ရခိုင်ပြည်နယ် ပဋိပက္ခ ဆင်ခြင်ချက်များ

 

ရခိုင်ပြည်နယ် ပဋိပက္ခ ဆင်ခြင်ချက်များ

(၁) ဒီအမြင်နဲ့ သုံးသပ်ချက်တွေက ကျနော့်ရဲ့ ဖြတ်သန်းမှု၊ ဖတ်ရှုလေ့လာသလောက်နဲ့ ရရှိနေတဲ့ သတင်းအချက်များအပေါ် ဆင်ခြင်သုံးသပ်မှုသာ ဖြစ်ပါတယ်။ အတ္တနောမတိကို အခြေခံပြီး ပုဂ္ဂလိက ဆင်ခြင်သုံးသပ်ချက် ဖြစ်လို့ မှန်တယ်/မှားတယ်၊ ပိုတယ်/လိုတယ်၊ ဘက်လိုက်တယ်/မလိုက်ဘူး၊ အဂတိ ကင်းတယ်/မကင်းဘူး ဆိုတာတွေဟာ ကိုယ့် အဓိပ္ပာယ် ကောက်ယူမှုနဲ့ ကိုယ်၊ တသီးပုဂ္ဂလ တုံ့ပြန်ချက်လို့ပဲ မြင်ပါမယ်။

(၂) ပြဿနာ ရင်းမြစ်များ – ပြဿနာတွေကို အကြောင်းရှာတဲ့အခါ အထွေထွေ အပေါ်ယံသမိုင်း၊ ပထဝီဝင် အချက်အလက်များ အောက်မှာ “အုပ်ချုပ်သူ အာဏာပိုင်တွေ” နဲ့ “ပြည်သူလူထု ကိုယ်တိုင်” လို့ ရှုပ်ထွေးတဲ့ ရှည်လျားတဲ့ သမိုင်းမြစ်ဖျားခံ ရင်းမြစ် နှစ်ခုကို တွေ့တယ်။

(၂-က) အုပ်ချုပ်သူ အာဏာပိုင်ဆိုရာမှာ ဟိုး ပါလီမန်ခေတ်က နိုင်ငံရေးအတွက် ရိုဟင်ဂျာကို ထည့်ကစားခဲ့တာတွေ၊ ရိုဟင်ဂျာ ဘာသာနဲ့ ရေဒီယို အသံလွှင့်ခွင့်ပြုတာတွေကနေ နောက်ပိုင်း စစ်အစိုးရရဲ့ အထီးကျန် အုပ်ချုပ်မှုအောက်မှာ ဒီ မွတ်စလင် (အသုံးအနှုန်း ပြဿနာမှာ ရှု) တွေကို ရခိုင်ပြည်နယ်ထဲမှာပဲ ချောင်ပိတ်ထားခဲ့တာ၊ နယ်စပ်ခြံစည်းရိုးမှာ အာဏာပိုင်တွေ လာဘ်စားပြီး တရားဥပဒေစိုးမိုးရေး မရှိခဲ့တာကနေ ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ မွတ်စလင်များကို အသုံးချခဲ့တာတွေအထိ တဆစ်စီ ပြန်လှန်ရလိမ့်မယ်။

(၂-ခ) ပြည်သူတွေဆီက လာတဲ့ ပြဿနာဟာ အထက်မှာ ဆိုခဲ့တဲ့ နိုင်ငံရေးကစားကွက်တွေ ရွှေ့တာကို ထပ်ဆင့်ပြီး ပေါက်ကွဲလာတဲ့ ပြဿနာ ဖြစ်တယ်။ အပြန်အလှန် သတ်ဖြတ်မှုတွေ ဖြစ်စေခဲ့တဲ့ မူဂျာဟစ်ဒင် ပြဿနာတွေ၊ ချောင်ပိတ်မိနေတဲ့ မွတ်စလင်များရဲ့ လူဦးရေ တိုးပွားမှုနှုန်း၊ ပြည်နယ် ဖြတ်သန်းမှုတွေ တင်းကျပ် ပိတ်ပင်ထားတဲ့အတွက် ရခိုင်တိုင်းရင်းသားများက မတူတဲ့ ဘာသာရေး၊ ယဉ်ကျေးမှု နှစ်ခုနဲ့ အတူနေပြီး အဲဒီဒဏ်တွေကို တချိန်လုံး ခံရမှုများဟာ ဆက်စပ် ဖြစ်ပေါ်လာတဲ့ ပြဿနာများ ဖြစ်ပါတယ်။ ပြည်မမှာ နေသူများဟာလည်း ကုလား (အသုံးအနှုန်း ပြဿနာမှာ ရှု) နဲ့ တရုတ်အပေါ် လုံးဝ ကြည်ဖြူမှု ရှိမနေခြင်းဟာလည်း ရခိုင်အရေးမှာ တပြည်လုံး ပါလာပြီး Public opinion ဖြစ်လာကာ ပဋိပက္ခကို အထိနာစေတဲ့ ဆူးတခုဖြစ်တယ်။

