မတည့် အတူနေ

ကြောက်ရိုးကြောက်စဉ် တစ္ဆေ သရဲမျိုးတွေ ကြောက်တာမျိုး မဟုတ်မူ၍ လူတွေတွင် မူမမှန်သော အကြောက်တမျိုး ရှိတတ်၏။ ပေါက်တိပေါက်ရှာ ဥပမာ ပင့်ကူကို ကြောက်ခြင်း၊ အလုံပိတ် အခန်းကို ကြောက်ခြင်း၊ အမြင့်တက်ရမည်ကို ကြောက်ခြင်း၊ ကြံကြံဖန်ဖန် ရေချိုးရမည်ကို ကြောက်ခြင်းအထိ ရှိတတ်သေး၏။ ဤသည်ကို ဖိုဘီးယားဟု ခေါ်သည်။ မောင်ဘုန်း၏ ဖိုဘီးယားကား အိမ်မြှောင် ဖြစ်လေ၏။

ငယ်စဉ်က အိမ်မြှောင် ကျောပေါ်ပြုတ်ကျလျှင် အသက်ထွက်တော့မည်ကဲ့သို့ ထိတ်လန့်တတ်သူ ဖြစ်လေသည်။ မိချောင်းကိုသာ အမြီးပြေးဆွဲမည်၊ အိမ်မြှောင်ကို ထိရန်ထားဘိ၊ သေချာမျှ မကြည့်ဝံ့ဟူသော သတ္တိရှိသူမှာ မောင်ဘုန်း ဖြစ်၏။

အဘယ့်ကြောင့် ဤသို့ကြောက်ရကြောင်း အကြောင်း သတ္တုရှာသော် သူငယ်တန်းက ပြန်ကောက်ရပေမည်။ တောနေ စာသင်ကျောင်းတွင် တခြားကျောင်းသားတွေက မောင်ဘုန်းထက် ၁ နှစ်မှ ၃ နှစ်အထိ ကြီးကြသည်ချည်းသာ။ ဆရာ မလာ၍ အားလပ်လျှင် စကြနောက်ကြရာ၌ အိမ်မြှောင်ကပ်လျှင် လက်တို တတ်သည်ဟုလည်းကောင်း၊ အိမ်မြှောင်ဥ ကိုင်က လက်တို ဖြစ်တတ်သည်ဟု လည်းကောင်း လူကြီးတို့ ခြောက်တတ်သည်ကိုစွဲ၍ အိမ်မြှောင်ကို ကြောက်သည်တွင် ကျောင်းသားကြီးတို့ကလည်း ကြောက်မှန်းသိ၍ တိုးစရာမှ ဤသို့ မူမမှန်သော အကြောက်စွဲလေသတည်း။

ယခု မောင်ဘုန်းကား ၃၀ ကျော်ပြီ၊ အိမ်မြှောက်ကိုကား ကြောက်ဆဲတည်း။

စာတည်း အလုပ်လုပ်သောကာလ စာရွက်ပုံတို့နှင့် အညီအမျှ ပုလင်းခွံများ၊ စားကြွင်းအမှိုက်များ အခန်းတွင် ရှိမြဲဖြစ်လေသည်။ တညနေတွင် အမှိုက်ပုံထဲက တရွှတ်ရွှတ်အသံမြည်သဖြင့် ခါလတ်သော် အတန်ပင်သေးငယ်သည့် အိမ်မြှောင်တကောင်သည် ပုံးထဲရောက်နေသည်သိရသော် လန့်၍ လွှတ်ချလိုက်၏။

ဤအခန်းကို ငှားစက အိမ်မြှောင်၊ ပိုးဟပ် အလျဉ်းမရှိ။ ယခု သင်းတို့၏ အဖော်အဖက် ခိုအောင်းရာ စာအုပ်တွေ၊ အမှိုက်တွေ ဒင်းကြမ်းကြောင့် တခြားဧည့်သည်မလာမူ၍၊ အိမ်မြှောင် ရောက်လာပြီ။

