ပညာရေးစနစ် မြန်မြန် လမ်းပွင့်စေချင်

မကြာသေးခင်က ပူပူနွေးနွေး ပါရဂူဘွဲ့ရလာတဲ့ ဒေါက်တာ အသစ်ချပ်ချွတ်ကို အခန်းမှာ ဖြစ်သလို ဂုဏ်ပြုဧည့်ခံရင်း ပညာရေးအကြောင်း စကားစပ်မိကြတယ်။ ပညာရေး ချော်တာ လွဲတာတွေ၊ စပ်မိစပ်ရာတွေပေါ့လေ။ တလောကတော့ သမ္မတ အကြံပေး ဆရာကြီး ဒေါက်တာ ဦးမြင့်က ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာနဲ့ ဂုဏ်သိက္ခာကို ပြလည်တည်ဆောက်ဖို့ အကြံပေးအိတ်ဖွင့်စာ ဖတ်လိုက်ရသေးတယ်။ မြန်မာ့ အမျိုးသားပညာရေးကတော့ အများကြီး ပြန်လည် တည်ဆောက်ရဦးမယ့် ကိစ္စပေါ့။

စနစ်ပီပြင်ဖို့လိုတယ်

ခုက ဒေါက်တာ ပူပူနွေးနွေးနဲ့ စကားစပ်ရင်း သူကောလိပ်တက်တုန်းက ပြိုင်ဘက် ကျောင်းသူတယောက်အကြောင်း ပြောပြတယ်။ ကျောင်းကတော့ စက်မှုဆိုင်ရာကျောင်းပဲ ထားလိုက်ပါတော့။ အဲဒီကျောင်းသူဟာ နှစ်စဉ် ပထမချည်းပဲ စွဲတယ်။ ပြိုက်ဘက် ကျောင်းသားတွေဟာ သူ့ကို ဘယ်လိုမှ မကျော်နိုင်ဘူးတဲ့။ အဲဒါနဲ့ အဆင့်မြင့်ဘွဲ့ ပေါင်းကူးဖို့ ခေါ်ရော ဆိုပါတော့။ မြန်မာပြည်မှာကလည်း ဒီကျောင်းကအောင် ဟိုဘက် ပေါင်းကူး၊ ဟိုကျောင်းက Top Ten ဝင် ဒီဘက် ပေါင်းကူးစနစ်တွေ ပေါ်လိုက်ပျောက်လိုက် များခဲ့တာကိုး။

ခုနလို့ အဆင့်မြင့် ပေါင်းကူးခေါ်တဲ့အခါကျတော့ စက်မှု ဘာသာရပ် ဖြစ်တဲ့အတွက် ယောက်ျားလေးတွေကိုပဲ ခေါ်မယ်ဆိုတော့ အမြဲ နံပတ်တစ်ဖြစ်ခဲ့တဲ့ အဲဒီမိန်းကလေးဟာ ကျန်နေခဲ့ပါရောတဲ့။ အခုဆို သူနဲ့ စာပြိုင်ဖက် သူငယ်ချင်းတောင် ပါရဂူဒေါက်တာ ဖြစ်သွားပြီ၊ တခြားပြိုင်ဘက် ကျောင်းသားတွေလည်း ပြည်ပ ပညာတော်သင်တွေ ထွက်ကြလို့ ညွှန်မှူးတွေ၊ ကျောင်းအုပ်ကြီးတွေ ဖြစ်ကုန်ပြီ။ အဲဒီကျောင်းသူကတော့ အဲဒီ ကောလိပ်ဒီဂရီနဲ့ပဲ မထင်မရှားအလုပ်ကလေးတခုနဲ့ ဘဝကို ဖြတ်သန်းရင်း ဇာတ်သိမ်းနေရပါသတဲ့။

