံးစွဲခဲ့ရာ အဓိကကျသော အနက်အဓိပ္ပာယ် ခြားနားမှုများကို တွေ့ရသည်။

တချို့သော ဖွင့်ဆိုချက်များတွင် နိုင်ငံရေး ဘောဂဗေဒ (Political Economy) ကဲသည်။ တချို့ကမူ သမားရိုးကျ နိုင်ငံရေး ဘောင်အတွင်းမှာပင် ဖွင့်ဆိုကြသည်။ တချို့က သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကို အထူးပြု သရုပ်ခွဲသည်။ တချို့ကလည်း အဆိုပါ ပြောင်းလဲမှု ဖြစ်စဉ်များကို ခြေရာကောက်ရန် ကြိုးပမ်းသည်။ သို့သော်လည်း နိုင်ငံရေး ဂေဟဗေဒ အယူအဆများအတွင်း ဘုံတူညီကို ရှာဖွေနိုင်ပါသည်။

ဖွင့်ဆိုချက် အမျိုးမျိုးမှ တူရာတူရာ ဆွဲထုတ်လိုက်လျှင် “နိုင်ငံရေး ဂေဟဗေဒ” ဟူသည် ဂေဟဗေဒ သက်သက်ကို ရှင်းလင်းသော တခြားနည်းဖြင့် ပုံဖော်ကြည့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် သမားရိုးကျ ယူဆချက်များဖြစ်သော ကြောင်းကျိုးပြ ရှင်းလင်းချက် ဘောင်ထဲမှ ဖြစ်သည့် Apolitical Ecology မှ ခွဲထုတ်လေ့လာကြည့်သည်။

နိုင်ငံရေး ဂေဟဗေဒကို ခေတ်စနစ်အလိုက် ဖွင့်ဆိုချက်များအား လေ့လာကြည့်ပါမည်။
၁၉၇၉ ခုနှစ်တွင် ကွတ်ခ်ဘန်း (A. Cockburn) နှင့် ရစ်ဂ်ျဝေး (J. Ridgeway) တို့က Political Ecology စာအုပ်ကို တည်းဖြတ်ထုတ်ဝေသည်။

အဆိုပါစာအုပ်ပါ နိုင်ငံရေး ဂေဟဗေဒ ဖွင့်ဆိုချက်မှာ “အမေရိကန် ပြည်ထောင်စု၊ အနောက် ဥရောပနှင့် တခြားသော စက်မှု ထွန်းကားသည့် နိုင်ငံများတွင် အစွန်းရောက်သော လှုပ်ရှားမှုများ (Radical Movements) ၏ ရည်မှန်းချက်များကို ဖော်ပြရန် အသုံးဝင်သောနည်း၊ မူလဂေဟဗေဒ သဘောတရားမှ ဝေးကွာပြီး ဂေဟစနစ်အတွက် လှုံဆော်သူများ (eco-lobby) များ၏ အရေးပါသော လုပ်ဆောက်ချက်များ” ဟု ဆိုသည်။

ရည်မှန်းချက်အားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများ၏ မြို့နယ်နှင့် ကျေးလက်ဒေသတို့တွင် သဘာဝ ပတ်ဝန်းကျင်များသည် ကော်ပိုရိတ်လုပ်ငန်းကြီးများနှင့် အစိုးရ၏ စီမံခန့်ခွဲမှု အလွဲများကြောင့် ပျက်စီးရခြင်းကို ထုတ်ဖော် တင်ပြရန်ဖြစ်သည်။

ဘလိုင်ကီး (P. Blaikie) နှင့် ဘရွတ်ခ်ဖီးလ် (H. Brookfield) တို့ ၁၉၈၇ ခုနှစ်တွင် ထုတ်ဝေသော “မြေယာပျက်စီးမှုနှင့် လူ့အဖွဲ့အစည်း” (Land Degradation and Society) တွင်လည်း နိုင်ငံရေး ဂေဟဗေဒကို ဖွင့်ဆိုထားသည်။

