ကိုရွှေ

Breaking Bad’s Walter White illustrated by David Delahunty

လူပုံအေးအေးနှင့် “ပြော့ပြော့လေးနှင့် နံတဲ့ ကြောင်ချေး” ဟု ဆိုရလောက်အောင် ပေသော၊ တေသော၊ ပွေသော သူများအကြောင်း ကြားမြင်သိရလျှင် မောင်ဘုန်းကား ကိုရွှေကို သတိရ၏။ အဘယ်မျှ ပေသော၊ တေသော၊ ပွေသော ဟူမူကား ကိုရွှေသေသည်မှာ ယခုမှ ရေတွက်သော် ၁၃ နှစ် ကျော်ချေပြီ။

သူသည် တွံတေးသား ဖြစ်သည်။ မောင်ဘုန်းနှင့် ပန်းချီပိုစတာအဖွဲ့၌ ဆုံစဉ်က ကိုရွှေ အသက် ၃၀ ကျော် ဝန်းကျင် ရှိမည်။ ကိုရွှေသည် ရုပ်ရှင်ပိုစတာကြီးများအတွက် ဘောင်ခွေ၊ ဘောင်ကျက်၊ ခံဆေးသုတ်၊ ပိုစတာအဟောင်းကြီးများကို ရေလျှော်၊ ဘောင်ဖြုတ် စသည့် လက်သမား မကျတကျ အလုပ်များသာမက ကိုဌေးသားသမီးများ ကျောင်းကြို ကျောင်းပို့ လက်တိုလက်တောင်းကိုပါ လုပ်၏။

လူပုံပိန်ပိန်၊ ဆံပင်ပုံက ထိုးထိုးထောင်ထောင်တွင် ဘေးနှစ်ဘက်ကို ပါးပါးညှပ်၊ နောက်က နည်းနည်းအရှည်နှင့် ခေတ်ပုံစံလိုလို ထင်ရသည်။ ဆိုးတေပေခဲ့သည့်တိုင် ကိုရွှေ့ ရုပ်သည် လူချောဟု အကဲဖမ်းနိုင်သည်။ ထို့ကြောင့်ပင် ပန်းချီတဖွဲ့လုံး၌ မောင်ဘုန်း၊ ပန်းချီအဖွဲ့ပိုင်ရှင် ကိုဌေးသားနှစ်ကောင် လူပျိုပေါက်တွေကအစ မိန်းမစွံရာတွင် ကိုရွှေကို ဘာဆေးရှိသည် မသိဟု အထင်ကြီးကြသည် အထိပင်။

သို့စဉ်တိုင် ပုဆိုးပေစုတ်၊ စွပ်ကျယ်အင်္ကျီကို ဖြူလွှနေအောင် လျှော်ဖွတ်ဝတ်လျက်၊ လက်မောင်းပိန်ပိန်တွင် ဆေးမှင်ထိုး၊ ဆေးလိပ်တို ခဲကာ ကိုဌေး ပန်းချီတိုက်ရှေ့ လမ်းမဘေးတွင် ချွေးတလုံးလုံး လုပ်နေသော ကိုရွှေကား လူဆိုးလူပေတယောက်ဟု မည်သူမျှ ထင်မည်မဟုတ်ပေ။

ကိုရွှေကား မည်မျှ ဆိုးပေတေ မိုက်သနည်း။

ကိုဌေးက အမြဲပြော၏။ “ဒီကောင် ၁၄ နှစ်သားကတည်း ရန်ကုန်မြစ် ကုန်တင်မော်တော်တွေမှာ လျှောက်လိုက်ပြီး အဲဒီတုန်းက ဂနိုကျ (ကာလသားရောဂါ ဖြစ်) လို့ ငါကုထားရတာ” ဟူ၍ ဖြစ်၏။

