မြန်မာ-မွတ်စလင် မုန်းတီးမှုတွေ ဘယ်လို အမြစ်တွယ်ခဲ့သလဲ

_1-1350745670

မြန်မာ-မွတ်စလင် မုန်းတီးမှုတွေ ဘယ်လို အမြစ်တွယ်ခဲ့သလဲ

(က)

တကယ်တော့ မြန်မာ-မွတ်စလင်၊ မြန်မာ-တရုတ် မုန်းတီးမှု နှစ်စမျိုးစလုံး မြန်မာပြည်မှာ ဆယ်စုနှစ်နဲ့ချီ အမြစ်တွယ်ပြီး ချိန်ကိုက်ဗုံးလို ဖြစ်နေတာကတော့ ငြင်းမရတဲ့ အချက်ပါပဲ။ ဒီနေရာမှာ မြန်မာ-မွတ်စလင် မုန်းတီးမှုကိုပဲ ကွက်ပြီး လေ့လာကြည့်မယ်။ အရှိတရားများနဲ့ ဖြစ်နိုင်ခြေများကိုသာ ထည့်တွက်မှာ ဖြစ်လို့ နှစ်ဖက်စလုံး နာချင်နာမယ်၊ သာချင်သာမယ်။

တရားဝင် ပြောဆို ဖော်ပြခြင်း မရှိတဲ့ နောက်ကွယ်က Factor တွေ၊ ပြဌာန်းခြင်း မရှိပေမယ့် လက်တွေ့အရှိတရားတွေ၊ ခေတ်နဲ့ စနစ်၊ တသီးပုဂ္ဂလမှသည် အမျိုးသားရေးဝါဒအထိ အနှစ်ချုပ် အကျဉ်းထုတ်ကြည့်မယ်။ စုံချင်မှလည်း စုံမယ်။ အမြင်တွေ ထပ်ထည့်ကြည့်တာပေါ့။

(ခ)

(၁) ချစ်တီးကုလား၊ ခေါ်တောကုလား စတာတွေဟာ မြန်မာ ဗုဒ္ဓဘာသာဝင် လူထုကြားမှာ နှိမ်တဲ့အသုံးအနှုန်း၊ မနှစ်မြို့တဲ့ အမြင်တွေနဲ့ စာပေတွေမှာ ထင်ဟပ်ထားခဲ့တယ်။

(၂) ဟိုးအရင်ကတော့ ပန်ချာပီ၊ ဟိန္ဒူ၊ ချစ်တီး၊ ခေါ်တော၊ မွတ်စလင် စသဖြင့် ခွဲခြားခေါ်ကြတယ်။ ပညာတတ် ပန်ချာပီကြီးတွေဟာ ဟိုးအရင် ရန်ကုန်တက္ကသိုလ်ကျောင်းတော်မှာ ပါဠိဘာသာပြ ဆရာတွေ ဖြစ်ခဲ့ဖူးတယ်။ ဟိန္ဒူတွေရဲ့ အယူဝါဒနဲ့ မြန်မာတွေ သက်ဝင်တဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာက ဆန့်ကျင်မှု သိပ်မရှိဘဲ ဒွေးရောယှက်တင် ရှိခဲ့တယ် (ဥပမာ – ယတြာခြေပြီး အုန်းသီးခွဲတယ်။ ကာလီမယ်တော်ကို လှူဒါန်းဖို့ ဗေဒင်ဆရာတွေက အကြံပေးတယ်၊ ဟိန္ဒူတွေက ဘုရားလှည့်ရင် ဂေါတမ ဗုဒ္ဓကို ထည့်တယ်)။ ဆရာကြီး ဦးရာဇတ်တို့၊ ဗိုလ်မှူး ဘရှင်တို့ကနေ ကျားဘငြိမ်း၊ စာရေးဆရာ၊ ကာတွန်းဆရာ ဦးကံချွန် စတဲ့ ပုဂ္ဂိုလ်ကြီးများဟာ ထင်ရှားတဲ့ မွတ်စလင်ကြီးတွေ ဖြစ်ကြပါတယ်။

ဒါပေမယ့် စစ်အစိုးရလက်ထက် နောက်ပိုင်း (အတိအကျ ပြန်လေ့လာဖို့လို) မှာ ကုလားဆင် မှန်သမျှ “ကုလား” လို့ သိမ်းကြုံး ခေါ်ဝေါ်လိုက်ကြပြီး ရောထွေးကုန်တယ်။ ကုလားဆင်နဲ့ ကုလားမှန်ရင် အတွင်းကျိတ်ပြီး မုန်းနေကြတော့တယ်။ ဘာကြောင့်လဲ …။ (အခုရေးတာမှာလည်း ခွဲခြားမှု မဟုတ်သည့်တိုင် ဖြစ်ပျက်နေသည့်အတိုင်း လိုအပ်သလို ကုလားလို့ သုံးစွဲသွားပါမယ်)

(ဂ)

