နိစ္စဓူဝထဲက လက်ဖျစ်တတွတ်များ

ဒီအဆောင်ကို ပြောင်းလာကတည်းက မနက်မနက်ဆို ကလေးလေးတွေရဲ့ အာခေါင်းခြစ် ငိုသံ၊ အသံစူးစူး ဟစ်အော်သံတွေ စန္ဒယားပေါ် ကြောင်လျှောက်သလို ပတ်ဝန်းကျင်မှာ ဟိန်းထွက်နေပြီး အဲဒီအသံလေးတွေဟာပဲ နှိုးစက်ဖြစ်ခဲ့တယ်။ လူမနေတဲ့ အိမ်လွတ်ကြီးရဲ့ တခြံကျော်က မူကြိုကျောင်းက ကလေးလေးတွေ အသံပါ။ အသစ်ရောက်သူတွေက အော်ဟစ် ကျုံးပြီး ငိုတယ်၊ ရောက်နှင့်ပြီး ကလေးတွေ သန်ရာသန်ရာဆော့ပြီး ကလေးပီပီ အဓိပ္ပာယ်မဲ့ ပျော်ရွှင်စွာ အော်ဟစ်ကြတယ်။ သူတို့လေးတွေက အကောင်သေးသလောက် အသံစူးတယ်။

သူတို့ စတင် အော်ဟစ်နေပြီဆို ၈ နာရီခွဲတာ သေချာပြီ။ ကိုယ်လည်း ဖျတ်ကနဲ အိပ်ယာက နိုးလာပြီ။ အသံတွေ တိတ်သွားပြီဆို မူကြိုဆရာ၊ ဆရာမ မိသားစုက ကလေးတွေကို အိမ်ပေါ် သိမ်းစု ခေါ်သွားတယ်ဆိုတာ သေချာပြီ။ ကိုယ်လည်း အလုပ်သွားဖို့ လူးလဲ ထရပြီ။ ဒီလို အသားကျလာတာ တနှစ်နီးပါးရှိတော့မယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ လကစလို့ မနက်ခင်းဟာ တခုခုလိုနေတယ်။ ဟာတာတာ ဖြစ်နေတယ်။ ၄ ရက်၊ ၅ ရက်လောက်ကြာတော့ သတိထားမိပြီ။ ကလေးလေးတွေရဲ့ စူးရှ အော်ဟစ်သံတွေ မကြားတော့ပါလား။ ဆလိုက်တံခါးကို အသာတွန်းပြီး တခြံကျော်ကို ချောင်းကြည့်တယ်။ လျှောစီးတဲ့ ခုံတွေ၊ ကလေးတွေ တက်ဆော့ဖို့ ကုလားအုတ်ရုပ်၊ ဆီးဆောလေးတွေဟာ ငြိမ်သက်လို့။

မူကြိုကျောင်း ပိတ်ထားလိုက်တာ သေချာပြီ။ ဘာကြောင့်လဲဆိုတာတော့ ဘာသာစကား မပေါက်တာကြောင့်ရော၊ မစပ်စုချင်တာရောမို့ မမေးကြည့်ဖြစ်ဘူး။

မနက်ခင်းတိုင်းဟာ အခု တလကျော် ကြာတဲ့အထိ တခုခု လိုနေသလိုပဲ။

* * * * *

ညနေ အလုပ်ကအပြန် ဈေးတန်းကလေးကို ဖြတ်တဲ့အခါ ပလက်ဖောင်းရင်ပြင်ကျယ်ထဲက သစ်ပင်ရိပ်တခုခုအောက်မှာ ကိုယ်ခန္ဓာ သိပ်မကောင်းတဲ့ ပိန်ညောင်ညောင် အဖိုးကြီးကို တွေ့စမြဲ။

ကိုယ်လည်း စားစရာ သောက်စရာတွေ ဝယ်လာပြီးရင် ပိုနေတဲ့ အကြွေတွေကို သူ့ကို တရိုတသေ ပေးခဲ့စမြဲ။ ထိုင်းပိုက်ဆံ အကြွေစေ့တွေက အလုပ်ပိုလို့ အများအားဖြင့် အခန်းမှာပဲ ခွက်တလုံးထဲ ထည့်ထည့်ထားတတ်တာ များတယ်။ တခါတလေ အပြင်ထွက်ရင် အကြွေတဆုပ်နှိုက်ခဲ့ပြီး အဲဒီအဖိုးကြီးကို တွေ့တဲ့အခါ ထမင်း ၂ နှပ်စာဖိုးလောက် ပေးပစ်ခဲ့စမြဲပဲ။ ပေးတိုင်း ပေးတိုင်း သူက လက်အုပ်ချီပြီး ကျေးဇူးတင်ကြောင်းပြောမြဲ။

