Letbadaung Tika

19cruel_oppression

လက်ပံတောင်း ဋီကာ …

၁) သံဃာများ ထိခိုက် နစ်နာရခြင်းအပေါ် စိတ်နှလုံး မသာယာ၊ ညှိုးနွမ်းကြသော ပြည်သူအများ။ ထိုခံစားချက်ကို ဖော်ထုတ်သူလည်း ဖော်၊ မြိုသိပ်၍ ကူညီသူလည်း ကူညီ။ မမြင်ဝံ့ဝံ့ မြင်ဝံ့ဝံ့ ဖြစ်သဖြင့် ဖေ့စ်ဘုတ်မှာ ငါ့ဝေါလ်ပေါ် ဘယ်သူများ လာ tag မတုန်းဟု ရင်တထိတ်ထိတ်ဖြင့် စိတ်လက် မချမ်းသာသည့် အခြေ ခံစားနေရသူများ (ဒါကတော့ အများစုပေါ့၊ ကိုယ်တောင် မကြည့်ရက်တော့လို့ တကွက်ကျော်ကျော်ပြီး ကြည့်နေမိတယ်)

၂) အမိန့်ပေးလို့ လုပ်ရတာ၊ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိ၊ “ချစ်သမျှကို မဟုတ်ဘဲ” … “ပစ်သမျှကို ပတ်ပျိုး” နဲ့ “သမုတိအတွက် ငဝက်က ဒဏ်ခံ” နေရသော ပုလိပ်အဖွဲ့ (သူတို့ကလည်း ဗြဟ္မာကြီး ဦးခေါင်း ပိုက်မိသလို အီလည်လည်)

၃) အနာလည်း မသိ၊ ဆေးလည်း မရှိဘဲ “အထက်လည်း ကြောက်ရ၊ အောက်ကလည်း ဆွ” နှင့် ကြားညပ်ပြီး ဟိုဒင်းကလေး ကြိုးတုပ်အရိုက်ခံသလို ဖြစ်နေသော ဓာတု ဗိန္နောဆရာများ (မုံရွာက မကုတတ်၊ မန်းလေး ဆရာဝန်ကြီးကတော့ ဒီအနာမျိုး သူတို့ မကုဖူးပါ … တဲ့)

၎) ကုလားအရေး ဓားမသွေးဘူး ဆိုပေမယ့် တရုတ်အရေး ဘုန်းကြီးပါ မီးသွေးလုပ်ပစ်တဲ့အခါ ငါတို့အပေါ်ဝဲနေတာ တကယ်က ဘာကြီးတုန်းဟု သိမြင်ကာ ပြည်သူအချင်းချင်းဟု ရိုင်ပင်းဖော်ရသော တမြေတည်းနေ ဘာသာခြားများ (အောက်ခြေ အာဏာပိုင်တွေ စည်းဘောင်လွတ်ရင် သမ္မတတောင် မကယ်နိုင်)

၅) ဗိုလ်ချုပ် အောင်ဆန်း ဝင်စားသလိုလို၊ အချုပ်ကားပေါ် တက်ချင်လို့ ဒေါသထွက်ပြ သလိုလိုနဲ့ ခုန်ဆွခုန်ဆွ ပြုပါသော်လည်း ဘယ်သူမှ လူရာမသွင်းသည့် ခါတော်မီ ဆရာလေးများ (ဗီဒီအို ဖုတိတ်တချို့ ရှုပါကုန်၊ ပို့စ် မော်ဒန်စာရေးဆရာများကား ပို့စ် မော်ဒန် ဆန္ဒပြနည်း မတတ်ဟု ကျွန်ုပ်က ကောက်ချက်ဆွဲပေသည်)

၆) အပေါ်ယံ ပြောင်းလဲမှုများဟာ “ထမီကျွတ်၍ လွှတ်လိုက်သည်” ဆိုပေမယ့် နောက်ပြန်လှည့်မည့် အရေး စိတ်မအေး ဖြစ်နေရသည့် ရှေ့နောက်မျှော်မြင်သော ပုဂ္ဂိုလ်များ (အချို့ကလည်း “ရှေ့ ဘယ်တုန်းက တိုးထားလို့တုန်း” ဟု ဘုတောကြသည် တမုံ့)

၇) “လက်ပံတောင်းမှသည် ဦးပိုင်ဆီသို့” ဖြစ်လာတော့ ဒီဇင်ဘာမှာ နှာစေးသွားကြကုန်သော စီးပွားရေးသမားများ (အပူပါကန်လို့ အသံမထွက်ကြတော့ဘူးတဲ့)

၈) နေရင်းထိုင်ရင်း ဗိုက်အငှားနဲ့ ဓားထိုးခံရသူများ၊ ဓားခုတ်ရာ လက်လျှိုခံသူများ၊ ထိုအထဲတွင် မောင်မင်း နင်က သာ၍ “အငှား ဝက်သိုး လိုက်ရသူများ” (အချို့လည်း ဓားထိုးမခံရကောင်းလားဟု အဆဲခံကြရသည် ဟူသတတ်)

၉) ကင်မရာသိ၊ ကမ္ဘာသိ ဖြစ်နေတာကို ပျားရည်နဲ့ ဝမ်းချဖို့ ကြိုးစားပြီး “အပေါစား မိတ်ကပ်များနှင့် ညဥ့်ငှက်” ဆိုတာလို လုပ်ဖို့ အပေါစား မိတ်ကပ်တွေ လိုက်လိမ်းပေးဖို့ ကြိုးစားနေတဲ့ အွန်လိုင်းပေါ်က ပုံရိပ်ဖျောက်နေမှုများ (မီဒီယာတွေ မြှောက်ပေးနေတာ၊ “ဟေ့ ဘယ်သူပြောလဲ … နာမည်ထည့်ပါလားကွ”၊ ဓာတ်ပုံကြီးနဲ့တကွ တင်တာတောင် “သေချာ မသိဘဲနဲ့” ဟု ဆင်ခြေကန်သူတွေက တသွယ်ဟူ၏)

၁၀) မည်သို့ လုပ်လိုက်သည်ကို မသိသဖြင့် “လက်ပံတောင်းပြန် ဓာတ်မီးလျှံ” သိုင်းဝတ္ထု ၁၂ တွဲကို ရှေ့စာမျက်နှာက ပြန်ဖတ်နေရသော သမ္မတရုံး (ထုတ်ပြန်-ပယ်ဖျက်-ခပ်တည်တည်နေသော အိနြေ္ဒကြီးသည့်ရုံးဟု အနွတ္တသညာ တပ်သော်လည်း ရ၏)

၁၁) ကိုယ်ကိုယ့်ကို ဘာဖြစ်ပြီး ဘယ်စနစ်၊ ဘယ်ခေတ်များ ရောက်နေပါလိမ့်သနည်းဟု တွေးတောနေကြကုန်သော အတွင်းနေ အပြင်အောင်း၊ အင်တာနက်ဇောင်း မကျန် (ခေတ်စားတဲ့ စကားနဲ့ ပြောရရင် … အဟမ်း … သန်း ၆၀ သော) ရဟန်းရှင်လူ ပြည်သူအများ …

ဣတိ တသ္မာ – ထို့ကြောင့်၊ တွံ – သင်သည် တခုခုသော အမျိုးအစားထဲ၌ ပါဝင်နေသည်ဟု၊ ဂဏှာဟိ – မှတ်လေလော့။

သင်ကာ
ဟေမန္တ၊ ခေတ်ကာလ ၂၀၁၂

Advertisements

Leave a comment

Filed under Article, Development, Environment, Environmentalism

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s