(၁) “ကိုယ်တော့် ဂရုဏာ” ကနေ “အမျိုးပျောက်မှာ စိုးကြောက်ပါသည်” ဆိုတဲ့ စာအုပ်၊ တိတ်ခွေတွေ တိတ်တဆိတ် လက်သိပ်ထိုး ဝေမျှကြတာတွေဟာ မြန်မာ ဗုဒ္ဓဘာသာဝင်တွေကြား စိမ့်ဝင် ပျံ့နှံ့နေခဲ့တာ ဆယ်စုနှစ် များစွာကြာတယ်။ ဘာသာရေး ခေါင်းဆောင်နဲ့ အမျိုးသားရေး ဝါဒီများကလည်း မုန်းတီးရေးတရားတွေ ဟောခဲ့ကြတယ်။ အစိုးရဝါဒဖြန့်တွေမှာ အနောက်နိုင်ငံတွေကို လက်ညှိုးထိုးပေမယ့် မြန်မာ ဗုဒ္ဓဘာသာဝင်တွေ မုန်းတာက တခြားဖြစ်နေတယ်။

(၂) စစ်အစိုးရက တဖက်မှာ ဒါမျိုးတွေကို လျစ်လျူ ရှုခဲ့သလို တဖက်မှာလည်း လူမျိုးခြား စီးပွားရေးသမားတွေနဲ့ ပလဲပနံသင့်ခဲ့တယ်။ ဒါတွေကို တွေ့ကြုံသိမြင်ခဲ့ကြတဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေဟာ စစ်အစိုးရနဲ့အတူ ကုလား၊ တရုတ်တွေကို မုန်းတီးခဲ့တယ်။

(၃) တဖက်မှာလည်း မွတ်စလင်များဟာ ယခင် (ပဒေသရာဇ်ခေတ်မှသည် မဆလခေတ်အထိ) မြန်ပြည်ဖွား ရှေးမွတ်စလင်ကြီးများလို မြန်မာပြည်ရဲ့ ဝန်းကျင်နဲ့ ပေါင်းစည်းရောဝင်မှု (Integrated) မရှိဘဲ သိသိသာသာ ခွာထွက်ပြီး အတွင်းပိတ် အသိုင်းအဝိုင်းလို ဖြစ်လာတယ်။ မြန်မာအမျိုးသမီးတွေကို ဘာသာတွင်း သိမ်းသွင်းရေး၊ သိမ်းသွင်းနိုင်သူတွေကို ထောက်ပံ့ပေးရေး ဆိုတာတွေကို ပြုလုပ်တယ်လို့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်ပြီး မုန်းတီးမှုတွေ ပိုပွားခဲ့တယ်။ ကျယ်ပြန့်တဲ့ အတိုင်းအတာ မဖြစ်တောင် အဖြစ်အပျက်တချို့ဟာ ယုံကြည်စေတဲ့ အထောက်အထား ဖြစ်ခဲ့ကြကြောင်း လက်လှမ်းမီသလောက် မေးမြန်းခဲ့တဲ့ ဗုဒ္ဓဘာသာဝင် အများအပြားက အခိုင်အမာ ပြောဆိုကြတယ်။ ဒါပေမယ့် စာရင်းအင်း၊ လေ့လာမှု၊ ဖြေရှင်းမှု အလျဉ်းမရှိကြပေမယ့် ပြင်းထန်တဲ့ လောင်စာတွေ ဖြစ်နေတာကို တွေ့ရတယ်။

(ဃ) ဒီပြဿနာတွေကို အမြစ်လှန်တဲ့ အခါ ရခိုင်ပြည်နယ်ကို မေ့ထားလို့ မရဘူး။ တရားဥပဒေ စိုးမိုးရေး လျော့လျဲမှု၊ လာဘ်စားမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်က တရားမဝင် ခိုးဝင်မှုတွေ၊ အခြေချမှုတွေကို ရခိုင်ပြည်နယ် ပြင်ပက ဗုဒ္ဓဘာသာဝင်တွေက တချိန်လုံး နားစွင့်နေကြ၊ သတင်းဖလှယ်နေကြတယ်ဆိုတာ ထည့်သွင်းတွက်ချက်ရမယ့် Factor တခုဖြစ်တယ်။ မြန်မာပြည်ဖွား၊ မြန်မာ့ဝန်းကျင်မှာ Integrated ဖြစ်၊ အသားကျနေတဲ့ မွတ်စလင်များဟာ မြန်မာစကား မပြောတတ်၊ မြန်မာပြည်ဖွားလား၊ ခိုးဝင် အခြေချ နေထိုင်သူလား မသိတဲ့ မွတ်စလင်များနဲ့အတူ သိမ်းရုံးအထင်လွဲ ခံရပြီး ပစ်မှတ်တွေ အဖြစ်ခံကြရတယ်။ ၈၈ မျိုးဆက် ကိုမြအေး စသူတို့လည်း ကြားညှပ်ခဲ့ရတယ်။

(င) တခြားတဖက်မှာလည်း ပွင့်လင်းမြင်သာမှုမရှိ၊ စစ်အစိုးရ အကြောက်တရားအောက်က မြန်မာအသိုင်းအဝိုင်းကလည်း သံသယတွေ ကြီးထွားခဲ့တယ်။ အဲဒီအတွင်း ကမ္ဘာ့အရေးအခင်းများကလည်း မြန်မာ ဗုဒ္ဓဘာသာ လူထု အမြင်အပေါ် သက်ရောက်မှုတွေ ရှိခဲ့တယ်။ အနီးစပ်ဆုံးအားဖြင့် ခြေခြေမြစ်မြစ် မသိကြသည့်တိုင် ထိုင်းတောင်ပိုင်းမှာ ဗုဒ္ဓဘာသာတွေအပေါ် မွတ်စလင် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုမျိုးကိုလည်း နားစွင့်နေခဲ့ကြတယ်။