သူဝတ်ထားတဲ့ အဝတ်ညစ်ညစ်နဲ့ ဖိနပ်ပေစုတ်စုတ်ကို ကြည့်ပြီး ဒီတခါ ကိုယ်သိပ်မစီးဖြစ်တဲ့ ဝေါ့ကင်းရူးကို ပေးမယ်လို့ တေးထားတယ်။ သူက ပလက်ဖောင်းမှာ အိပ်တာဆိုတော့ မနက်မှာ အရမ်းအေးတယ်၊ အနွေးထည်လည်း ပေးမယ် စိတ်ကူးထားတယ်။

ဒါပေမယ့် အဲလို ပေးမလို့ရည်ရွယ်ကတည်းက အဲဒီ ဝန်းကျင်မှာ မတွေ့တော့တာ ခုထိပဲ။ ခြေသလုံးအိမ်တိုင် တချို့လည်း အဲဒီနားမှာ ရှိတော့ သူပါရောပြီး မောင်းထုတ်ခံရလေသလား။

အကြွေတချို့တော့ အိတ်ထဲ အမြဲဆောင်ထားဆဲ …။

* * * * * *

အဲဒီတဝိုက်မှာ တောင်းရမ်းစားသောက်သူ နောက်တယောက်ရှိသေးတယ်။ အသက် ၂၀ လောက်ရှိမယ်။ ဉာဏ်ရည် မမီဘူး၊ လူကြီးက မတရား ဝသလောက်၊ ဦးခေါင်းက သေးသေးလေး၊ မျက်လုံးက ပွင့်တယ်ဆိုရုံလေး။ စကားက လေလုံးမကွဲ။

အစက မြူနီစပယ်လိုလို အော်လံတလုံး လွယ်ထားသေးတယ်။ နောက်တော့ ညဈေးမှာ ခွက်ကလေးချ အားလျားမှောက် လက်အုပ်ချီပြီး တောင်းတယ်။ နေ့လည်နေ့ခင်းဆို သစ်ပင်ရိပ်မှာ သိုးနေအောင် အိပ်တယ်၊ မအိပ်ရင် ကြိုးနဲ့ စလွယ်သိုင်းထားတဲ့ ရေဒီယိုကို ဖွင့်ပြီး သီးချင်းနားထောင်နေတာ တွေ့ရတယ်။ အစက သူ့ကို အကြွေလေးဘာလေး ထည့်တယ်။

သူက အဲဒီနားက ခြေသလုံးအိမ်တိုင်း အရက်ဖောဖောနေတဲ့ သူတွေနဲ့ပေါင်းတယ်။ တလောက အဲဒီအရက်သမားတွေက သူ့ကို စီးကရက် တိုက်တယ်။ ခုတလော ဒင်းက ပိုက်ဆံ မတောင်းတဲ့ အချိန်တွေမှာ စီးကရက် လက်ကြားညှပ်လို့။

ဒင်းတော့ ခက်သေးတယ်လို့ တွေးမိတယ်။

* * * * * *

ညနေတိုင်း ကိုယ့်အဆောင်နားက ထွက်ထွက်လာတတ်တဲ့ အန်တီကြီး တယောက်လည်း ရှိသေးတယ်။ သူက အမြဲ မျက်နှာမှာ နှာခေါင်းကာ Mask တပ်ထားတယ်။ ချင်းမိုင်မြောက်ပိုင်း ရိုးရာ ထမီကို အမြဲဝတ်တယ်။ ရေဗူး ၃ ဗူးကို ရှေ့မှာ အမြဲပိုက်ထားတယ်။ ကြည့်ရတာ ထမင်းချက်၊ သို့မဟုတ် အိမ်အကူ၊ သို့မဟုတ် သူဌေးအိမ်မှာ နာမကျန်းသူကို ပြုစုသူ ဖြစ်မယ်။