လူဝသလောက် ပန်းချီစာလုံးရေးရာတွင် သူမတူ ထူးချွန်လှသော ဦးတုတ်ကမူ တမျိုးပြော၏ “ဒီကောင် အင်မတန် မိုက်တာ၊ သွေးမနည်းဘူး။ တခါက ရုပ်ရှင်ရုံရှေ့ အများနဲ့ တယောက် ရိုက်ပွဲဖြစ်တာ။ ဟိုကောင်တွေ ဝိုင်းရိုက်တာ ဒီကောင် လဲလည်း ပြန်ထတာ။ ခြေသလုံးမှာ သစ်သားပြားက သံစူးတန်းလန်းနဲ့ကို ဆွဲမဖြုတ်ဘူး။ တုတ်ကောက်ပြီး ဟိုကောင်တွေကို ပြန်ခံရိုက်တဲ့ကောင်” ဟူ၏။

ဦးလှလေးပြောဖုံက တဖုံဖြစ်၏။ ကိုဌေးတို့ မရှိချိန်တွင် မောင်ဘုန်းနှင့် ကိုသန်းဦးထံ အနားကပ်ကာ “ခင်ဗျားတို့ မောင်ရွှေ လျှော့မတွက်နဲ့။ ကိုဌေး ခယ်မတောင် သူ့လက်ချက်မိတာပဲ။ ဘေးခန်းလှေကားမှာ ချိန်းတွေ့ပြီး ဖြစ်ကြတယ်လေ။ ကိုဌေးတို့ကလည်း မူးမူးနဲ့အိပ်ဆိုတော့ မသိဘူး။ နောက်တော့ ကောင်မလေးကို တောပြန်ပို့ရတယ်” ဟု ဆို၏။

ထိုမျှနှင့် မပြီးသေး။ ဦးလှလေး ဆက်ပြောသည် “ဒါဘာဟုတ်သေးလဲ။ ကိုရွှေက သူ့မိန်းမရဲ့ ညီမ၊ သူ့ခယ်မနဲ့ သူနဲ့ ဖြစ်လို့ သူ့မိန်းမက ဒီမှာ လာတိုင်ပါရောလား။ ကိုဌေးက မနည်းဆုံးမပြီး ဒီမှာ ဒီကောင့်ကို ၂ လလောက် ခေါ်ထားလိုက်ရတယ်” ဟူ၏။

သို့သော် ဇာတ်လမ်းကား ဆက်ရန်ရှိသေး၏။ “ကိုရွှေဆိုတဲ့ကောင်၊ ဘေးခန်းက အပျိုကြီးကို လက်သရမ်းသေးတယ်။ ဒါတောင် အငယ်မ တခုလပ်နဲ့ ဒီကောင် လွတ်ရဲ့လား မသိဘူး” ဆိုသတတ်။

ကိုရွှေကို မောင်ဘုန်းနှင့် ကိုသန်းဦးတို့က ခယ်မနှင့် မည်သို့များ ဖြစ်ကြတုန်းဟု မေးရာ မိုးရွာသောတနေ့ အိမ်အပြန် တအိမ်တည်းနေ ခယ်မသာ ရှိပုံ၊ ယောကျာ်းအဝတ် လျှော်ပြီးသား မရှိ၍ ခယ်မထမီတထည်ကို သူက အတင်းယူဝတ် စွတ်ထားပုံ မှသည် ရှည်လျားသော ဇာတ်လမ်းမှသည် နောက်ဆုံး သူ၏ ဆောင်တော်ကူးဟု မခေါ်နိုင်သော တဲတော်ကူးဇာတ်လမ်းတွင် သူ့မိန်းမက မီးထထွန်း၍ အမိဖမ်းပုံတို့ကိုမူ အသေးစိတ် မဖော်ပြတော့ပြီ။

ကိုရွှေ့ ဇာတ်လမ်းများတွင် သူတို့တွံတေးက ဆင်းရဲလွန်းသော ကလေးမမှ ဟဝှာလိုင်း ဝင်ရန် အကူအညီပေးသည်မှသည် လမ်းထိပ်က အပျိုကြီးကို ကိုသန်းဦးနှင့် လောင်းကြေးစားကြေး လိုက်သည်အထိလည်း စုံလှပေရာ မောင်ဘုန်းတို့ လူငယ်တသိုက်က “မိန်းမကျမ်း ကြေပါပေသည်” ဟု ဘွဲ့အပ်ထားရလေသည်။