(၃) အသုံးအနှုန်းပြဿနာ – ကုလား၊ ရိုဟင်ဂျာ၊ ဘင်္ဂါလီ၊ မွတ်စလင်

(၃-က) ကုလားဆိုတဲ့ အသုံးအနှုန်းဟာ နှိမ်တဲ့ အသုံးအနှုန်းဆိုပြီး ပြဿနာ ပေါ်နေတယ်။ မြန်မာတွေက ဟိန္ဒူ၊ မွတ်စလင်၊ ပန်ချာပီ အပါအဝင် အာရတ်များအထိ ကုလားလို့ အရပ်သုံး သိမ်းကြုံး သုံးနှုန်းလာကြတယ်။

(၃-ခ) ရိုဟင်ဂျာ – သမိုင်းဆရာများ၊ မနုဿဗေဒ ပညာရှင်များ၊ ဘာသာဗေဒပညာရှင်များ ကိုယ်တိုင် မရှင်းနိုင်တဲ့ အသုံးအနှုန်းဖြစ်တယ်။ ဒီအသုံးအနှုန်းရဲ့ နောက်ကွယ်မှာ နိုင်ငံရေးဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာ၊ လူ့အခွင့်အရေးဆိုင်ရာ၊ ရပိုင်ခွင့်ဆိုင်ရာဆိုတဲ့ မဆုံးနိုင်တဲ့ သမိုင်းချီ ပြဿနာတွေကို ကြိုကန်ပြီး အကြီးအကျယ် ကွဲလွဲနေကြတာဖြစ်တယ်။

(၃-ဂ) ဘင်္ဂါလီ – ဘင်္ဂလားဒေ့ရှ်ကတောင် မြန်မာပြည်က မွတ်စလင်တွေကို ဘင်္ဂါလီလို့ သုံးတာ သဘောမတွေ့တာ ဖတ်ရပါတယ်။ ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းရာချီပြီး ရခိုင်တိုင်းရင်းသားများနဲ့ အတူနေခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးတွေကလည်း သူတို့ဟာ ဘင်္ဂါလီမဟုတ်ဘူးလို့ ဆိုကြပါတယ်။

အထက်ပါ အသုံးအနှုန်းပြဿနာ အရပ်ရပ်ကို ရှောင်လွှဲဖို့ မွတ်စလင်ဆိုတဲ့ အသုံးဆီ ဦးလှည့်သွားကြပါတယ်။

(၃-ဃ) မွတ်စလင် – ကုလား၊ ရိုဟင်ဂျာနဲ့၊ ဘင်္ဂါလီ ဆိုတဲ့ အသုံးတွေကို ရှောင်လွှဲဖို့ မွတ်စလင်ဆိုပြီး သုံးလာကြပါတယ်။ ဒီလို မွတ်စလင်လို့ သုံးတာဟာလည်း ရခိုင်ပြည်နယ် ပြင်ပရှိ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်များနဲ့ ရောထွေးပြီး ပြဿနာ ရှုပ်ထွေးနိုင်တယ်လို့ ယူဆကြပြန်ပါတယ်။