မောင်ဘုန်းကား အတော်စိတ်ညစ်သွား၏။ ဤအိမ်မြှောင် မဟုတ်သည့် အခန်းမြှောင်ကို မည်သို့ နှင်ရအံ့နည်း။ သို့သော် အနှီသတ္တဝါတော် မပေါ်မလာ၍ မေ့မေ့ပျောက်ပျောက်ပင် ရှိ၏။

သုံးပတ်မျှ ကြာသော် အလုပ်ကအပြန် ရေခဲသေတ္တာ ဖွင့်၍ ရေပုလင်းယူရာ သတ္တဝါတခုသည် ဗူးနောက်မှ ရွှတ်ကနဲ ခုန်ဆင်းပြေးဝင်လေသည်။ တခြားဗူး၊ ပန်းကန်တို့ကို အသာတွန်း၍ ကြည့်လေသော် ရေခဲရိုက်ထားသကဲ့သို့ ဖြူဖတ်ဖြူရော်နှင့် အိမ်မြှောင်ငယ်ကို မြင်လေသည်။

ဒင်းကား ယမန်နေ့ ညသန်းခေါင်းက မောင်ဘုန်း ရေဖွင့်အသောက် လှစ်ကနဲ ဝင်ခြင်း ဖြစ်နိုင်သည်။ ရေခဲသေတ္တာသည် အလွန်လုံရကား ဒင်းအလွယ် မဝင်နိုင်။ မူးမူးနှင့် ညသန်းခေါင်း ရေထသောက်သည်တွင် မီးလင်းလင်းမြင်၍ ဝင်စပ်စုခြင်း ဖြစ်နိုင်သည်။ ပိတ်ထားလျှင် သေတော့မည်၊ မပိတ်လျှင်လည်း လက်ဖက် ပန်းကန်၊ အကြော်ပန်းကန်တွေထဲ လျှောက်ဝင်နေချေဦးမည်။

အနီးကပ်ကား မမောင်းဝံ့၊ လက်ကိုင်တံရှည်သော ကြက်မွှေးကို အားကိုးရ၏။ ဒင်းကား ကြောက်အား လန့်အားဖြင့် မထွက်၊ မောင်ဘုန်းလည်း ကြက်မွေးဖြင့် မနာအောင် ဆွဲတွန်းထုတ်၏။

ဤနေရာ၌ ကံမကောင်း အကြောင်းမလှသည်ကား ရေခဲရိုက်ထားဘိသကဲ့သို့ ဖြစ်နေသည့် အိမ်မြှောင်၏ အမြီးသည် အလွန်နူးညံ့သည့် ကြက်မွေးဒဏ်ကိုမှ မခံနိုင်ဖြစ်ပြီးလျှင် ထောက်ကနဲ ပြတ်ကာ အပြင်သို့ လွင့်လေရာ ဘယ်သို့ ရောက်သည် မသိ။

မောင်ဘုန်းလည်း နင်းမိမည်ကို စိုးသည်နှင့် ဘွတ်ဖိနပ် ပြေးစွတ်က ကောင်းအံ့လောဟု တွေးမိသေးသည်။ သို့သော် အဖြစ်သည်းရာကျမည်။

အတန်ငယ် အားထုတ်၍ ခြောက်ထုတ်မှ ဒင်းကား ရေခဲသေတ္တာ အပြင်သို့ရောက်ကာ ကားရားကားရားနှင့် မှန်ဘီရိုဘက် ပြေးလေသည်။ အမြီးကား တဝက်မျှ ကျန်၏။ ပြတ်သော အိမ်မြှောင်အမြီးသည် ပြန်ထွက်တတ်ရကား တော်သေး၏ဟု စိတ်သက်သာရာရသည်။ သို့ရာတွင် အမြီးပြတ်ကို ရှာမတွေ့သဖြင့် သောက ရောက်သေးသည်ဟူ၏။