ကိုရွှေ့မိန်းမကား မိခင်နှင့်အတူ မနက်ဆိုလျှင် ဒလဘက်မှ ကမ်းကူးပြီးလျှင် ကမ်းနားလမ်း၌ မုန်းဟင်းခါး ရောင်းကူ၏။ ထိုက ရငွေနှင့် သားသမီးတို့ကို ကျွေးမွေးရ၏။

ကိုရွှေကား ကိုဌေးတို့ဆီတွင် ၅ ရက်၊ တပတ် လုပ်သည်။ လုပ်ပြီးလျှင် ငွေစပိုက်၍ အိမ်ပြန်သည်။ အိမ်သို့ကား မရောက်။ ရန်ကုန်ဘက် ကမ်းတွင် အရက်သောက်သည်။ မူးသည်။ ရမ်းသည်။ တွေ့ကရာ ထိုးအိပ်သည်။

ဟိုဘက်ကမ်းရောက်လည်း အိမ်တန်းမပြန်။ အပေါင်းအသင်း ရောင်းရင်းတွေနှင့် ပျော်ပါး သောင်းကျန်းသည်။ မကောင်းသည့် မိန်းမများနှင့် အိပ်ချင်လည်း အိပ်သည်။ သူသည်လည်း သူ့အရပ်တွင် လူမိုက်ဆရာတဆူဟု သိရသည်။ ပိုက်ဆံကုန်သော် ကိုဌေးတို့ဆီ ပြန်လာသည်။

ရက်များမကြာမီ တရပ်တည်း အတူနေဖူးသူ ကိုရွှေ့ မိန်းမက ကိုဌေးတို့ကို လာတိုင်ပြီ။ ထိုရောခန ကိုရွှေကား ဂွတ္တလစ်ချောင်က တဆိုင်ဆိုင်သို့ ပြေးကာ ခွက်ပုန်းချနေပြီ။ ကိုရွှေ့ မိန်းမကား မျက်ရည်သုတ်လျှက် ကိုရွှေ ပိုက်ဆံ တပြားမှ မအပ်ကြောင်း၊ ကလေးတွေ ကျောင်းထားဖို့ မရှိကြောင်း၊ မိုးကျသဖြင့် အိမ်က ဓနိထပ်မှ ဖြစ်မည်ဖြစ်ကြောင်း စသည်တို့တည်း။ ကိုဌေးနှင့် ကိုဌေးကတော်ကား စရိတ်စကချော့မော့ပေးပြီး ကိုရွှေကို ဆုံးမမည်ဟု အာမဘန္တေခံကာ နှစ်သိမ့်ရ၏။ ကိုရွှေ့ မိန်းမလည်း ငွေကလေးပိုက်ကာ ပြန်ရှာသည်။

ညနေလောက်ကျ ကိုရွှေ ကုပ်ချောင်းကုပ်ချောင်းနှင့် ပန်းချီအလုပ်ရုံအနီး ပေါ်လာ၏။ ကိုဌေးနှင့် ကိုဌေးကတော်ကား ကိုရွှေ့ကို ငယ်မွေးခြံပေါက် ငေါက်ခဲ့သူများ အားလျော်စွာ ဆူလေပြီ။

လုပ်ခကို တပတ်စာ မပေးဘူး၊ မင်းမိန်းမကို ခေါ်ပေးမယ်ဟု ပြောလျှင် “တခါတည်းပါ အစ်ကိုနဲ့ အစ်မရာ။ နောက်ပတ် ကျနော် အိမ်တန်းပြန်ပါ့မယ်” ဟု ခေါင်းကို ကုတ်ကာ ရယ်ဖြဲဖြဲဖြင့် သနားအောင် ပြော၏။ ပြီးလျှင် အလုပ်ကို ကြုံးလုပ်ပြန်၏။ တပတ်စာ လုပ်ခပေးချိန်တွင် ကိုဌေးက အိမ်မပြန်၊ ပိုပ်ဆံမအပ်ရင် အသိပဲဟု ကြိမ်းလိုက်၏။