၎င်းတို့ကမူ နိုင်ငံရေး ဂေဟဗေဒဟူသည် “ဂေဟဗေဒဆိုင်ရာနှင့် ကျယ်ပြန့်စွာ အနက်ဖွင့်ဆိုထားသော နိုင်ငံရေး ဘောဂဗေဒတို့၏ ပေါင်းစပ်မှု” ဟု အနက်ပေးသည်။ Ecology နှင့် Political Economy နှစ်ခုပေါင်းဟု ဆိုသည်။ ဤအရောအစပ်တွင် လူ့အဖွဲ့အစည်းနှင့် မြေယာ အခြေပြု ရင်းမြစ်များ၊ လူ့အဖွဲ့အစည်းအတွင်းရှိ လူတန်းစားနှင့် အုပ်စုများအကြား စဉ်ဆက်မပြတ် ဖြစ်ပေါ်ပြောင်းလဲနေသည့် ပဋိပက္ခများ ပါဝင်သည်။
ရည်မှန်းချက်အားဖြင့် ဖွဲ့ဖြိုးဆဲ တတိယ နိုင်ငံများတွင် ကမ္ဘာနှင့်ချီသော နိုင်ငံရေး ဆက်နွှယ် စီးပွားရေး အင်အားစုများ၏ ဒေသထွက်ကုန် ရွေးချယ်မှုများနှင့် ဒေသခံများကို အမြတ်ထုတ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲလာမှုကို ရှင်းပြန်ရန်ဖြစ်သည်။

၁၉၉၄ တွင် ဂရင်းဘာ့ဂ် (J. B. Greenberg) နှင့် ပါ့ခ် (T. K. Park) တို့ ရေးသားသော Political Ecology စာတမ်းတွင်လည်း နိုင်ငံရေး ဂေဟဗေဒ ဖွင့်ဆိုချက် ပါဝင်သည်။ “နိုင်ငံရေး ဘောဂဗေဒနှင့် ဂေဟဗေဒဆိုင်ရာ သရုပ်ခွဲလေ့လာမှုတို့၏ သမူဟပေါင်းစပ်မှု” ဟု ဆိုသည်။ နိုင်ငံရေး ဘောဂဗေဒဘက်တွင် စဉ်ဆက်မပြတ် လိုအပ်ချက် (Need) နှင့် ၎င်းနှင့် ကျွဲကူးရေပါ ချိတ်ဆက်နေသော ထုတ်လုပ်နိုင်စွမ်း၊ ဖြန့်ဖြူးနိုင်စွမ်းတို့ ပါဝင်သည်။ ဂေဟဗေဒဆိုင်ရာ သရုပ်ခွဲလေ့လာမှုတွင် ဇီဝသက်ရှိနှင့် သဘာဝပတ်ဝန်းကျင် (Bio-environmental) ဆက်နွှယ်မှုအတွက် ကျယ်ပြန့်သော ရှုမြင်ချက်များ ပါဝင်သည်။
အဆိုပါ ရှုထောင့်မှ အဓိက လေ့လာသည်မှာ “လူသားအဖွဲ့အစည်း” နှင့် အထူးသဖြင့် “လူသားနှင့် သဟဇာတ ဖြစ်သည့် သဘာဝ” တို့အကြား ဆက်နွှယ်မှုဆိုင်ရာ လူမှု သိပ္ပံဘာသာရပ်များ ဖြစ်သည်။ လူသားအဖွဲ့အစည်း ဆိုရာတွင် ယင်း၏ ဇီဝ-ယဉ်ကျေးမှု-နိုင်ငံရေးဆိုင်ရာ ယှက်နွှယ်မှု (Bio-cultural-political Complexity) ရှုမြင်ချက်များ ပါဝင်သည်။