ဒင်း ဒီလောက် ရေခဲရိုက်အေးနေမှဖြင့် ဘီရိုအောက် စာအုပ်ပုံကြားတွင် ဝင်ကာ သေမည်မုချဟု မမြင်ချင်သော စေတနာဖြင့် အပိုင်ပင် ထွက်ထားလိုက်၏။

ဤသို့ဖြင့် မေ့ပျောက်နေပြန်ရာ အနှီ ဘီရိုအောက် ဂျောင်ထဲမှာ ဒင်းသေပြီလား၊ ချောင်းများနေသလားဟု တခါတရံ တွေးမိရာမှ ကြာသော် မေ့ပျောက်နေပြန်၏။

တခုသော ညနေ၌ အမှိုက်များကို သွန်မည်ဟု ပုံကို ခလောက်သည်ရှိသော် ဖလူးကနဲ အကောင်ထပြေးသဖြင့် လန့်ဖြန့်ပြီး နောက်သို့ အဆုတ်တွင် ဒင်း အမြီးပြတ်ကို ပြန်ဆုံရလေသည်တကား။ မတိုမရှည်သော အမြီးပြတ်ကို အသာမတဲ့ပြီးလျှင် လျှင်မြန်သော ပြေးခြင်းဖြင့် ပြေးလေသည်။ ပြတ်သော အမြီးပင် ပြန်ရှည်ထွက်နေပြီး ကိုယ်လုံးကိုယ်ဖန်ပင် တောင့်လာသေးတော့သည်။

သူသည် ဘီရိုအောက်သို့သာ တချိုးတည်း လစ်လေ၏။ ထိုခန၌ မောင်ဘုန်းတွင် ထူးဆန်းသော စိတ်၊ စေတသိကတို့သည် ပေါ်လာကုန်၏။ ပထမကား မြင်ရ၍ လန့်၏။ ဒုတိယံပိကား မသေသေးဟု သိရ၍ ပျော်သလိုလိုဖြစ်သည်။ တတိယ၌ကား ဒင်းရှိနေရင် အနှိုက်အချွတ် ဆင်ခြင်ဦးမှဟု အကြောက်တရားပေါ်ပြန်၏။ ထူးဆန်းသော လူ့စိတ်ပေတကား။

နောက်တနေ့ နံနက် အလင်းမိုးသောက်သော် မောင်ဘုန်းကား အဝတ်တောင်းကို မယူခင်မြည်သံပေး၏။ အမှိုက်ပုံးကို မဆွဲခင် ခေါက်ခက် အသံပြု၏။ ရေခဲသေတ္တာ တဝိုက် ဟိုဟာကိုင်သလို ဒီဟာကိုင်သလို အသာပုတ်၏။ ထိုထိုနေရာများ၌ ဒင်းရှိနေသော စောစော ပြေးစေခြင်း အလို့ငှာဖြစ်သည်။

ထိုသို့ပြုလျက်လည်း ပြုံးမိ၏။ အခြားမဟုတ် ဤအခန်းကျဉ်းကလေးထဲ၌ အရွယ်အစား မတူစေကာမူ ရုပ်နှင့် စိတ် တွဲလျက်ရှိသော သတ္တဝါ နှစ်ဦးတို့ တဦးကိုတဦး ကြောက်ရွံ့ကြလျက် သတိပေး၍ နေကြလေသည်တကားဟု တွေးတောမိသောကြောင့် ဖြစ်လေသတည်း။

သင်ကာ

နိုဝင်ဘာ ၁၉၊ ၂၀၁၂

Advertisements

1 Comment

Filed under Short Story

One response to “မတည့် အတူနေ

  1. ကာတွန်အောင်ရှိန်လဲ အိမ်မြောင်ကြောက်တစ်ဦးပင်တည်း၊ သို့သော်သူ၏လက်မှတ်တွင် အိမ်မြောင်တစ်ကောင်အမြဲပါလေသည်တကား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s