ဟိုတုန်းက …

Buddhist MONK-ILLUSTRATION

ရုံးပိတ်ရက်မှာ ဦးဇင်း နန္ဒဝံ အလည်ကြွတယ်။ ကိုယ်က ဘုန်းကြီးကျောင်း မလာချင်ဘူးလို့ အဒေါ်က ပြောလို့ သူက ကိုယ့်တိုက်ခန်းကို ကြွလာတာ။ ဟိုတုန်းက သူနဲ့ကိုယ်က စာဝါ အတူတူ လိုက်ဖူးတယ်။
ဘယ်အတန်း ရောက်ပြီလဲဆိုတော့ ဓမ္မာစရိယ တဲ့ …။ ဘယ်နှကျမ်းပြီးပြီလဲ ဆိုတော့ တကျမ်းမှ မပြီးသေးဘူး တဲ့ …။

သူက ၁၁ ဝါ ရနေပြီ၊ ကိုယ်က လူ …။ ဒါပေမယ့် ဟိုတုန်းက အကျင့်က မပျောက်သေးတော့ မေ့ပြီး ဖိပြောနေမိတယ်။ ဒီအရွယ်မှာ စာပြီးအောင်လုပ် ကိုယ်တော် … ကြာရင် လုပ်ဖြစ်မှာ မဟုတ်ဘူး … ဘာညာနဲ့ ဘုန်းကြီး စာချ လုပ်တော့ ဦးဇင်းလည်း ဖြေရှာပါတယ် … ကျောင်းမှာ စာသင်သား များလာတော့ သူက စာပြန်ချနေရတာနဲ့ စာလိုက်ဖို့ ပျင်းသွားပြီ တဲ့။

ဒါနဲ့ ထိုင်း သို့မဟုတ် သီရိလင်္ကာမှာ ဘီအေတန်း သွားတက်ချေဆိုတော့ အခု အင်္ဂလိပ်စာ လုပ်နေပါတယ်တဲ့ …။ ကိုယ်လည်း စာအုပ်ပုံထဲကနေ သူ့အတွက် ကောင်းနိုးရာရာတွေ ပေးလိုက်တယ် … အဲ … လှူလိုက်တယ် ပေါ့လေ …။

ကိုယ်တော် … ကျုပ်အခန်းမတော့ ဝီစကီနဲ့ ရေပဲ ရှိတယ် …။ တခြားကပ်စရာ မရှိဘူးလို့ …။ သူက ခုပဲ စားပြီးပါပြီတဲ့ …။ ဘုဉ်းပေးပြီးပြီလို့ သူ ပြောမထွက်ဘူး ထင်ပါ့ …။ အင်း … ဟိုတုန်းကတော့ စာအံပြီး ဗိုက်ဟောင်းလောင်းဖြစ်ရင် တခါတလေ မဖြစ်စလောက် ညစာကို ခွဲဝေပြီး အတူ ကျိတ်ခဲ့ကြသေးတာ မဟုတ်လား …။ နာရီနဲ့ ချီပြီး စာအံတော့ လေက အထက်ကို စုန်တယ် … စာအံပြီးလို့ အိပ်ပြီဆို ပက်လက်အိပ်လို့ မရဘူး … ရေတွေချည်း သောက်ရတော့ ဗိုက်ထဲမှာ ရေက ဗလောက်ဗလက်နဲ့ ဘောင်ဘင်ခတ်နေတယ် … အဲဒီတော့မှ “ရေသောက် ဗိုက်မှောက်” ဆိုတဲ့ စကားကို နားလည်တော့တာပဲ။

ဒါနဲ့ ကိုယ်တွေရှိတုန်းက ဦးဇင်းတွေ၊ ကိုရင်တွေ အကြောင်း ရောက်သွားတယ်။

ကိုယ်တွေကို စာချတဲ့ ဦးဇဋိလရောလို့ …။ သေပြီတဲ့ …။ လူထွက် … မိန်းမယူ … အရက်တွေသောက် … သူ့အစ်ကိုများရဲ့ စက်လှေမှာ ဦးစီးလုပ်နေတုန်း အလုပ်ပိတ်ရက် စက်လှေမှာ တယောက်တည်း အရက်တွေသောက်ပြီး မြစ်ထဲ ငါးဆင်းဖမ်းတာမှာ ပြန်တက်မလာတော့ဘူး … သေရောတဲ့ …။ သူက ငယ်ငယ်ကလေးနဲ့ စာချတန်း ပြီးတယ် …။ စာချရင် ကိုရင်တွေကိုလည်း တီးသလားမမေးနဲ့၊ အရိုက်ကြမ်းတယ် (သူနဲ့ ပတ်သက်ပြီး ဘုန်းကြီးစိတ်ပညာကိစ္စ ရေးဖို့ အာသီသ ရှိတယ်)။

ယုဝိန်ရော ဆိုတော့ လူထွက်ပြီး ထိုင်းမှာ ရော်ဘာခြစ်နေတယ်တဲ့ …။ မနှစ်ကတော့ ရွာကို ဖုန်းဆက်လာတယ် … မလေးရှားသွားချင်လို့ ပိုက်ဆံ တောင်းတာတဲ့ …။

ဦးဇင်းတရုတ်ရော ဆိုတော့ ယုဝိန်က သူနဲ့ ပါသွားတာတဲ့ …။ ဦးဇင်းတရုတ်ကတော့ ရန်ကုန်သား လူလည်ပဲ …။