(စ) အခြေအနေ အရပ်ရပ်အောက်မှာ နှစ်ဖက်စလုံးရဲ့ သံသယဟာ ကြောက်စရာကောင်းအောင် ကြီးထွားခဲ့တယ်။ Integrated ဖြစ်ကြတဲ့ ကြားနေ သဘောထား အလယ်အလတ် မြန်မာ မွတ်စလင်များအဖို့ နှစ်ဖက်ရဲ့ သံသယများကြားမှာ ကြားညပ်နေခဲ့တယ်။ ထို့အတူ မွတ်စလင် မိတ်ဆွေတွေရှိတဲ့ ဗုဒ္ဓဘာသာ မြန်မာတွေအဖို့လည်း မိတ်ဆွေများအပေါ် ခင်မင်မှုနဲ့ တချို့သော သီးခြား အစွန်းရောက် မွတ်စလင်တွေ အကြားမှာ ထားရှိရမယ့် ဆက်ဆံရေးအပေါ် ဒွိဟတွေ ဖြစ်ခဲ့တယ်။

(ဆ) စစ်အာဏာရှင် လက်အောက်မှာ ဆယ်စုနှစ်နဲ့ချီပြီး ဆင်းရဲတွင်းနက်၊ ပညာရေးတွေပျက်စီး၊ ခွဲခြားဖိနှိပ်မှုတွေရဲ့ တခြားရလဒ်အဖြစ် လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ ရှင်းမရအောင် ဖြစ်ခဲ့တယ်။ တရပ်တည်းသား ကစားဖက်ပဲ၊ အိမ်နီးချင်းပဲ၊ သာရေးနာရေး မကင်းကြသူများပဲ ဆိုတဲ့ အမြင်တွေ ဆိတ်သုဉ်းသွားတယ်။ ကုလားပဲ … ဗုဒ္ဓဘာသာဝင်ပဲဆိုတဲ့ “Us” or “Them” အမြင်တွေ နုတ်မရအောင် အမြစ်တွယ်သွားတယ်။ စစ်အစိုးရ လောင်းရိပ်အောက်က လွတ်ချိန်မှာ ယဉ်ကျေးမှုစုံ နေတဲ့ မြန်မာ့လူမှု အဖွဲ့အစည်း တခုလုံးဟာ တဖက်နဲ့ တဖက် သည်းခံနိုင်မှု (Tolerance) နည်းပါးတဲ့ အခြေအနေဟာ ထင်သာမြင်သာ ဖြစ်တယ်။ မျိုးဆက်နဲ့ ချီပြီး မှိုင်းမိသွားတဲ့ အနေအထားဟာ ရှင်းလင်းဖို့ရော၊ နားလည်ဖို့ပါ အင်မတန် ခက်ခဲမှာဖြစ်တယ်။

(ဇ) နှစ်ဖက်သော လူမှုအဖွဲ့အစည်းတွေကြားမှာ –

(၁) “လက်ခံနိုင်သော မည်သည့်အခြေအနေ၌ မဆို” ပိုမိုပူးပေါင်းကြည့်ဖို့ လိုနေတယ်လို့ ထင်တယ်။

(၂) သံသယတွေ ရှင်းနိုင်ဖို့ ပွင့်လင်းမြင်သာမှု လိုတယ်။

(၃) နှစ်ဖက်စလုံးမှာ စူးဝင်နေတဲ့ အစွန်းရောက် ဆူးတွေကို သေချာ ရွေးချယ် နုတ်ပစ်ဖို့၊ နုတ်ပစ်ရဲကြဖို့ လိုတယ်။ ပြီးနောက် နှစ်ဖက်စလုံး အလျှော့အတင်း လုပ်ဖို့လည်း လိုအပ်ပါတယ်။

(၄) နိုင်ငံတော်ကို သစ္စာရှိမှု၊ နိုင်ငံသားအချင်းချင်း သင့်တင့်ညီညွတ်မှု၊ နေထိုင်သည့် နိုင်ငံတွင် ပေါင်းစည်းနိုင်စွမ်း၊ မိမိ သက်ဆိုင်ရာ ဘာသာတရားအပေါ် အလေးထားမှု၊ အမျိုးသားရေးဝါဒ များဟာ တခုနဲ့တခု လိုင်းပြတ်ဖို့လိုသလို၊ သူ့နေရာနဲ့ မှန်ကန်အောင် တွဲစပ်ရေး လုပ်ဖို့လည်း လိုနေတယ်လို့ ထင်မြင်မိပါတယ်။

