မယုံရင် ပုံပြင်မှတ်လို့ ပြောနိုင်တဲ့ခေတ်

မကြာသေးခင်က သမ္မတဦးသိန်းစိန် ညွှန်ကြားချက်နဲ့ မြန်မာနိုင်ငံသားတိုင်း ကားဝယ်နိုင်အောင် စီစဉ်နေပြီလို့ ကြေညာလိုက်တာ ဖတ်ရတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာမို့ ကြိုဆိုရမယ့် အစီအစဉ်ပါပဲ။ မြန်မာနိုင်ငံက ကားဈေးဟာ နိုင်ငံခြားသားတွေ မျက်လုံးပြူးလောက်အောင်ကို မြင့်မားလွန်းတယ်။ မြန်မာပြည်က ကားစုတ်တစီးရဲ့ တန်ဖိုးဟာ နိုင်ငံခြားမှာ မာစီဒီးအသစ်စက်စက် ဝယ်လို့ရတယ်လို့တောင် ပြောစမှတ်ပြုရတယ်။

မင်းတို့နိုင်ငံ ချမ်းသာတယ်

ပြီးခဲ့တဲ့နှစ်များဆီက နိုင်ငံခြားသား ဧည့်သည်တယောက် လာတယ်။ ပြည်လမ်းပေါ်မောင်းနေရင်း ကားဈေးတွေ စကားစပ်မိတော့ သူတော်တော် အံ့သြသွားတယ်။ မင်းတို့မြန်မာတွေ ဒီလို မော်ဒယ်နိမ့် ကားအစုတ်ကို ဈေးအဲသလောက် ပေးပြီး ဝယ်စီးကြတာ တော်တော် ချမ်းသာလို့ပေါ့လို့ မှတ်ချက်ချတယ်။

ကားဈေးနဲ့ ကားပါမစ်ဈေး အတူတူလောက်ဖြစ်နေတာ၊ မြန်မာပြည်မှာ ကား Show Room တွေ မရှိတာ၊ ကားတင်သွင်းခွင့်ကို လူနည်းစုက လက်ဝါးကြီးအုပ်ထားတာ စသည်ဖြင့် တထွေးကြီး ရှင်းပြရမလိုပါပဲ။

ထို့အတူ တခါက နိုင်ငံခြားတက္ကသိုလ်တခုမှာ အခြေခံလူတန်းစား လက်လှမ်းမီသုံးစွဲနိုင်အောင် အစိုးရတရပ်ရဲ့ စီစဉ်ပေးမှုအကြောင်း ဆွေးနွေးကြတော့ မြန်မာပြည် မိုဘိုင်းဖုန်းဈေးကွက်အကြောင်း ရောက်သွားတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေကလာတဲ့ ကျောင်းသားတွေရော၊ အမေရိကန်၊ ဥရောပက လာတဲ့ ကျောင်းသားတွေရော ကိုယ့်နဖူးကိုယ်ရိုက်ပြီး တဟိုက်ဟိုက်နဲ့ မြန်မာပြည် မိုဘိုင်းဖုန်းဈေးကို အံ့သြကုန်နိုင်ဖွယ် ဖြစ်နေကြတယ်။

ဒီလောက်ဈေးကြီးတာ ဝယ်ကိုတဲ့သူ ရှိသလားမေးတော့၊ ရှိတာပေါ့ အများကြီးပဲ၊ တချို့ဆို နှစ်လုံးလောက် ကိုင်ထားသေးတာ၊ ငါတို့သာ မကိုင်နိုင်တာလို့ ပြောတော့ “ဒါမျိုးတွေ လောကမှာ ရှိသေးလား” ဆိုတဲ့ မျက်နှာနဲ့ ကျုပ်တို့ မြန်မာတွေကို တအံ့တသြ ဝိုင်းကြည့်နေကြလေရဲ့။

ဘာဖြစ်ဖြစ် လူအများအတွက် ကောင်းတယ်

အခု ကားဝယ်ခွင့် ပြုမယ်လို့ ကြေညာတော့ ကားဈေးတွေ ရုတ်တရက် ပြုတ်ကျသွားတယ်။ ထို့အတူ နိုင်ငံခြားဝင်ငွေရှိလို့ ကားသွင်းခွင့် ပါမစ်ရှိသူ၊ ပါမစ်ဝယ်ထားသူတွေလည်း ပါမစ်ကနေ စာက္ကူသာသာ ဖြစ်ကုန်တယ်။ ပါမစ်နဲ့ ကားတွေဝယ်ထားတဲ့သူတွေကလည်း ကားရပ်ထားရင်းကို သိန်းဆယ်ဂဏန်းချီ အလိုလို အရှုံးပေါ်ကုန်တယ်။

အစိုးရကလည်း မထင်မှတ်တာကို ကြေညာလိုက်တာ ဖြစ်တဲ့အတွက် ကားပါမစ်ဝယ်ရောင်း၊ ပါမစ်နဲ့ ကားဝယ်စုပြီး ဈေးကစားသူတွေ ပိုက်ဘောမိ အရှုံးပေါ်ကုန်ပေမယ့် တဖက်မှာတော့ မြန်မာနိုင်ငံသားတိုင်း ကားဝယ်ခွင့် ပြုလိုက်တာမို့ ကားဈေးကွက် ထိန်းချုပ်မှု လျော့လျဲပြီး ကားဈေးတွေ ကျသွားမယ်။ ငွေကြေးအနည်းငယ်တတ်နိုင်သူ လူအများစု စီးလာနိုင်မယ် ဆိုတဲ့ အချက်တွေကြောင့် အင်မတန် သင့်မြတ်ကောင်းမွန်တဲ့ အစီအစဉ်လို့ ပြောရမှာပါပဲ။