ကိုရွှေကား အိမ်သို့ တန်းတန်းပြန်၏။ အရက်ကို နည်းနည်းသာ သောက်၏။ ၂ ရက်ခန့် လိမ္မာပြီးလျှင် ကိုဌေးတို့ဆီ အလုပ်ပြန်ဆင်း၏။ နောက်တပတ် လုပ်ခထုတ်ပြီးသော် အိမ်သို့ မရောက်ပြန်။ ကိုဌေးနှင့် ကိုဌေးကတော်ကား ဆူပြန်၏။ တပတ် နှစ်ပတ်ခန့် လိမ္မာပြန်၏။ ဤသို့လျှင် ဆရာ တပည့်သံယောဇဉ်နှင့် ကိုဌေး၊ ကိုရွှေ သံသရာမှာ လုံးချာ၍ နေတော့သည်။

ကိုရွှေသည် ပေတေ မိုက်သည်သာမက ရွတ်လည်း ရွတ်သေး၏။ ကိုဌေးတို့နှင့် ပန်းချီလာမဆွဲဘဲ တွံတေးပြန်နေသည့်ကာလတွင် ဆိုက်ကားနင်း၏။ တနေ့သော် ဆိုက်ကားဂိတ်အနီး ထောင်ထားသော သံဆိုင်းဘုတ်ကြီး၏ အုတ်ဖိနပ် အခြေပေါ်တက်၍ လက်နှစ်ဖက်က ဆိုင်းဘုတ် သံကိုင်းကို မြှောက်၍ ကိုင်ပြီးသော် ဈေးအဆင်း ဆိုက်ကားငှားမည့်သူကို ဈေးခေါ်၍နေ၏။

နောက်ချင်သော ဆိုက်ကားနင်းဖော်တဦးက ပုဆိုးထောင့်ကို ဆောင့်ဆွဲလျှင် ပုဆိုးကျွတ်ကျလေသည်။ သို့သော် ဖိုးနောက်ချင် စိတ်ကူးသကဲ့သို့ ကိုရွှေကား အောက်ခံတခုမျှ ဝတ်မထားသည့်အပြင် ကျွတ်သွားသော ပုဆိုးကိုလည်း လုံးဝ ကုန်းမကောက်ပေ။

လက်နှစ်ဖက် မြှောက်၍ ဆိုင်းဘုတ်သံတိုင်ကို အကိုင်မပျက်ဘဲ “ဟေ့ကောင် … မင်းလာ ပြန်ဝတ်ပေး၊ ဝတ်မပေးလို့ကတော့ ငါက ဒီအတိုင်း လူခေါ်မှာပဲ” ဟု ဆိုကာ အောက်တပိုင်း တုံးလုံးနှင့်ပင် ဆိုက်ကားငှားမည့်သူကို အခေါ်မပျက်ပေ။

နောက်ဆုံး ဖိုးနောက်ချင် ဆိုက်ကားဆရာသည်သာ လက်လျှော့ပြီးလျှင် အများတိုက်တွန်းချက်အရ ကိုရွှေ့ ပုဆိုးကို ပြန် မ’တင်ပြီး ဝတ်ပေးရသော ဟူသတတ်။

မောင်ဘုန်း၊ ကိုသန်းဦးနှင့် ကိုရွှေသည် အတူတွဲကာ ပြင်ပ အောက်ဒိုး အလုပ်များအတွက် သွားရတတ်သည်။ ကိုရွှေသည် ငယ်စဉ်က ဆင်းဆင်းရဲရဲနှင့် ဘဝကြမ်းကို ဖြတ်ခဲ့ရကြောင်း တဖြည်းဖြည်းသိလာ၏။ ထို့အတူ ကိုရွှေသည် တနပ်စားဉာဏ် ရှိတတ်ခြင်း၊ ပျင်းခြင်း၊ ပရိယာယ်များခြင်း၊ မရိုးဖြောင့်ခြင်းများ ရှိကြောင်းလည်း သိလာရသည်။