(ဈ) ကိုယ် ဖတ်မှတ် လေ့လာသလောက်ကတော့ ဒီလောက်ကလေးပဲ ပြောနိုင်တယ်။ အများကြီး လိုနေဦးမယ်။ အရှိအတိုင်း မြင်တာရေးတာတော့ တွင်းဖြောင့်ကို ဝင်သလို ချောမယ် မဟုတ်ဘူး။ ဒီလို ပိဿလေး ဘေးပစ် ရေးလို့ နာချင်လည်း နာကြမယ့်၊ ဘဝင်ကျချင်လည်း ကျကြမယ်။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ လွတ်လပ်စွာလည်း unfriend သို့မဟုတ် block နိုင်ပါတယ်။

ခင်မင်လျက်

သင်ကာ

ဧပြီ ၈၊ ၂၀၁၃

* * *

ကျနော် ခုနရေးတဲ့ ပို့စ်မှာ တခုလစ်ဟာနေတယ်။ အဲဒါက လူ့အဖွဲ့အစည်းကို သရုပ်ခွဲကြည့်ဖို့ပဲ။ သမိုင်းနောက်ခံ၊ ခေတ်စနစ်နဲ့ ယုံကြည်မှုတွေအပေါ် သုံးသပ်ကြည့်ပေမယ့် နှစ်ဖက် လူ့အဖွဲ့အစည်းရဲ့ အမျိုးအစားအပြင် ကြားနေ ဥပဒေစိုးမိုးရေး လုပ်ကိုင်ရန် တာဝန်ရှိသူတွေကိုလည်း သရုပ်ခွဲကြည့်သင့်တယ်။ ကျနော်က Factor တွေကို ထည့်ပြောခဲ့ပြီး Actor (လူမှုသိပ္ပံဘာသာရပ်မှာ ဆက်နွှယ်နေသည့် ပါဝင်လုပ်ဆောင်နေကြသူလို့ အဓိပ္ပာယ်ယူပါတယ်) တွေကို မေ့ချန်ထားခဲ့တယ်။ ဒီကနေ ဖြည့်လိုက်မယ်။

၁) အစွန်းရောက်သူများ

-ဘာသာရေး ယုံကြည်မှု သက်သက် အစွန်းရောက်သူ

-အကျိုးရှာလို၍ ခုတုံးလုပ် အစွန်းရောက်သူ

၂) မသိနိုးနားများ

-သေချာစွာ မသိဘဲ ဘာသာရေးကို မျက်စိမှိတ်ယုံသူ

-အာဏာရှိသူများကို မလွန်ဆန်နိုင်၍ လိုက်ပြီး မိုက်ရသူများ

-ကြားဖူးနားဝဖြင့် မျက်ကန်း မျိုးချစ်များ

၃) ရွှေပြည်အေးသမားများ

-ငြိမ်းချမ်းစွာ နေလိုသည့် နှစ်ဖက်ဘာသာဝင်များ

-မိမိဘက် အသီးအသီးတွင် အစွန်းရောက်ကြကြောင်း သိသော်လည်း ဖြေရှင်းရေး လမ်းစရှာရန် မဆိုထားဘိ၊ ကိုယ်တိုင် ဟိုဘက် ဒီဘက် ကြားညှပ်နေရသူများ

၎) ထိုအခြေအနေများနှင့် မဆိုင်သော်လည်း ထိန်းသိမ်းရန် ဥပဒေကြောင်းအရ တာဝန်ရှိနေသူများ

-တာဝန်ရှိသူများက ဘာသာရေး အဓိကရုဏ်းများအတွက် ကြိုတင် မစဉ်းစားထားခဲ့ခြင်း

-ပဋိပက္ခ အခြေအနေတရပ်ကို မကိုင်တွယ်တတ်သဖြင့် အထက်အမိန့်ဆိုသည်ကို ရှေးရိုးအတိုင်း နာခံဖို့ ကြိုးစားရင်း တာဝန်မဲ့သွားသည့် တာဝန်ရှိများ၊ လက်ပိုက်ကြည့်နေမိသည့် တာဝန်ရှိသူများ

-အခြေအနေကို နိုင်ငံတကာ၊ ဒေသတွင်းနှင့် ပြည်တွင်းဟူသော ချိန်ခွင်လျှာ အမျိုးမျိုးကို အဆင်ပြေပြေ နင်းရန် ကြိုးပမ်းနေရလေသော အစိုးရသစ်

* * *

(၂၀၁၂ နိုဝင်ဘာလ အစောပိုင်းတုန်းက ရခိုင်ပဋိပက္ခအတွက် ရေးခဲ့တာကိုလည်း တဆက်တည်း ရှဲလိုက်ပါတယ်)

(အောက်ပါ ယူဆသုံးသပ်ချက်တွေဟာ နေ့တဓူဝ ဖတ်ရှု လေ့လာမိနေတဲ့ ရခိုင်ပဋိပက္ခအပေါ် ကျနော့်ရဲ့ အတ္တနောမတိ ပုဂ္ဂလိအမြင်ဖြစ်ပါတယ်။ အကြမ်းဖျဉ်း မှန်းဆချက်များနဲ့ သမိုင်းစာအုပ်မလှန်ဘဲ မှတ်ဉာဏ် အားကိုးထားတာကြောင့် ကိုးကားရည်ညွှန်းခြင်း သည်းခံပါ။ လွတ်လပ်စွာ ကွဲလွဲမှုကို အလေးထားပါသည်။ သင်ကာ)