၁၉၉၆ ခုနှစ်တွင် ပိ (ထ်) (R. Peet) နှင့် ဝတ်စ် (M. Watts) တို့က “လွတ်လပ်သော ဂေဟဗေဒစနစ် – ဈေးကွက် အထွဋ်အထိပ်ခေတ် ဖွံ့ဖြိုးရေး၊ စဉ်ဆက်မပြတ် ထိမ်းထားနိုင်မှုနှင့် သဘာဝပတ်ဝန်းကျင်” (Liberation Ecology: Development, Sustainability and Environment in the Age of Market Triumphalism) စာတမ်းကို ရေးခဲ့သည်။ ဂေဟဗေဒ နွှယ်သော လူမှုသိပ္ပံနှင့် နိုင်ငံရေး ဘောဂဗေဒ မူ (Principle) များအကြား ပေါင်းဆုံမှုဟု ၎င်းတို့က နိုင်ငံရေးဂေဟဗေဒကို အနက်ဖွင့်သည်။ ထုတ်လုပ်မှု ကျဆင်းသည့် အကျပ်အတည်းများ၏ ပဋိပက္ခများနှင့် တင်းမာမှုများမှ ပေါ်ထွက်လာသော လှုပ်ရှားမှုများကို လေ့လာသည်။ နိုင်ငံရေး သွင်ပြင်လက္ခဏာအရ အငြင်းပွားစရာဖြစ်မှုနှင့် ပိုမိုကောင်းမွန်သော ဘဝအတွက် ရည်မှန်းချက်၊ ဆန့်ကျင်ဘက်များအတွက် ဖြစ်လာနိုင်ဖွယ်ရာ အခြေခံများကို နားလည်ရန် ကြိုးစားသည်။ အသက်မွေးမှုဆိုင်ရာနှင့် လူမှုတရားမျှတမှု (Social Justice) ဆိုင်ရာ လှုပ်ရှားမှုများအထိ ကျယ်ပြန့်သည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများအထိ ဖြစ်နိုင်ခြေများကို ရှာဖွေသည်။

၁၉၉၆ ခုနှစ်တွင်ပင် ဟမ်ပယ်လ် (L. C. Hempal) က “သဘာဝပတ်ဝန်းကျင်ကို စီမံမှု – ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်ချက်” (Environmental Governance: The Global Challenge) စာအုပ်ကို ရေးခဲ့သည်။ သူက နိုင်ငံရေး ဂေဟဗေဒကို “နိုင်ငံရေး ယူနစ်များအကြား အပြန်အလှန် မှီခိုမှု (Interdependence) ကို လေ့လာခြင်း၊ နိုင်ငံရေး ယူနစ်များနှင့် ၎င်းတို့၏ သဘာဝ ပတ်ဝန်းကျင်အကြား အပြန်အလှန် ဆက်နွှယ်မှုများ (Interrelationships) ကို လေ့လာခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှု၏ နိုင်ငံရေး အကျိုးဆက်များကို စူးစမ်းခြင်း” ဟု အဓိပ္ပာယ်ပေးသည်။ ဒေသတွင်း ချွတ်ခြုံကျမှုနှင့် ရှားပါးလာမှုများကို တုံ့ပြန်ရန် ကမ္ဘာနှင့်ချီ၍ လူထုအဆင့်နှင့် ဒေသတွင်း နိုင်ငံရေး လုပ်ဆောင်မှုများကို ဖော်ထုတ်ခြင်း၊ ရှင်းလင်းခြင်း ပြုလုပ်သည်။

ဝတ်စ် (M. J. Watts) က ၂၀၀၀ ပြည့်နှစ်တွင် ရေးသားသော Political Ecology စာတမ်းတွင်မှု နိုင်ငံရေး ဂေဟဗေဒကို “သဘာဝ (Nature) နှင့် လူ့အဖွဲ့အစည်း (Society) တို့၏ ရှုပ်ထွေးသော ဆက်နွှယ်မှုကို နားလည်အောင် ကြိုးပမ်းခြင်း” ဟု ဝိဂြိုဟ်ပြုသည်။ သဘာဝရင်းမြစ်များကို ထိန်းချုပ်မှုနှင့် ထုတ်လုပ်ရယူမှု ပုံစံများကို စေ့ငုစွာ သရုပ်ခွဲလေ့လာခြင်း၊ သဘာဝ ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးနှင့် ဓားမဦးချမပျက် ထိန်းထားနိုင်သော သက်မွေးမှုများ အတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုများမှတဆင့် အထက်ဖော်ပြပါ ရှုပ်ထွေးသော ဆက်နွှယ်မှုကို နားလည်အောင် ကြိုးပမ်းခြင်းဖြစ်သည်။