သူ့ကိုလည်း မတွေ့တော့တာ တလလောက်ရှိပြီ။

* * * * * *

ညာ ခြေတဖက်က နိမ့်နေလို့ ဖိနပ်ကို ခွာအထူကြီး စပယ်ရှယ်အော်ဒါ မှာစီးတဲ့ အနောက်တိုင်းသား အငြိမ်းစား အဖိုးကြီးတယောက်လည်း အဆောင်နားမှာ ရှိတယ်။ တုတ်ကောက်တချောင်းနဲ့ မနက်စာ၊ နေ့လည်စာ၊ ညနေစာတွေကို အပြင်မှာ ထွက်စားတယ်။

အများအားဖြင့် နေ့လည်လောက်မှာ သူ့ကို အနီးက ဘားတွေမှာ မြင်ရင် ဘီယာ စသောက်နေပြီ။ သူ့မှာ တဖက်ခွာထူ၊ တဖက်ခွာနိမ့် ဖိနပ် နှစ်ရံ အလဲအလှယ်စီးတာတွေ့တယ်။ တခါတလေ နိုင်ငံတော် အလံမျိုးစုံ ကပ်ထားတဲ့ ဂျင်းဘောင်းဘီနဲ့ ထွက်ချလာလေ့ရှိတယ်။

မူးပြီးဆို သူက အသံကျယ်တယ်။ ခြေဒရွတ်တိုက်နဲ့ စောစောစီးစီး ဘီယာမူးတုန်းပဲ။

* * * * * *

ဘေးခန်းမှာ အာကျယ်ကျယ်နဲ့ ထိုင်းမြောက်ပိုင်းသူ တယောက် နေတယ်။ ထိုင်းကရင်မလို့ ထင်တယ်။ မနက်လင်းအားကြီး ၃ နာရီလောက်ဆို သူ့အခန်းကို လူဖြူတွေ ပါပါလာတယ်။ မူးမူးနဲ့ အော်ဟစ်တဲ့အခါလည်း ရှိတယ်။ နံရံကို ကုတင် လာလာဆောင့်လို့ နားပိတ် အိပ်ရတဲ့ အခါလည်း ရှိတယ်။

ပထမ တပတ်မှာ တယောက်၊ နောက်တပတ်မှာ တယောက်၊ နောက်တပတ်မှာကျ တယောက်။ သူက အချိန်ပိုင်း မယား အလုပ်လုပ်တဲ့သူလို့ ရိပ်မိလာတယ်။

တခါက မူးမူးနဲ့ အိပ်ပျော်ပြီး ရင်ပူလို့ ရေသောက်မယ် လုပ်တော့ ရေကမရှိ။ မနက်က ၄ နာရီခွဲ။ ဒါနဲ့ တိုက်ရှေ့မှာ သောက်ရေ ထထည့်တယ်။ ဆေးဆိုးပန်းရိုက် မျက်နှာနဲ့ ကြောင်မလို ခြေသံဖော့နင်းပြီး အဆောင်ရှေ့က ဟိုတယ်ကို လူမရှိတဲ့ ဘားပေါက်က တဆင့် ဝင်သွားတာ ဘွားကနဲတွေ့တယ်။ သူကလည်း ကိုယ့်ကိုယ် ကြောင်တောင်တောင် ကြည့်လို့။

အရင်လကတော့ သူနဲ့ လိုက်အိပ်တဲ့ နိုင်ငံခြားသား ခပ်ငယ်ငယ်ကို တွေ့တယ်။ တမနက်မှာ တံခါးကို အပြင်က တဒုန်းဒုန်းထုပြီး သူ့ကင်မရာ မေ့ကျန်ခဲ့တယ်ဆိုပြီး အော်ဟစ်နေတာ ကမ္ဘာပျက်မတတ်ဘဲ။

အဲဒီနေ့ကစပြီး အဲဒီမိန်းမကို ဒီအဆောင်မှာ မတွေ့ရတော့ဘူး။

* * * * *

ဒါပေမယ့် အဖေ ဘယ်သူလဲ မမြင်ဖူးပေသော်လည်း ထိုင်းနဲ့ အဖြူစပ် ကလေးနှစ်ယောက်ကို ကျောင်းပို့ ကျောင်းကြိုလုပ်နေတဲ့ ထိုင်းမိန်းမ ခပ်ငယ်ငယ်ကတော့ ည ၁၁ လောက်ဆို မိတ်ကပ်တွေနဲ့ အပြင်ထွက်နေဆဲပဲ။