“ရခိုင်ပြည်နယ် ပဋိပက္ခ ဆင်ခြင်ချက်များ”

(၁) ဒီအမြင်နဲ့ သုံးသပ်ချက်တွေက ကျနော့်ရဲ့ ဖြတ်သန်းမှု၊ ဖတ်ရှုလေ့လာသလောက်နဲ့ ရရှိနေတဲ့ သတင်းအချက်များအပေါ် ဆင်ခြင်သုံးသပ်မှုသာ ဖြစ်ပါတယ်။ အတ္တနောမတိကို အခြေခံပြီး ပုဂ္ဂလိက ဆင်ခြင်သုံးသပ်ချက် ဖြစ်လို့ မှန်တယ်/မှားတယ်၊ ပိုတယ်/လိုတယ်၊ ဘက်လိုက်တယ်/မလိုက်ဘူး၊ အဂတိ ကင်းတယ်/မကင်းဘူး ဆိုတာတွေဟာ ကိုယ့် အဓိပ္ပာယ် ကောက်ယူမှုနဲ့ ကိုယ်၊ တသီးပုဂ္ဂလ တုံ့ပြန်ချက်လို့ပဲ မြင်ပါမယ်။

(၂) ပြဿနာ ရင်းမြစ်များ – ပြဿနာတွေကို အကြောင်းရှာတဲ့အခါ အထွေထွေ အပေါ်ယံသမိုင်း၊ ပထဝီဝင် အချက်အလက်များ အောက်မှာ “အုပ်ချုပ်သူ အာဏာပိုင်တွေ” နဲ့ “ပြည်သူလူထု ကိုယ်တိုင်” လို့ ရှုပ်ထွေးတဲ့ ရှည်လျားတဲ့ သမိုင်းမြစ်ဖျားခံ ရင်းမြစ် နှစ်ခုကို တွေ့တယ်။

(၂-က) အုပ်ချုပ်သူ အာဏာပိုင်ဆိုရာမှာ ဟိုး ပါလီမန်ခေတ်က နိုင်ငံရေးအတွက် ရိုဟင်ဂျာကို ထည့်ကစားခဲ့တာတွေ၊ ရိုဟင်ဂျာ ဘာသာနဲ့ ရေဒီယို အသံလွှင့်ခွင့်ပြုတာတွေကနေ နောက်ပိုင်း စစ်အစိုးရရဲ့ အထီးကျန် အုပ်ချုပ်မှုအောက်မှာ ဒီ မွတ်စလင် (အသုံးအနှုန်း ပြဿနာမှာ ရှု) တွေကို ရခိုင်ပြည်နယ်ထဲမှာပဲ ချောင်ပိတ်ထားခဲ့တာ၊ နယ်စပ်ခြံစည်းရိုးမှာ အာဏာပိုင်တွေ လာဘ်စားပြီး တရားဥပဒေစိုးမိုးရေး မရှိခဲ့တာကနေ ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ မွတ်စလင်များကို အသုံးချခဲ့တာတွေအထိ တဆစ်စီ ပြန်လှန်ရလိမ့်မယ်။

(၂-ခ) ပြည်သူတွေဆီက လာတဲ့ ပြဿနာဟာ အထက်မှာ ဆိုခဲ့တဲ့ နိုင်ငံရေးကစားကွက်တွေ ရွှေ့တာကို ထပ်ဆင့်ပြီး ပေါက်ကွဲလာတဲ့ ပြဿနာ ဖြစ်တယ်။ အပြန်အလှန် သတ်ဖြတ်မှုတွေ ဖြစ်စေခဲ့တဲ့ မူဂျာဟစ်ဒင် ပြဿနာတွေ၊ ချောင်ပိတ်မိနေတဲ့ မွတ်စလင်များရဲ့ လူဦးရေ တိုးပွားမှုနှုန်း၊ ပြည်နယ် ဖြတ်သန်းမှုတွေ တင်းကျပ် ပိတ်ပင်ထားတဲ့အတွက် ရခိုင်တိုင်းရင်းသားများက မတူတဲ့ ဘာသာရေး၊ ယဉ်ကျေးမှု နှစ်ခုနဲ့ အတူနေပြီး အဲဒီဒဏ်တွေကို တချိန်လုံး ခံရမှုများဟာ ဆက်စပ် ဖြစ်ပေါ်လာတဲ့ ပြဿနာများ ဖြစ်ပါတယ်။ ပြည်မမှာ နေသူများဟာလည်း ကုလား (အသုံးအနှုန်း ပြဿနာမှာ ရှု) နဲ့ တရုတ်အပေါ် လုံးဝ ကြည်ဖြူမှု ရှိမနေခြင်းဟာလည်း ရခိုင်အရေးမှာ တပြည်လုံး ပါလာပြီး Public opinion ဖြစ်လာကာ ပဋိပက္ခကို အထိနာစေတဲ့ ဆူးတခုဖြစ်တယ်။

(၃) အသုံးအနှုန်းပြဿနာ – ကုလား၊ ရိုဟင်ဂျာ၊ ဘင်္ဂါလီ၊ မွတ်စလင်

(၃-က) ကုလားဆိုတဲ့ အသုံးအနှုန်းဟာ နှိမ်တဲ့ အသုံးအနှုန်းဆိုပြီး ပြဿနာ ပေါ်နေတယ်။ မြန်မာတွေက ဟိန္ဒူ၊ မွတ်စလင်၊ ပန်ချာပီ အပါအဝင် အာရတ်များအထိ ကုလားလို့ အရပ်သုံး သိမ်းကြုံး သုံးနှုန်းလာကြတယ်။

