“စက်ရုပ်၊ ဖားတကောင်နဲ့ ကော်ဖီတခွက်”

Water Art Abstract by Mickeyd

Water Art Abstract by Mickeyd

“စက်ရုပ်၊ ဖားတကောင်နဲ့ ကော်ဖီတခွက်”

(၁)
ထူးထူးခြားခြား ၁၀ ရက်လောက် ဖျားခဲ့သည်။ တသက်လုံး မဖြစ်ဘူးတဲ့ နှာမစေးဘဲ ဖျားရုံဖျားတဲ့ အဖျားမျိုး။ “အခန်း” မှာ အင်တာနက် မရတချက် ရတချက်။ သုံးနေကျ လက်ပ်တော့ ပျက်တယ်။ အရင်ကထက် ချွေးတွေ ပိုထွက်တတ်လာသည်။ (အခြား စိတ္တဇနာမ်များ သက်ရောက်ခြင်း မရှိဘဲ “အခန်း” သည် “အိမ်” မဖြစ်ချေ။ ထို့ကြောင့် “အခန်း” ဟု ခေါ်သည်။)

(၂)
“သူမ” ဘေးကို ကိုယ်ရောက်ကတည်းက ကျွန်ုပ်အပေါ် “တခြား” သူမများရဲ့ အငြိုးများ … အရှေ့အလယ်ပိုင်း ပြဿနာ ဖြစ်သွားသည် …။ ဆိုပါတော့ … အာရပ်နွေဦး အသစ်တွေ ပြိုလဲသလိုမျိုး …။ သံတမန် နည်းတွေကတောင် အန္တရာယ်လို ခြိမ်းခြောက်နေတယ်။

(၃)
အဖျားပျောက်ပြီး ကျွန်ုပ်ဟာ ပြဿနာ တခုကို ရင်ဆိုင်နေရပြီလို့ လွန်ခဲ့တဲ့ နာရီဝက်က သိသည်။ “ယစ်မူး” တဲ့ စိတ်တွေနဲ့ ဆိုင်းဝေနေသလောက် “မရစ်မူး” တတ်တော့တာပဲ …။ မမူးသောအရက်ဟာ ပြဿနာလား၊ မရူးသောလူသော ပြဿနာလား …????

ဘီယာမျိုးကွဲ နှစ်ခု၊ ရမ်၊ တဖန် ဘီယာ၊ နောက်တော့ ၀ီစကီ။ ကျွန်ုပ်သည် အလွန် အိနြေ္ဒရနေသည်။ တရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်။ ကျွန်ုပ်သည် စက်ရုပ်ဖြစ်သွားသလား။ အခုစဉ်းစားရင်း ပုလင်းတ၀က် ကျိုးပြီ။ ကျွန်ုပ်ကို “သမိုင်းစာအုပ်”၊ “ဘာသာစကား” နှင့် “ဘုရားသခင်” တို့ မြှူဆွယ်သည်။ ခက်တာက ကျွန်ုပ်သည် ကိုယ့်နည်းကိုယ့်ဟန်နဲ့ “ဆေး” သိသော “အရူး” ဖြစ်နေပြန်သည်။

(၄)
ဝဲလ် ဒူးရန့်ရဲ့ ခက်ဆစ်အဖွင့်တွေကို ဆက်ရေးချင်သည်။ “သူမ” သည် ကျွန်ုပ်စာအုပ်ကို ကူဖတ်ပေးလိမ့်မည်။ စာအုပ်တအုပ် (နှင့် တအုပ်မက) ရေးရန်နှင့် အိမ်လေးတခုတွင် နွေးနွေးထွေးထွေးနေရန် ဆန္ဒပြင်းပြသည်။ ထိုအခါ ကျွန်ုပ်၏ ပေပေတေတေ နေမှုများကို ဆူပူချော့မော့တတ်သော “သူမ” လည်း ရှိလိမ့်မည်။