ပီပြင်တဲ့ ပညာရေးစနစ်မှာ ဒီလို တော်တဲ့သူတွေဟာ သေချာပေါက် နေရာရမှာဖြစ်သလို နိုင်ငံရဲ့ ဥာဏစွမ်းအား၊ လူ့စွမ်းအားအရင်းအမြစ်လည်း ဖြစ်ပါတယ်။ အခု နိုင်ငံပြုပြင်ပြောင်းလဲရေး ကာလမှာ အားလုံးက ပြောနေတာ လူ့စွမ်းအားအရင်းအမြစ် မရှိတဲ့ ကိစ္စပါပဲ။ ရှိနေဆဲ လူ့စွမ်းအား အရင်းအမြစ်တွေကို မြှင့်တင်ရမယ်။ နိုင်ငံတကာမှာ ပြန့်ကျဲနေတဲ့ မြန်မာ တတ်သိပညာရှင်တွေကို ပြန်စုစည်းနိုင်ရမယ်။ ဒါမှ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြင့်လာမယ်။

တပည့်မကောင်း ဆရာ့ခေါင်း

မိတ်ဆွေတယောက်က ပြောတယ်၊ သူတို့နယ်က အထက်တန်းကျောင်းကို နိုင်ငံခြားသားတဦး အလည်အပတ် ရောက်လာပါတယ်တဲ့။ ဒါပေမယ့် အင်္ဂလိပ်စာသင်တဲ့ ဆရာက အင်္ဂလိပ်လို မပြောနိုင်၊ စကားမပေါက် ဖြစ်နေလို့ သူ့အဖေရဲ့ မိတ်ဆွေကို သွားခေါ်ပြီး စကားပြောရပါတယ်တဲ့။ ဒါကတော့ Capacity ပြဿနာတွေပေါ့။

အဲဒီတော့ ဒီလို အဆင်ပြေသလို သင်နေရတဲ့ ဆရာက မွေးထုတ်တဲ့ တပည့်တွေက ဘယ်လို ဖြစ်လာမလဲ စဉ်းစားမိတယ်။ တက္ကသိုလ်တက်တုန်းက အဖြစ်အပျက် သွားသတိရမိတယ်။ အင်္ဂလိပ်စာပြတဲ့ နည်းပြက အသံထွက်တွေ မှားနေတယ်။ အဲဒါနဲ့ ပြောလည်း မပြောဝံ့တော့ သူ့အချိန် မတက်ဘဲ အပြင်ထွက်နေလိုက်တာများတယ်။

ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် အဆင်ပြေသလို ကရတဲ့ ခေတ်က ကုန်ပြီ။ နိုင်ငံတကာနဲ့ ရင်ဆိုင် တိုးရတော့မယ်။ အနာဂတ်တိုင်းပြည်အတွက် လိုအပ်မယ့် လူ့စွမ်းအားအရင်းအမြစ်တွေကို စနစ်တကျနဲ့ ပီပီပြင်ပြင် မွေးထုတ်နိုင်ဖို့ ပြင်ရမယ်။ ဥပမာ အဝေးသင်ပညာရေးစနစ်မှာ သိပ္ပံဘာသာတွဲတွေ ရှိနေတာ ဖြစ်သင့်ရဲ့လား၊ အဆင်ပြေရဲ့လား။

တို့နိုင်ငံက သူငယ်တန်း မတက်ခင်ကတည်းက အေ၊ ဘီ၊ စီ၊ ဒီ အော်ခဲ့တာလို့ ကြွားနိုင်ပေမယ့် အိမ်နီးချင်းနိုင်ငံတွေကို အခု ယှဉ်နိုင်ပြီလား။