(၃-ခ) ရိုဟင်ဂျာ – သမိုင်းဆရာများ၊ မနုဿဗေဒ ပညာရှင်များ၊ ဘာသာဗေဒပညာရှင်များ ကိုယ်တိုင် မရှင်းနိုင်တဲ့ အသုံးအနှုန်းဖြစ်တယ်။ ဒီအသုံးအနှုန်းရဲ့ နောက်ကွယ်မှာ နိုင်ငံရေးဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာ၊ လူ့အခွင့်အရေးဆိုင်ရာ၊ ရပိုင်ခွင့်ဆိုင်ရာဆိုတဲ့ မဆုံးနိုင်တဲ့ သမိုင်းချီ ပြဿနာတွေကို ကြိုကန်ပြီး အကြီးအကျယ် ကွဲလွဲနေကြတာဖြစ်တယ်။

(၃-ဂ) ဘင်္ဂါလီ – ဘင်္ဂလားဒေ့ရှ်ကတောင် မြန်မာပြည်က မွတ်စလင်တွေကို ဘင်္ဂါလီလို့ သုံးတာ သဘောမတွေ့တာ ဖတ်ရပါတယ်။ ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းရာချီပြီး ရခိုင်တိုင်းရင်းသားများနဲ့ အတူနေခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးတွေကလည်း သူတို့ဟာ ဘင်္ဂါလီမဟုတ်ဘူးလို့ ဆိုကြပါတယ်။

အထက်ပါ အသုံးအနှုန်းပြဿနာ အရပ်ရပ်ကို ရှောင်လွှဲဖို့ မွတ်စလင်ဆိုတဲ့ အသုံးဆီ ဦးလှည့်သွားကြပါတယ်။

(၃-ဃ) မွတ်စလင် – ကုလား၊ ရိုဟင်ဂျာနဲ့၊ ဘင်္ဂါလီ ဆိုတဲ့ အသုံးတွေကို ရှောင်လွဲဖို့ မွတ်စလင်ဆိုပြီး သုံးလာကြပါတယ်။ ဒီလို မွတ်စလင်လို့ သုံးတာဟာလည်း ရခိုင်ပြည်နယ် ပြင်ပရှိ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်များနဲ့ ရောထွေးပြီး ပြဿနာ ရှုပ်ထွေးနိုင်တယ်လို့ ယူဆကြပြန်ပါတယ်။

(၃-င) အလွတ်သဘော ကိုယ့်ဖာသာ လေ့လာကြည့်တဲ့အခါမှာ အသုံးအနှုန်းတွေနဲ့ ပတ်သက်လို့ “ကုလား” – ပြဿနာနဲ့ ကန့်ကွက်မှု ၁၀၀ ရာခိုင်နှုန်း၊ “ရိုဟင်ဂျာ” – ပြဿနာနဲ့ ကန့်ကွက်မှု ၈၀ ရာခိုင်နှုန်း၊ “ဘင်္ဂါလီ” – ပြဿနာနဲ့ ကန့်ကွက်မှု ၇၀ ရာခိုင်နှုန်းနဲ့၊ “မွတ်စလင်” – ပြဿနာနဲ့ ကန့်ကွက်မှု ၄၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ အကြမ်းဖျဉ်း ပြောချင်ပါတယ်။ (မီဒီယာကော်မန့်များ၊ ဖေ့စ်ဘုတ် ဆွေးနွေးချက်များနဲ့ အလွတ်သဘော သဘောထား မေးမြန်းချက်များအပေါ် အလွတ်သဘော အကြမ်းဖျဉ်း ယူတာပါ)

(၄) နောက်ဆုံး ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ယင်းအပေါ် တုံပြန်ရိုက်ခတ်မှုများဟာ လူမျိုးရေးနဲ့ ဘာသာရေး ပြဿနာ မဟုတ်လို့ အစိုးရတာဝန်ရှိသူများ၊ မီဒီယာများက ထိမ်းသိမ်းပြီး ရေးသား ဖော်ပြကြပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးကို ရှေးရှုဖို့နဲ့ ပဋိပက္ခတွေ မကြီးထွားရေးအတွက် လုပ်ကို လုပ်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒါတွေ ထည့်မတွက်ဘဲ အရပ်တွေး မထောက်မညှာတွေးလိုက်ရင် လူမျိုးရေး၊ ဘာသာရေး ပြဿနာဆိုတာ ငြင်းဖို့ ခက်ပါတယ်။ ဒါကိုလည်း ပညာရှင်များ၊ လေ့လာသူများက စတင် ထောက်ပြနေကြပါပြီ။ ဒီလို အနာရင်းလာတာတွေကလည်း အပိုဒ် (၂-က) နဲ့ (၂-ခ) ပြဿနာတွေကို စစ်စစ်ပေါက်ပေါက်တွေးရင် မြစ်ဖျားခံတာတွေကို မြင်နိုင်မှာပါ။