(၃-င) အလွတ်သဘော ကိုယ့်ဖာသာ လေ့လာကြည့်တဲ့အခါမှာ အသုံးအနှုန်းတွေနဲ့ ပတ်သက်လို့ “ကုလား” – ပြဿနာနဲ့ ကန့်ကွက်မှု ၁၀၀ ရာခိုင်နှုန်း၊ “ရိုဟင်ဂျာ” – ပြဿနာနဲ့ ကန့်ကွက်မှု ၈၀ ရာခိုင်နှုန်း၊ “ဘင်္ဂါလီ” – ပြဿနာနဲ့ ကန့်ကွက်မှု ၇၀ ရာခိုင်နှုန်းနဲ့၊ “မွတ်စလင်” – ပြဿနာနဲ့ ကန့်ကွက်မှု ၄၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ အကြမ်းဖျဉ်း ပြောချင်ပါတယ်။ (မီဒီယာကော်မန့်များ၊ ဖေ့စ်ဘုတ် ဆွေးနွေးချက်များနဲ့ အလွတ်သဘော သဘောထား မေးမြန်းချက်များအပေါ် အကြမ်းဖျဉ်း ယူတာပါ)

(၄) နောက်ဆုံး ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ယင်းအပေါ် တုံပြန်ရိုက်ခတ်မှုများဟာ လူမျိုးရေးနဲ့ ဘာသာရေး ပြဿနာ မဟုတ်လို့ အစိုးရတာဝန်ရှိသူများ၊ မီဒီယာများက ထိမ်းသိမ်းပြီး ရေးသား ဖော်ပြကြပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးကို ရှေးရှုဖို့နဲ့ ပဋိပက္ခတွေ မကြီးထွားရေးအတွက် လုပ်ကို လုပ်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒါတွေ ထည့်မတွက်ဘဲ အရပ်တွေး မထောက်မညှာတွေးလိုက်ရင် လူမျိုးရေး၊ ဘာသာရေး ပြဿနာဆိုတာ ငြင်းဖို့ ခက်ပါတယ်။ ဒါကိုလည်း ပညာရှင်များ၊ လေ့လာသူများက စတင် ထောက်ပြနေကြပါပြီ။ ဒီလို အနာရင်းလာတာတွေကလည်း အပိုဒ် (၂-က) နဲ့ (၂-ခ) ပြဿနာတွေကို စစ်စစ်ပေါက်ပေါက်တွေးရင် မြစ်ဖျားခံတာတွေကို မြင်နိုင်မှာပါ။

(၅) ရပ်တည်ချက် အကွဲအပြဲများ – လူမျိုး အချင်းချင်း ကွဲကွဲ၊ ဘာသာရေးအရ ကွဲကွဲ၊ အစိုးရနဲ့ လူထုပဲ ကွဲကွဲ၊ လူထုနဲ့ မီဒီယာပဲကွဲကွဲ၊ ပြည်တွင်းနဲ့ ပြည်က ပါဝင်ပတ်သက်လာသူတွေပဲ ကွဲကွဲ ရှိသမျှ အကွဲတွေကို ချုပ်လိုက်ရင် (က) လူမျိုးရေးကို အခြေခံပြီးကွဲတယ် (ရခိုင်၊ ဗမာတွေနဲ့ တဖက်က ဘင်္ဂါလီတွေ)၊ (ခ) ဘာသာရေးကို အခြေခံပြီး ကွဲတယ် (ဗုဒ္ဓဘာသာဝင်နဲ့ အစ္စလမ် ဘာသာဝင်)၊ (ဂ) ခံယူချက်ကို အခြေခံပြီး ကွဲတယ် (အမျိုးသားရေးဝါဒီများနဲ့ လူ့အခွင့်အရေး ရှုထောင့်က ကြည့်သူများ)။
ကွဲလွဲချက်တွေနဲ့ စပ်လျဉ်းရင် တယောက်ယောက်ဟာ တခုခုရဲ့ တဖက်ဖက်မှာ ရှိနေကြတာချည်းပါပဲ။ အားလုံးဟာ အကြောင်းပြချက် ကိုယ်စီရှိတယ်။ အဲဒီ ရပ်တည်ချက် အကွဲအပြဲကို ဆင်ခြင်တဲ့အခါ အောက်ပါ ချွတ်ယွင်းချက်တွေကို ပြဿနာအဖြစ် တွေ့မိတယ်။