ထိုင်းဥပမာ

အခု ပြည်ပြေးဖြစ်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လက်ထက်က လုပ်သွားတဲ့ အတုယူစရာ ပညာရေးပံ့ပိုးမှု စနစ်တခု ရှိတယ်။ သိတဲ့အတိုင်း ထိုင်းတွေက အင်္ဂလိပ်စာ သိပ်ညံ့တယ်။ သိရသလောက် ဟိုးအရင်က အလယ်တန်းအထိ အင်္ဂလိပ်စာ ပြဌာန်းထားတာ မရှိဘူး။ ကိုယ်တွေ့အရတော့ အခု တက္ကသိုလ်ထဲမှာတောင် တခုခု အင်္ဂလိပ်လို တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေကို မေးလိုက်ရင် တချိုးတည်း ပြေးတော့တာပဲ။

မစ္စတာ သက်ဆင်က ဘာလုပ်လဲဆိုတော့ အင်္ဂလိပ်ဘာသာကို မိခင်ဘာသာစကားနဲ့ ပြောတဲ့ တိုင်းပြည်က တက္ကသိုလ်ဘွဲ့ကြို၊ ဘွဲ့ရ၊ အလုပ်မရှိသေးသူတွေကို စေတနာ့ဝန်ထမ်းအဖြစ် ထိုင်းစာသင်ကျောင်းတွေမှာ လာရောက် သင်ကြားပေးကြဖို့ ဖိတ်ခေါ်လိုက်တယ်။ နေရာထိုင်ခင်းပေးတယ်၊ လစာ မဟုတ်ပေမယ့် သုံးစွဲနိုင်ဖို့ ငွေကြေးလည်း ပေးတယ်။ ပြောရရင် လစာပေးပြီး ခေါ်နိုင်လောက်အောင် မတတ်နိုင်လို့ဘဲ။

အဲဒီမှာ ရာနဲ့ချီတဲ့ စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာ သင်ပေးမယ့် နိုင်ငံခြားသား လူငယ်တွေ အများကြီး ရောက်လာပြီး သင်ကြားပေးခဲ့တဲ့အတွက် အခု ထိုင်းမျိုးဆက်သစ် လူငယ်တော်တော်များများ အပြောမရဲသည့်တိုင်၊ အရေး၊ အဖတ်လောက်ကတော့ အတန်အသင့် ဟုတ်လာကြတာ တွေ့ရတယ်။

တို့နိုင်ငံမှာတော့ အဲဒီလောက်အထိ လုပ်ဖို့ အဆင်မပြေရင်တောင် အင်္ဂလိပ်စာကို မှန်မှန်ကန်ကန် ဌာန်ကရိုင်းကျကျ သင်နိုင်မယ့်သူတွေ၊ ဌာနေ အင်္ဂလိပ်စာကားပြော ဆရာတွေကို အလျဉ်းသင့်သလို ခေါ်ယူသင်ကြားပေးဖို့၊ အစကောင်းအောင် ပြူစုပျိုးထောင်ဖို့ လုပ်ဆောင်သင့်ပါပြီ။ တခြားဘာသာရပ်တွေလည်း ထို့နည်းတူပါပဲ။

တိုးတက်တဲ့ နိုင်ငံကြီးတွေက တက္ကသိုလ်တွေ၊ ကောလိပ်တွေ လာရောက်ဖွင့်လှစ်ကြမယ်လို့ သဲ့သဲ့ကြားနေရတဲ့အတွက် ဝမ်းမြောက်ပါတယ်။ ပညာရေးစနစ်ကြီး ပီပြင်လာရင် ကိုယ်ရရှိတဲ့ ဘွဲ့အပေါ် ဂုဏ်ယူမယ့်၊ သင်ယူခဲ့တာတွေကို တကယ်တတ်မြောက်တဲ့ လူငယ်တွေ ဖြစ်လာကြပြီး မကြာတော့တဲ့ အနာဂတ်မှာ ဘွဲ့ရ အလုပ်လက်မဲ့ဆိုတဲ့ ဝေါဟာရ ပျောက်ကွယ်သွားဖို့ မျှော်လင့်မိပါရဲ့ ။ ။

မောင်ဘုန်း
The Sunday
မေ၊ ၂၀၁၂

Advertisements

Leave a comment

Filed under Article, Education

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s