ရည်မှန်းချက်မှာ အသိပညာ၊ အာဏာနှင့် လက်တွေ့ကျင့်သုံးမှု (Knowledge, Power and Practice) နှင့် နိုင်ငံရေး၊ တရားမျှတမှုနှင့် စီမံအုပ်ချုပ်မှု (Politics, Justice and Governance) ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်တွင်ပင် စတောက် (P. Stott) နှင့် ဆူလီဗန် (S. Sullivan) တို့က “နိုင်ငံရေး ဂေဟဗေဒ – သိပ္ပံပညာ၊ အစဉ်အလာယုံကြည်မှုနှင့် ပါဝါ” (Political Ecology: Science, Myth and Power) ဟူသော စာအုပ်ကို တည်းဖြတ်ထုတ်ဝေသည်။ နိုင်ငံရေး ဂေဟဗေဒဆိုသည်မှာ တခြားရွေးစရာ ဖြစ်နိုင်ခြေမရှိချိန်တွင် သဘာဝ ပတ်ဝန်းကျင် ယိုယွင်းအောင် ဖြစ်စေသော အကြောင်းရင်းဖြစ်သည့် လုပ်ဆောင်မှုများ၊ ယင်းသို့ လုပ်ဆောင်ရန် တွန်းအားပေးနေသည့် နိုင်ငံရေး အခြေအနေကို စူးစမ်းလေ့လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံ သစ်တောများ ပြုန်းခဲ့ရသည့် အခြေအနေမျိုး ဥပမာ ပေးနိုင်သည်။

အများလက်ခံထားပြီးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစဉ်အလာယုံတမ်းများကို စူးစမ်းပြီး ပြန်လည် ပုံစံချကြည့်ခြင်း ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်ကြားချက်များ (Discourses) မှတဆင့် လက်ခံထားကြပြီးသော တရားသေပုံစံများကို ပြန်လည် နေရာချထားကြည့်ခြင်း ဖြစ်သည်။

ရည်ရွယ်ချက်အားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောနေကျ စကားများ၏ နိုင်ငံရေး မျက်နှာစာများ (Political Diemnsions) ကို သရုပ်ဖော်သည်။ အများလက်ခံထားကြသည့် သဘာဝ ပတ်ဝန်းကျင် ယိုယွင်းကျဆင်းလာမူ အယူအဆများဖြင့် ဖွဲ့တည်ထားသည့် အဓိက လက်ဆင့်ကမ်း ပြောဆိုခဲ့မှုများကို ဖြိုဖျက်ပစ်ရေး ဖြစ်သည်။ တကြောင်းစွဲ လားရာသို့ ဦးတည်နေမှု မဖြစ်စေရန် ပြန်လည်ပုံစံချကြည့်ရေးလည်း ဖြစ်သည်။

၂၀၀၄ ခုနှစ်ထုတ် ပေါလ် ရော်ဘင် (Paul Robbins) ၏ Political Ecology: A Critical Itroduction (နိုင်ငံရေး ဂေဟဗေဒ – ဝေဖန်ဆန်းစစ် မိတ်ဆက်) စာအုပ်တွင် နိုင်ငံရေး ဂေဟဗေဒသည် သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးယိုယွင်းခြင်းနှင့် ဖယ်ကျဉ်ခံရသော အသိုင်းအဝန်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပဋိပက္ခ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ထိန်းချုပ်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သရုပ်ခွဲမှုများနှင့် လူမှု လှုပ်ရှားမှုများ ပါဝင်သည်ဟု ခြုံငုံဖော်ပြထားသည်။

Advertisements

Leave a comment

Filed under Environment, Political Ecology

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s