(၆-က) လူမျိုးရေး အခြေခံ သဘောထားကွဲမှုမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်များရဲ့ အခြေအနေကို တခြား ကွာလှမ်းတဲ့ တိုင်းရင်းသားများနဲ့ မြို့ပြနေသူများက ရေရာစွာ မသိကြဘူး။ သာမန် လူထုမဆိုထားနဲ့ မီဒီယာတွေ ကိုယ်တိုင်ကလည်း အခင်းဖြစ်မှ သွားရောက်လေ့လာ၊ ရှုမြင်သုံးသပ်ကြတာဖြစ်ပြီး “ရေရှည် အမြစ်တွယ်လာတဲ့ ဇာစ်မြစ် ပြဿနာ” ကိုရော “အဲဒါကနေ ဆင့်ပွားလာတဲ့ မီးတောက် ပြဿနာတွေ” ကိုရော ရေရေရာရာ နားမလည်ကြဘူး။ နားလည်အောင် ရှင်းပြနိုင်သူတွေလည်း မရှိဘူး။ အားကိုးရမယ်လို့ ယူဆရတဲ့ နှစ်ဖက် သတင်းရင်းမြစ်များဟာလည်း သူတို့လိုရာကိုသာ ပုံသွင်းပြီး ပြောဆိုနေကြတာ များတယ်။ အဲဒါနဲ့ပဲ အပေါ်ယံပြဿနာတွေ အပေါ်မှာသာ ဝေ့လည်ပြီး လိုရင်းကို မတူးဆွနိုင်ဖြစ်နေကြတယ်။

လုပ်ပိုင်ခွင့်ရှိသူတွေကလည်း ရောဂါမသိတော့ ဆေးမြီတိုနဲ့ ဇွတ်ကုနေကြတယ်။

(၆-ခ) ဘာသာရေး အခြေခံ သဘောထားကွဲမှုမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး ခံစားချက် အငြိုးအတေး၊ အထိနာခဲ့မှုတွေကို ဆယ်စုနှစ်များစွာ လူထုထဲ စိမ့်ဝင်နေတဲ့ နှုတ်နဲ့ လက်ဆင့်ကမ်းပြောဆိုမှုတွေ၊ တိတ်တဆိတ် ခိုးဝှက်ဖတ်ရှုကြတဲ့ ရေးသားချက်တွေ၊ လူထုအတွင်း ဖြစ်နေတဲ့ သံသယတွေကို မီးရဲလာစေတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ ဖုံးလျှိုးကွယ်လျှိုး ဖြစ်နေတဲ့ တအုံနွေးနွေး ပြဿနာဟာ တကယ်လို့ အမြစ်က ဆွဲနှုတ်မယ်ဆိုရင်တောင် ဘယ်က စကြလိမ့်မလဲလို့ စဉ်းစားမရပါ။ ဒီလို လူထုအတွင်း ဖြစ်နေတဲ့ အမြင်မကြည်လင်မှုတွေ၊ သံသယတွေဟာ ချိန်ကိုက်ဗုံး ဖြစ်နေတယ်။

(၆-ဂ) ခံယူချက် အကွဲအပြဲကတော့ အမြင့်ဆုံး အထွဋ်အထိပ် ပြဿနာ ဖြစ်တယ်။ အရှင်းလင်းဆုံးပြောရရင် အမျိုးသားဝါဒီများဘက်က နေသူများရဲ့ လက်တွေ့ ပတ်ဝန်းကျင် သံသယများကနေ အနာဂတ် စိုးရိမ်ပူပန်မှုတွေအထိကို လူ့အခွင့်အရေးသမားတွေက သေချာနားမလည်၊ နားလည်ဖို့ မကြိုးစားသလို အသေးအဖွဲလို့ ထင်မြင်နေတယ်။ သမိုင်းနဲ့ချီပြီး ရှုပ်နေတဲ့ ချည်ခင်ကြီးကို လက်လှည့်စက်လှည့် ကိရိယာလေး ပေးလိုက်တာနဲ့ အလွယ်တကူ တဖြည်းဖြည်း ရှင်းလို့ရမယ်လို့ ထင်နေတယ်။ သူတို့ပေတံနဲ့ သူတို့ တိုင်းထွာနေကြတယ်။