တေဇိန်ရော ဆိုတော့ သူက ကျောင်းထိုင်ဖြစ်ပြီးကာမှ လူထွက် … မိန်းမယူတာ ၂ ယောက်တောင် ပြောင်းသွားပြီတဲ့ …။ အေး … ဒီကောင်က ဟိုတုန်းကတည်းက လှချင်တဲ့ကောင်ဆိုတော့ လူထွက်တာ မအံ့သြပါဘူးလို့ …၊ ဒါပေမယ့် ယုဝိန်တော့ လူထွက်မယ် မထင်ဘူးလို့ ပြောလိုက်တယ်။ ဦးဇင်း နန္ဒဝံက သူ အဖော်ခေါ်လာတဲ့ ကိုရင်ပေါက်စကို မေးငေါ့ပြပြီး “အဲဒီကောင် တေဇိန့် တပည့်လေ” တဲ့ …။

နိကာယ်က ဦးပဏ္ဍိရော ဆိုတော့ သူလည်း လူထွက်တာပဲတဲ့ …။ ပြုံးပြုံး ပြုံးပြုံးနဲ့ သူ့ကို သတိရသေးတော့ …။

သောဘိ လူထွက်တာ သိတယ် … သူ ပဋိကတ် သုံးပုံ ဝင်ဖြေတာ ဘယ်လောက်ပြီးသလဲဆိုတော့ … ဝိနည်း ၅ ကျမ်းတောင် မကုန်ပါဘူးတဲ့ …။ သောဘိက ဥာဏ်ကောင်းတယ် …။ သိမ်းကျောင်းပေါ်မှာ ကိုယ့်ဘေးမှာ နေတယ် …။ ခုံပုလေးပေါ်ထိုင်ပြီး ပိဋကတ်စာတွေ ကျက်တော့တာပဲ …။ ညနေဆို သိမ်ကျောင်းဘေးမှာ လမ်းလျှောက်ရင်း အဲဒီ ကျက်ထားတာတွေ အာဂုမ် ရွတ်တော့တာပဲ …။ ခုတော့ ကွန်ပြူတာဆိုင် ဖွင့်ထားဆိုပဲ …။ ကိုယ် ပထမငယ် နှစ်ချင်းပေါက် အောင်ပြီး အလတ်တန်းမှာ လူထွက်တော့ သူအတော် ဝမ်းနည်းတယ်။

တောထွက်ကြီး ဦးဇင်းစိုးမြင့်ကတော့ ကင်ဆာနဲ့ ဆုံးသတဲ့ …။ ဦးဇင်းကြီး ဦးအုန်းဖေကိုတော့ အအံ့သြဆုံးပဲ … မြန်မြန်သေမယ် ထင်တာ … လူထွက်ပြီး မိန်းမတောင် ထပ်ယူလိုက်သေးသတဲ့ … ခုတော့ သေပြီတဲ့။

ကိုရင်ဝေလင်းလည်း လူထွက်တယ် … ကိုရင် အပိန်လေးလည်း လူထွက်တယ် …။ ကိုရင် အောင်သင်းလည်း လူထွက်တယ် …။ ကျန်ကိုရင် ပေါက်စနလေးတွေတော့ မမှတ်မိတော့ဘူး …။

ကျန်ခဲ့တာ ပျော်ပျော် နေတတ်တဲ့ ဦးဇင်းအောင်လင်းနဲ့ ဥာဏ်ကောင်းပြီး ထက်မြက်တဲ့ ဦးဇင်း နန္ဒဝံပဲ …။ မနက်က ကျောင်းရှေ့ ကားဖြတ်တော့ ဦးဇင်း ပညာထင်တယ် … လှမ်းမြင်တယ် …။ အင်း ဒါဆို ၃ ပါးလောက်ပဲ အနည်းဆုံး ကျန်တာပေါ့ …။

စာချဘုန်းကြီး ဖြစ်နေတဲ့ နန္ဒဝံကို မြင်မှပဲ နှစ်တွေ အတော်ဖြတ်ပြီးခဲ့ပါပကောလို့ သတိလည်လာတော့တယ် …။

တဆက်တည်း တွေးမိတာက ဒီအတိုင်းဆို ဒီဘက်က စိတ်ထွေပြားစရာ ကောင်းလှတဲ့ ခေတ်ကြီးမှာ ထိုင်းနိုင်ငံမှာလိုပဲ ဘုန်းကြီးဦးရေ တဖြည်းဖြည်း နည်းလာလေတော့မလားလို့ တွေးနေမိတယ် …။ ကိုယ့် တသီးပုဂ္ဂလအမြင် ပြောရရင် ထိုင်းမှာကတော့ ဘုန်းကြီးဦးရေ နည်းတာတင်မက ပညာရည်ပါ နည်းလာတယ် ဆိုတာပါပဲ …။ မြန်မာပြည်မှာကတော့ ရှေးရိုးစွဲ စာချစနစ်နဲ့ အားတော့ ကောင်းနေဆဲပါပဲ …။

သင်ကာ
၁၉၊ နိုဝင်ဘာ၊ ၂၀၁၃

* တင်လိုက်ပြီးမှ သတိရတယ် …။ ဦးဇင်းမဲဇာဆိုတာ ရှိသေးတယ်။ သွက်တယ်၊ ဖော်ရွေတယ်၊ အသံကျယ်ကျယ်နဲ့ …။ သူရောဆိုတော့ လူထွက်ပြီး သတင်းထောက် ဖြစ်နေပြီတဲ့ …။ ဘယ်ဂျာနယ်လဲဆိုတော့ အလဲဗင်းတဲ့ …။ ကချင်ဘက်က သတင်းထောက် ဆိုပဲ …။ ဒါတော့ မောင်ရင် Nay Htun Naing ကို မေးရမှာပဲ …။

Advertisements

Leave a comment

Filed under Essay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s