(၅)
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရခြင်းသည် အခက်ဆုံးဖြစ်သည်။ နဂိုက ပျော့ညံ့သော ကြက်ဥသည် ရေနွေးထဲ ထည့်လိုက်သော အခါ မာကြောတတ်၏ တဲ့ …။ နဂိုက ခါးသော ကော်ဖီသည် ရေနွေးထဲ ထည့်သောအခါ အရသာ ရှိ၏ တဲ့ …။ သူမက တဆင့်ကြား ပုံပြင်ကို ပြောပြသည်။ သို့ဖြစ်သောကြောင့် “ရေနွေးရှိသည်၊ ထို့ကြောင့် ကျွန်ုပ်ရှိသည်” ဟု အဆိုကို ပြင်ဆင်တင်သွင်းရန် တောင်းဆိုခြင်း ခံရသည်။ ကျွန်ုပ်သည် ရေဆူလာတာကို “ခုန်ထွက်” ဖို့ သတိမရသည့် ရေနွေးအိုးထဲရောက် “ဖားတကောင်” မဟုတ်ဘဲ “ပျော်ဝင်” သွားသော “ကော်ဖီခါးခါး” များလားဟု ပြန်လည် တွေးတောနေရသည်။

(၆)
“ရေနွေး” ရှိခြင်းကြောင့် ကျွန်ုပ်သည် သညာများပေါ်၌ “ဖားတကောင်” ဟု အထင်မှားနေခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် “မမူး” တော့သောကြောင့် ကျွန်ုပ်သည် စက်ရုပ်တရုပ်လား တွေးမိနေခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့သည် တခုခုတော့ ရှိနေမှ ဖြစ်မည်။ သို့မှသာ အာခီမီးဒီးလို “ရပ်စရာ တနေရာပေးပါ၊ ကမ္ဘာကြီးကို ရွေ့လျားစေမည်” ဆိုသကဲ့သို့ တခြားနည်းအားဖြင့် ကျွန်ုပ်တို့ မိုက်မဲနိုင်ကြမည် ဖြစ်သည်။

သို့သော် အဖြေမထွက်သည့် ပြဿနာမှာ ကျနော့်ကို “ကော်ဖီလေး” ဟု ခေါ်သော သူမကို သတိရနေခြင်းပဲ ဖြစ်လေသည်။ ဘုရားသခင်၏ “စီရင်ပိုင်ခွင့်” နှင့် ကျွန်ုပ်၏ “ငြင်းဆန်ပိုင်ခွင့်” ကို ကျော်လွန်၍ သူမ “ဖန်ဆင်း” သကဲ့သို့ ကျွန်ုပ်သည် ကော်ဖီလေးတခွက် ဖြစ်ခြင်းမှ အခြားတဖက်ရှိ ဖွဲ့တည်မှုကို ရှာဖွေကြည့်နေပါသည်။

(မှတ်ချက် ။ ။ ကျွန်ုပ်က မျက်တောင် အဖွင့်၊ အပိတ် လုပ်ထားသော စာသားများမှာ အကြောင်းမဲ့ မဟုတ်ပါ။ ထို့ပြင် သင်သည် ကျွန်ုပ်၏ စာကို ကဗျာဟုလည်းကောင်း၊ အက်ဆေးဟု လည်းကောင်း တံဆိပ်ကပ်ခြင်းကို ရှောင်ကျဉ်ပါ။ ကျွန်ုပ်သည် သင့် ဘ၀ထဲမှ အချိန်နှင့် စိတ်၏ ထွက်ပေါက်ဖြစ်သော မျက်လုံးတစုံကို “ခိုးယူသူ” ဆိုသည်မှာတော့ သေချာပါသည်။ ထို့ကြောင့် သင်သည် ကျွန်ုပ်နှင့်အတူ “ကော်ဖီတခွက်” ဖြစ်ပြီ။)

သင်ကာ
စက်တင်ဘာ ၁၇၊ ၂၀၁၃

Facebook LINK

Advertisements

Leave a comment

Filed under Essay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s