ထို့အတူ အမျိုးသားဝါဒီများဘက်ကလည်း လူ့အခွင့်အရေး ခေါင်းစဉ်အောက်က ဝင်လာသူတွေဟာ ကိုယ်ကျိုးစီးပွား ကင်းလွတ်တဲ့နေရာတွေကနေ စွက်ဖက်သူတွေ၊ တလွဲဆံပင်ကောင်းနေသူတွေလို့ ဆန့်ကျင်တာကလွဲပြီး သူတို့ မမြင်တဲ့အချက်တွေကို ထောက်ပြ ချေပ သိမ်းသွင်းဖို့အတွက် အယူအဆတွေကို မပြနိုင်ဘူး။

အတိမ်းအစောင်းမခံတဲ့ အမျိုးသားရေးဝါဒရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဒါဟာ ကိုယ့်တိုင်းပြည်ရဲ့ ရေရှည်ပြဿနာဖြစ်ပြီး ပြင်ပရဲ့ အမြင်သဘောထားတွေ၊ “အန္တရာယ်ကြီးတဲ့ ဒါပေမယ့် တရားမျှတမှုရှိတယ်လို့ ယူဆနိုင်တဲ့” အတွင်းရေးပြဿနာ တောင်းဆိုမှုတွေဟာ ကာကယံရှင်များ ဆက်လက် ထမ်းပိုးရမယ့် အနာဂတ်ဆိုင်ရာကိစ္စကြီး ဖြစ်တယ်ဆိုတာ ခြေခြေမြစ်မြစ် ထောက်ပြ ချေပနိုင်ဖို့ လိုနေပါတယ်။

ခေတ်အဆက်ဆက် ဘယ်သူမှ သေချာစွာ လေ့လာမထားတဲ့၊ လေ့လာထားချက်တွေလည်း ခေတ်မမီတော့တဲ့ အချက်အလက်တွေအပေါ် ထပ်ဆင့် သုံးသပ် သုတေသနပြုမှုများ မရှိခဲ့တဲ့ ဒီ ပဋိပက္ခ ဇာစ်မြစ်သဘာဝကြောင့် ဘယ် ပညာရှင်၊ သုခမိန်ကမှ ဘယ်ဘက်ကိုမဆို နားဝင်အောင် လက်ခံအောင် ပြောနိုင်မယ့် အခြေအနေ လုံးဝ မရှိတာ တွေ့ရတယ်။

(၇) ဆင်ခြင်သုံးသပ်ခဲ့တာတွေကို ပြန်ကြည့်ရင် ဒီ ဇာစ်မြစ် မသေးလှတဲ့ ပြဿနာကြီးဟာ အစလည်း ရှိတာ သေချာပြီ၊ ရောဂါလက္ခဏာတွေလည်း ပေါ်ပြီ၊ အဆုံးမရောက်သေးတာ သေချာတယ်လို့ ဆိုချင်ပါတယ်။

အကောင်းဆုံး ဥပမာပေးချင်တာကတော့ အလွန်အင်မတန် ကျွမ်းကျင်ပြီး ပူးပေါင်းပါဝင်မှု အပြည့်ရှိတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးပညာရှင်များ အဖွဲ့ဟာ ဒီ နာတာရှည် ရောဂါ မရင့်တရင့် လူမမာပြဿနာကြီးကို အချိတ်အဆက်မိစွာ သင့်လျော်တဲ့ အတိုင်းအတာနဲ့ မေ့ဆေးပေးမှု၊ သတိကြီးတဲ့ ခွဲစိတ်မှု ဖြတ်တောက်မှု၊ သေချာတဲ့ ချုပ်လုပ်မှုတွေ အောင်မြင်အောင် အချိန်ယူ လုပ်ကိုင်ပြီးရင် ပြန်လည် နာလန်ထဖို့နဲ့ သက်ဆိုးရှည်ဖို့ အများကြီး လုပ်ယူမှ ဖြစ်တော့မယ် ဆိုတာပါပဲ။

သင်ကာ
နိုဝင်ဘာ ၅၊ ၂၀၁၂

Advertisements

Leave a comment

Filed under History, Politics, Review

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s