(၅) ရပ်တည်ချက် အကွဲအပြဲများ – လူမျိုး အချင်းချင်း ကွဲကွဲ၊ ဘာသာရေးအရ ကွဲကွဲ၊ အစိုးရနဲ့ လူထုပဲ ကွဲကွဲ၊ လူထုနဲ့ မီဒီယာပဲကွဲကွဲ၊ ပြည်တွင်းနဲ့ ပြည်က ပါဝင်ပတ်သက်လာသူတွေပဲ ကွဲကွဲ ရှိသမျှ အကွဲတွေကို ချုပ်လိုက်ရင် (က) လူမျိုးရေးကို အခြေခံပြီးကွဲတယ် (ရခိုင်၊ ဗမာတွေနဲ့ တဖက်က ဘင်္ဂါလီတွေ)၊ (ခ) ဘာသာရေးကို အခြေခံပြီး ကွဲတယ် (ဗုဒ္ဓဘာသာဝင်နဲ့ အစ္စလမ် ဘာသာဝင်)၊ (ဂ) ခံယူချက်ကို အခြေခံပြီး ကွဲတယ် (အမျိုးသားရေးဝါဒီများနဲ့ လူ့အခွင့်အရေး ရှုထောင့်က ကြည့်သူများ)။

ကွဲလွဲချက်တွေနဲ့ စပ်လျဉ်းရင် တယောက်ယောက်ဟာ တခုခုရဲ့ တဖက်ဖက်မှာ ရှိနေကြတာချည်းပါပဲ။ အားလုံးဟာ အကြောင်းပြချက် ကိုယ်စီရှိတယ်။ အဲဒီ ရပ်တည်ချက် အကွဲအပြဲကို ဆင်ခြင်တဲ့အခါ အောက်ပါ ချွတ်ယွင်းချက်တွေကို ပြဿနာအဖြစ် တွေ့မိတယ်။

(၆-က) လူမျိုးရေး အခြေခံ သဘောထားကွဲမှုမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်များရဲ့ အခြေအနေကို တခြား ကွာလှမ်းတဲ့ တိုင်းရင်းသားများနဲ့ မြို့ပြနေသူများက ရေရာစွာ မသိကြဘူး။ သာမန် လူထုမဆိုထားနဲ့ မီဒီယာတွေ ကိုယ်တိုင်ကလည်း အခင်းဖြစ်မှ သွားရောက်လေ့လာ၊ ရှုမြင်သုံးသပ်ကြတာဖြစ်ပြီး “ရေရှည် အမြစ်တွယ်လာတဲ့ ဇာစ်မြစ် ပြဿနာ” ကိုရော “အဲဒါကနေ ဆင့်ပွားလာတဲ့ မီးတောက် ပြဿနာတွေ” ကိုရော ရေရေရာရာ နားမလည်ကြဘူး။ နားလည်အောင် ရှင်းပြနိုင်သူတွေလည်း မရှိဘူး။ အားကိုးရမယ်လို့ ယူဆရတဲ့ နှစ်ဖက် သတင်းရင်းမြစ်များဟာလည်း သူတို့လိုရာကိုသာ ပုံသွင်းပြီး ပြောဆိုနေကြတာ များတယ်။ အဲဒါနဲ့ပဲ အပေါ်ယံပြဿနာတွေ အပေါ်မှာသာ ဝေ့လည်ပြီး လိုရင်းကို မတူးဆွနိုင်ဖြစ်နေကြတယ်။ လုပ်ပိုင်ခွင့်ရှိသူတွေကလည်း ရောဂါမသိတော့ ဆေးမြီတိုနဲ့ ဇွတ်ကုနေကြတယ်။

(၆-ခ) ဘာသာရေး အခြေခံ သဘောထားကွဲမှုမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး ခံစားချက် အငြိုးအတေး၊ အထိနာခဲ့မှုတွေကို ဆယ်စုနှစ်များစွာ လူထုထဲ စိမ့်ဝင်နေတဲ့ နှုတ်နဲ့ လက်ဆင့်ကမ်းပြောဆိုမှုတွေ၊ တိတ်တဆိတ် ခိုးဝှက်ဖတ်ရှုကြတဲ့ ရေးသားချက်တွေ၊ လူထုအတွင်း ဖြစ်နေတဲ့ သံသယတွေကို မီးရဲလာစေတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ ဖုံးလျှိုးကွယ်လျှိုး ဖြစ်နေတဲ့ တအုံနွေးနွေး ပြဿနာဟာ တကယ်လို့ အမြစ်က ဆွဲနှုတ်မယ်ဆိုရင်တောင် ဘယ်က စကြလိမ့်မလဲလို့ စဉ်းစားမရပါ။ ဒီလို လူထုအတွင်း ဖြစ်နေတဲ့ အမြင်မကြည်လင်မှုတွေ၊ သံသယတွေဟာ ချိန်ကိုက်ဗုံး ဖြစ်နေတယ်။