အခြေခံလူတန်းစားတွေ လက်လှမ်းမီဖို့

ကားတွေ ဈေးလျှော့တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အခြေခံလူတန်းစားလက်လှမ်းမီဖို့တော့ မလွယ်သေးပါဘူး။ နည်းနည်းအဆင့်မြင့်တဲ့ လူလတ်တန်းစားတွေတောင် လက်လှမ်းမီဖို့ ခက်နေပါဦးမယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ သေချာတဲ့ လခနဲ့ အလုပ်တခုရပြီဆို ဘဏ်မှာ အရစ်ကျနဲ့ ကားဝယ်စီးလို့ရတယ်။ အိမ်ဝယ်လို့ရတယ်။ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းတွေလည်း ပီပီပြင်ပြင်လည်ပတ်လာပြီ။ ဝင်လာမယ့် စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့် လူတွေ အလုပ်အကိုင် လခတူတူတန်တန်ရလာပြီဆို ဘဏ်တွေကလည်း ဒီလို အရစ်ကျနဲ့ ဝယ်ယူတာမျိုး စီစဉ်ပေးလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မိုဘိုင်းဖုန်းဈေးတွေလည်း ယခင်က သိန်း ၃၀၊ ၄၀ ကနေ အခု အနည်းဆုံး ၂ သိန်းအထိ ဈေးချပြီး ရောင်းနေတာ တွေ့ရတယ်။ ၂ သိန်းကိုအမြတ် ၂ သောင်းကနေ ၅ သောင်းတင်ရောင်းတာတို့၊ လိုသလောက် ဝယ်လို့မရတာတို့ စတဲ့ ပြဿနာတွေလည်း ကြားနေရတယ်။ ဒါပေမယ် ဒါတွေက ခဏပန်းပြဿနာတွေလို့ ထင်ပါတယ်။

မိုဘိုင်ဖုန်းဈေးက ဒီ့ထက်ကျသင့်တယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ အခု မြန်မာပြည်က ၂ သိန်း၊ ၂ သိန်းခွဲနဲ့ ရောင်းနေတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကတ်ကို လေဆိပ်လို နေရာတွေမှာ အလကားပေးတာပါ။ အဲဒီ ဆင်းမ်ကတ်ကို ဖုန်းထဲထည့်ပြီး သုံးမှ ဖုန်းခေါ်ဆိုခ ဝန်ဆောင်မှုကို အခကြေးငွေ ယူတာဖြစ်တယ်။

မြန်မာနိုင်ငံမှာတော့ နှစ်နဲ့ချီ ထိန်းချုပ်မှုကနေ တဖြည်းဖြည်း ဖြေလျှော့တာဆိုတော့ ကမောက်ကမတွေ မြင်နေရသေးတယ်။ တကယ်ဆို မိုဘိုင်းဖုန်းက လူတိုင်းလိုလို ကိုင်နိုင်ရမယ့် အခြေအနေ ဖြစ်ကို ဖြစ်ရမှာပါ။ ခုန ကားကိစ္စမှာ ပြောခဲ့သလိုပဲ အနည်းစု ထိန်းချုပ်မှုကို ဖွင့်ပေးလိုက်တာနဲ့ ဈေးက ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းဆီ ထိုးကျသွားမှာပါပဲ။

ထိန်းချုပ်မှုနဲ့ လက်ဝါးကြီးအုပ် အမြတ်ရှာရင် ဒီလို လူတိုင်းသုံးနိုင်ရမယ့် ပစ္စည်းတွေဟာ ရေပေါ်ဆီလူတန်းစားအတွက်ပဲ ဖြစ်သွားမှာပါပဲ။ အစိုးရက ဒီအချက်တွေသိမြင်ပြီး လူထုမျက်နှာကို ကြည့်တဲ့အနေနဲ့ လက်ဝါးကြီးအုပ်မှု အတားအတီးတွေကို ဖယ်ပစ်၊ စီးပွားရေးလုပ်ငန်းတွေ ဈေးကွက်အတွင်းမှာ လွတ်လွတ်လပ်လပ် ပြိုင်ဆိုင်ခိုင်းလိုက်ရင် တနေ့မှာ မိုဘိုင်းဖုန်း ဆင်းမ်ကတ်တွေ အလကားယူကြပါဆိုပြီး ပေးတဲ့နေ့ ရောက်ဦးမှာပါ။

တချိန်တုန်းက ကားတစီးကို သိန်းဘယ်နှထောင်၊ မိုဘိုင်းဖုန်း ကိုင်နိုင်ဖို့ သိန်း ဘယ်နှဆယ်ဆိုတာတွေ နောက်လာနောက်သားတွေကို မယုံပုံပြင်မှတ်လို့ ပြောပြရတဲ့ခေတ် ရောက်စေချင်ပါပြီ။

မောင်ဘုန်း

The Sunday
မေ ၁၂၊ ၂၀၁၂

Advertisements

Leave a comment

Filed under Article

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s