ကိုဌေးက ဆိုင်းဘုတ်ကြီးသုတ်ရန် ဆေးပုံးထည့်ပေးလျှင် ကုလားဆိုင်ထံ ဖဲ့၍ သွင်းချင်၏။  ဆိုင်းဘုတ်ငြမ်းဆင်ရန် အုန်းဆံကြိုးစာရင်းကို လိမ်ပြချင်၏။ ဆိုင်းဘုတ်ရေးရန် ထောင်သည့် လှေကား ပိမိလျှင် မနာသည့်တိုင် ခါးနာသည်ဟုဆိုကာ အရိပ်ရရာတွင် ဆေးလိပ်ဖွာ၍ မှိန်းနေတတ်၏။ မောင်ဘုန်းနှင့် ကိုသန်းဦးထံမှ ပိုက်ဆံချေးပြီး ပြန်မပေး။ ဖဲရှုံးသည်ဟု နောက်မှ သိရသည်။

သူပိုက်ဆံချေးပုံက သင်းသည်။ မိန်းမ နေမကောင်း၍၊ အကြီးမ ကျောင်းအင်္ကျီ ဝယ်ပေးဖို့၊ ပိုက်ဆံ လှေပေါ်အတက် ကျပျောက်လို့ စသည်ဖြင့် …။ အတန်ကြာသော် မောင်ဘုန်းတို့ သဘောပေါက်၍ လာမှ သူ ဆက်ပြီး ငွေမချေးဝံ့တော့။ ချေးလျှင်လည်း ပေးတော့မည် မဟုတ်။

တဖြည်းဖြည်း ကိုဌေးတို့ ပန်းချီအဖွဲ့သို့ ပေါ်လာတလှည့် ပျောက်တလှည့်ပင်ဖြစ်သည်။ ယခင်ထက် ဆိုးမိုက်ပေတေနေသည်ဟူ၍သာ မြစ်ဟိုဘက် ဒီဘက် အပတ်စဉ်ကူးနေသော ဦးလှလေး၊ ဦးတုတ်တို့ထံမှ ကြားရသည်။

ပန်းချီ စာလုံး အလှရေးသည့် ဦးတုတ်ကမူ တုတ်ထိုးအိုးပေါက် ပြောတတ်သည့် အားလျော်စွာ “ဒီကောင်မျိုး မြန်မြန်သေမှ အေးမှာ၊ မိသားစုလည်း ပြန်မကြည့်၊ ကိုယ့်ဖာကိုယ် သတ်နေတာ” ဟု ဆို၏။

မောင်ဘုန်းလည်း ပဲခူးပြန်ပြီး ပဉ္စင်းခံ၊ တက္ကသိုလ်တက်ရန်ပြင်နှင့် ပန်းချီလောကဘက် ဦးမလှည့်နိုင်။ ထိုမှတဆင့် စာနယ်ဇင်းဘက်သို့ ရောက်ပြန်သည်။ နောင် ၃ နှစ်ခန့်ကြာသော် ကိုသန်းဦးနှင့် ပန်းချီပြခန်းတခုတွင် ဆုံ၏။

ထွေထွေရာရာ ပြောကြရင်း ကိုဌေးတို့ ပန်းချီအဖွဲ့မှသည် ကိုရွှေ့အကြောင်းရောက်၏။ ကိုသန်းဦးက “သေပြီလေ မောင်ဘုန်းရာ။ ဒီလောက် ပေတဲ့သူ မသေခံနိုင်ရိုးလား။ မင်း မရှိတော့ ငါလည်း သူနဲ့ အလုပ်ဆက်လုပ်ရသေးတယ်။ ပိုက်ဆံတွေလည်း ချေးသွားတယ်ကွ။ ဒီလောက် ပေတေ ဂျပိုးကျနေတာ ဘာရောဂါနဲ့ သေတယ်တောင် ငါလည်း မပြောတတ်ပါဘူး” ဆိုလေ၏။

သြော် … မောင်ဘုန်း ထင်ထားသည့်အတိုင်း ကိုရွှေကား မိုက်ရင်း သေသည့် မိုက်သေကြီးအဖြစ် ရဲရဲ သွားရှာလေပြီ။ မိုက်ရာဇဝင် ထိုးခဲ့သူပေတကား။

သင်ကာ

နိုဝင်ဘာ ၂၀၊ ၂၀၁၂

Advertisements

Leave a comment

Filed under Short Story

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s