လဥ ကြမ်းညပ် သီအိုရီ

ကာတွန်း - ဟန်လေး (မြန်မာတိုင်းမ်)

ကာတွန်း – ဟန်လေး (မြန်မာတိုင်းမ်)

ကချင် စစ်ပွဲအကြောင်း သတင်းရေးကြ … ပြောကြ … အလကားရတဲ့ ဆိုရှယ် မီဒီယာတွေမှာ ဆဲကြတဲ့အခါ ကွဲပြားတဲ့ ရည်ရွယ်ချက်တွေ၊ လွဲချော်တဲ့ ဖြစ်ပျက်နေပုံတွေကို သတိထားမိတယ်။

-အရင် စစ်အစိုးရကလည်း ဖိနှိပ်နေကျ … အကျင့်မပျောက်သေးတာဆိုတဲ့ အတိတ်က အိပ်မက်ဆိုးတွေနဲ့ အရိပ်ထိုးထားတဲ့ စစ်တပ်ကို ကြောက်တဲ့ အမြင် …။

-အစိုးရက အားကြီးတယ် … ကချင်တိုင်းရင်းသား ဘက်က အားနည်းတယ်ဆိုတဲ့ … ကြီးနိုင်ငယ်ညှဉ်းမူကို လက်မခံလိုတဲ့ အမြင် …။

-တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဒါဇင်ကျော်မှာ တဖွဲ့တည်းချွန်ပြီး ကချင်က တိုက်နေတာ၊ KNU တောင် နေပြည်တော်တက်ပြီး ကရင် ဂမ်နန်စတိုင်လ် ကနေပြီ၊ ကချင်ဘက်က ဘယ်လိုလဲဆိုတဲ့ … သီအိုရီအမြင် …။

-ရထားလမ်း မိုင်းခွဲတယ်၊ ဓာတ်တိုင်ဖြိုတယ်၊ စစ်တပ် ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တိုက်တယ် … ဒါဟာ မဖြစ်သင့်ဘူးလို့ ဆိုတဲ့ အစိုးရတပ်ဖက်က အမြင် …။

-တိုက်ပွဲတွေ ထဖြစ်တော့ ကချင်ဘက်က မီဒီယာတွေကို တဦးစီ တာဝန်ယူမှုနဲ့ ဖြေရဲတယ် … ပြောရဲတယ် …။ အစိုးရတပ်ဘက်က မြုံစိစိနဲ့ ဘာမှ မသိရ … ပြောခွင့်ရသူတွေလည်း ဘာပြောရမှန်းမသိ … တာဝန်ရှိသူ ငြိမ်းကိုယ်စားလှယ်ကြီး ကိုယ်နှိုက်က ဘာမှ မပြောနိုင် (ဆေးရုံတောင် တက်လိုက်ရသေး) … ဆိုတော့ … ပြည်သူတွေက ဘာကို ယုံရမှန်းမသိတော့တဲ့ ဝါဒဖြန့်မှုနဲ့ မပွင့်လင်းမှုကြား ပြဿနာများ …။

-ဘယ်သူ ဘာလိုချင်ဆိုတာ သိလျက်သားနဲ့ “လက်နက်တံခွန် … မိုးသို့ချွန်ပြီး … ကောင်းကင် တမွတ် … ဒုံးကျည်လွှတ်လည်း … အီးပါရင် ဖင်မချွတ်တဲ့ အထာတွေ” နဲ့ … ဘေးလွတ်ရာကနေ အမိန့်သရမ်းပြီး … ဒေသခံ တွေရော … တခြား မိုင်းထောင် ဗုံးခွဲ ဓားစာခံတွေရောကို မငဲ့ဘဲ … ငါတကော ကောနေတဲ့ နှစ်ဖက် သေနတ်အာဏာရှင်များ …။

-အဲဒီ ကောင်းကင် တမွတ် ဖင်မချွတ်ကြတာကို ငဝက်က ဒဏ်ခံမလားလို့ ဒါ သမ္မတ ဦးသိန်းစိန်ကြောင့်၊ ဒါ ကာချုပ် မင်းအောင်လှိုင်ကြောင့်၊ ဒါ ဒေါ်အောင်ဆန်းစုကြည်ကြောင့်၊ ဒါ ဝန်ကြီး ဦးအောင်မင်းကြောင့်ဆိုပြီး ချီးစုမယ့် ပုဇွန်ခေါင်းကို လိုက်ရှာနေကြသော … ပုဇွန်ခေါင်းချီးစု သီအိုရမ် သမားများ …။

-ဆိုရှယ် မီဒီယာပေါ်မှာ “မမြင်ရလေ အာချောင်လေ” စစ်ပွဲများ …။ (အခု ကိုယ်လည်း ဒီလို အာချောင်ခြင်းအားဖြင့် ဒီအထဲ ပါတာပဲ)

ပြန်သုံးသပ်တော့ နှစ်ဖက်စလုံးက “မုန်းတိုင်းက ထန်ထန် … ဒီမိုကရေစီက နုနုမှာ … အူနု ကျွဲခတ်ပြီး …. လဥ ကြမ်းညပ်နေကြတာ” …။ အဲဒီထက် ယဉ်ကျေးအောင်တော့ မပြောတတ်တော့ဘူး။

သင်ကာ
၁၈ ဇန်န်ဝါရီ၊ ၂၀၁၃

Advertisements

Leave a comment

Filed under Ethnic Minority, Satire

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s