(၆-ဂ) ခံယူချက် အကွဲအပြဲကတော့ အမြင့်ဆုံး အထွဋ်အထိပ် ပြဿနာ ဖြစ်တယ်။ အရှင်းလင်းဆုံးပြောရရင် အမျိုးသားဝါဒီများဘက်က နေသူများရဲ့ လက်တွေ့ ပတ်ဝန်းကျင် သံသယများကနေ အနာဂတ် စိုးရိမ်ပူပန်မှုတွေအထိကို လူ့အခွင့်အရေးသမားတွေက သေချာနားမလည်၊ နားလည်ဖို့ မကြိုးစားသလို အသေးအဖွဲလို့ ထင်မြင်နေတယ်။ သမိုင်းနဲ့ချီပြီး ရှုပ်နေတဲ့ ချည်ခင်ကြီးကို လက်လှည့်စက်လှည့် ကိရိယာလေး ပေးလိုက်တာနဲ့ အလွယ်တကူ တဖြည်းဖြည်း ရှင်းလို့ရမယ်လို့ ထင်နေတယ်။ သူတို့ပေတံနဲ့ သူတို့ တိုင်းထွာနေကြတယ်။

ထို့အတူ အမျိုးသားဝါဒီများဘက်ကလည်း လူ့အခွင့်အရေး ခေါင်းစဉ်အောက်က ဝင်လာသူတွေဟာ ကိုယ်ကျိုးစီးပွား ကင်းလွတ်တဲ့နေရာတွေကနေ စွက်ဖက်သူတွေ၊ တလွဲဆံပင်ကောင်းနေသူတွေလို့ ဆန့်ကျင်တာကလွဲပြီး သူတို့ မမြင်တဲ့အချက်တွေကို ထောက်ပြ ချေပ သိမ်းသွင်းဖို့အတွက် အယူအဆတွေကို မပြနိုင်ဘူး။

အတိမ်းအစောင်းမခံတဲ့ အမျိုးသားရေးဝါဒရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဒါဟာ ကိုယ့်တိုင်းပြည်ရဲ့ ရေရှည်ပြဿနာဖြစ်ပြီး ပြင်ပရဲ့ အမြင်သဘောထားတွေ၊ “အန္တရာယ်ကြီးတဲ့ ဒါပေမယ့် တရားမျှတမှုရှိတယ်လို့ ယူဆနိုင်တဲ့” အတွင်းရေးပြဿနာ တောင်းဆိုမှုတွေဟာ ကာကယံရှင်များ ဆက်လက် ထမ်းပိုးရမယ့် အနာဂတ်ဆိုင်ရာကိစ္စကြီး ဖြစ်တယ်ဆိုတာ ခြေခြေမြစ်မြစ် ထောက်ပြ ချေပနိုင်ဖို့ လိုနေပါတယ်။

ခေတ်အဆက်ဆက် ဘယ်သူမှ သေချာစွာ လေ့လာမထားတဲ့၊ လေ့လာထားချက်တွေလည်း ခေတ်မမီတော့တဲ့ အချက်အလက်တွေအပေါ် ထပ်ဆင့် သုံးသပ် သုတေသနပြုမှုများ မရှိခဲ့တဲ့ ဒီ ပဋိပက္ခ ဇာစ်မြစ်သဘာဝကြောင့် ဘယ် ပညာရှင်၊ သုခမိန်ကမှ ဘယ်ဘက်ကိုမဆို နားဝင်အောင် လက်ခံအောင် ပြောနိုင်မယ့် အခြေအနေ လုံးဝ မရှိတာ တွေ့ရတယ်။

(၇) ဆင်ခြင်သုံးသပ်ခဲ့တာတွေကို ပြန်ကြည့်ရင် ဒီ ဇာစ်မြစ် မသေးလှတဲ့ ပြဿနာကြီးဟာ အစလည်း ရှိတာ သေချာပြီ၊ ရောဂါလက္ခဏာတွေလည်း ပေါ်ပြီ၊ အဆုံးမရောက်သေးတာ သေချာတယ်လို့ ဆိုချင်ပါတယ်။
အကောင်းဆုံး ဥပမာပေးချင်တာကတော့ အလွန်အင်မတန် ကျွမ်းကျင်ပြီး ပူးပေါင်းပါဝင်မှု အပြည့်ရှိတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးပညာရှင်များ အဖွဲ့ဟာ ဒီ နာတာရှည် ရောဂါ မရင့်တရင့် လူမမာပြဿနာကြီးကို အချိတ်အဆက်မိစွာ သင့်လျော်တဲ့ အတိုင်းအတာနဲ့ မေ့ဆေးပေးမှု၊ သတိကြီးတဲ့ ခွဲစိတ်မှု ဖြတ်တောက်မှု၊ သေချာတဲ့ ချုပ်လုပ်မှုတွေ အောင်မြင်အောင် အချိန်ယူ လုပ်ကိုင်ပြီးရင် ပြန်လည် နာလန်ထဖို့နဲ့ သက်ဆိုးရှည်ဖို့ အများကြီး လုပ်ယူမှ ဖြစ်တော့မယ် ဆိုတာပါပဲ။

သင်ကာ
နိုဝင်ဘာ ၅၊ ၂၀၁၂

Advertisements

Comments Off on မြန်မာ-မွတ်စလင် မုန်းတီးမှုတွေ ဘယ်လို အမြစ်တွယ်ခဲ့သလဲ

Filed under Politics, Religion, Research, Review

Comments are closed.