အဆောင်ရဲ့ ဟိုဘက် ထောင့်စွန်းက တကိုယ်တည်း လူပျိုကြီး ကာယဗလမောင်ကတော့ ငေါင်တောင်တောင်နဲ့ ဝရံတာမှာ ဟိုငေးဒီငေး လုပ်ဆဲပဲ။

အခန်းမျက်စောင်းထိုးက ပိန်သေးသေး စပိန်နိုင်ငံသားကလည်း ညည မူးမူးနဲ့ လက်ပ်တော့ပ်ပိုက် ထွက်လာပြီး ကော်နက်ရှင် စမ်းနေတဲ့ ကိုယ့်ကို တွေ့တာနဲ့ ရှောင်သွားနေဆဲပဲ။ တခါက မူးပြီး သူ့ကို ရစ်ထားလို့။ သူက ကွန်ပြူတာ သမားမို့ သူ့ကြောင့် အင်တာနက် နှေးတယ် ထင်လို့ ရစ်လိုက်တယ်။ ဆေးမှင်တွေနဲ့ သူ့ထက် မြင့်ပြီး လူမိုက်ရုပ်ပေါက်နေဟန် တူတဲ့ ကိုယ့်ကို သူက လန့်နေဆဲပဲ။

ခြေတလှမ်း ကုဋေတသန်းနဲ့ အဆောင်ဘေး အိမ်က အပျိုကြီးကလည်း ညနေဆို လက်နောက်ပစ် လမ်းလျှောက်ပြီး တွေ့ကရာ ရပ်ကွက်ထဲက မိန်းမတွေ အတင်းပြောဖို့ သားကောင်ရှာနေဆဲပဲ။

* * * * * *

ကိုယ်လည်း အလုပ်က ပြန်၊ အခန်းတံခါးပိတ်၊ အိတ်ကို ပစ်ချ၊ အမှိုက်ပစ်၊ ရေချိုး၊ ကုတင်ပေါ်မှာ ထိုင် ကွန်ပြူတာဖွင့်၊ ဒီကုတင်ပေါ်ပဲ လှဲအိပ်၊ ဒီကုတင်ပေါ်မှာပဲ ထမင်းထိုင်စား၊ မနက်ပြန်ထ အလုပ်သွား၊ ဒီခွေးသွားစိတ် သံသရာမှာ လည်နေတုန်းပဲ။

လည်နေရင်း ကိုယ်ဟာလည်း ဒီရပ်ကွက်ကလေးရဲ့ အစိတ်အပိုင်းတခု ဖြစ်လာ။ မြင်နေကျတွေကို မှတ်သားမိလာ။ တခါမှ နှုတ်မဆက်ပေမယ့် မျက်နှာချင်း ကျက်မိလာ။

ဒါပေမယ့် မကြာခင် တနေ့တော့ ကိုယ်လည်း ဒီနေရာက ပျောက်ကွယ်ရမယ် မဟုတ်လား။ တခါတခါ အဆောင်ခြေရင်းမှာ ဥသြတွေ တွန်ရင်၊ ဂျိုးတွေကူရင် ရင်ထဲမှာ လွမ်းစရာတွေ ဖိတ်ဖိတ်ကျလာတယ်။

ကိုယ်လည်း လောကသစ် တခုကို ကူးရဦးမှာပါပဲလား။ သူတို့ကရော ပဲ့ထွက်သွားသော မြင်ကွင်းတခုကို သတိရနေကြဦးမလား။

* * * * * *

သင်ကာ

Advertisements

3 Comments

Filed under Essay

3 responses to “နိစ္စဓူဝထဲက လက်ဖျစ်တတွတ်များ

  1. larscuzner

    Hi, my name is Lars, I am trying to contact you in regards to the paper: Commoditization of Culture and Tourism Development in an Ethnic Community. I couldn’t find a contact link so I will try this. You can remove this comment but it would be great if you contacted me so I can explain our interest in your paper.

  2. Pingback: နိစ္စဓူဝထဲက လက်ဖျစ်တတွတ်များ | yewinhtetjournalistmyanmar

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s