Media and IT

မီဒီယာနဲ့ အိုင်တီ

တခါလာလည်း အင်တာနက်အကြောင်းကနေ မထွက်တော့ဘူးလို့ မပြောပါနဲ့။ ဒီတခါလည်း အင်တာနက်၊ အွန်လိုင်းနဲ့ ပတ်သက်တာပဲ ပြောဦးမလို့ပါ။ တို့တွေက အင်တာနက်ကြီးဆိုတာ လိပ်လိုနှေးနဲ့ ခေတ်နဲ့ ဖြတ်သန်းခဲ့ရတော့ အင်တာနက်နဲ့ ထိတွေ့မှုဆိုတာလည်း အထနှေးခဲ့ကြတယ်။ ခုခေတ်မှာတော့ အီးမေးလ်၊ ဘလော့ဂ်၊ ဝက်ဘ်ဆိုဒ်၊ လူမှုကွန်ရက် ဆိုတာတွေကို မြန်မာ လူကြီးလူငယ် အသိုင်းအဝိုင်းတွေကြား ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပါပြီ။

ဒီဘက်နှစ်တွေမှာ ပြည်တွင်းက နာမည်ကြီး မီဒီယာတချို့လည်း ဝက်ဘ်ဆိုဒ် လွှင့်တင်တာတွေ၊ ဖေ့စ်ဘုတ်လို့ လူမှုကွန်ရက်ကနေ အချိန်နဲ့တပြေးညီ သတင်းတင်ပေးနေတာတွေ၊ အီးမေးလ်ကတဆင့်ပို့တဲ့ သတင်းစဉ် (News Letter) တွေ လုပ်လာတာ တွေ့ရတယ်။ ဒါပေမယ့် အရှေ့တောင်အာရှ ဒေသတွင်း အတိုင်းအတာ၊ နိုင်ငံတကာအတိုင်းအတာနဲ့ဆိုရင် အင်မတန်မှ အရေအတွက် နည်းနေသေးတယ်။ ဆိုတော့ အွန်လိုင်းမီဒီယာက ဂျာနယ်လက်ပွေ့ရောင်းသလို အကျိုးအမြတ် မရဘူးလို့ ထင်မြင်လို့လား၊ သို့မဟုတ် စာနယ်ဇင်းသမားတွေကပဲ အိုင်တီနဲ့ စိမ်းနေသေးလားဆိုတဲ့ မေးခွန်းနှစ်ခု ထုတ်စရာရှိနေတယ်။

အွန်လိုင်းမှာ တင်ရင် အကျိုးအမြတ် မရဘူးလား

အီလက်ထရွန်းနစ် မီဒီယာ (Electronic Media) လို့ ခေါ်တဲ့ အွန်လိုင်း သတင်းဝက်ဘ်ဆိုဒ်တွေကို သုံးပြီး ငွေရှာတဲ့စနစ်မျိုးက မြန်မာနိုင်ငံရဲ့ အင်တာနက် အခြေခံအဆောက်အဦ အားနည်းသေးတာကြောင့် ခေတ်စားမှု မရှိသေးဘူး။ တခြားနိုင်ငံတွေမှာတော့ ကြော်ငြာက ရတဲ့ဝင်ငွေ၊ သတင်းတွေ ပြန်ရောင်းလို့ရတဲ့ ဝင်ငွေ စတာတွေနဲ့ သီးသီးသန့်သန့် ရပ်တည်နိုင်ကြတာမျိုးတွေ ရှိတယ်။

မြန်မာပြည်က ပုံနှိပ်ထုတ်ဝေမယ်၊ ရောင်းချမယ်၊ ပုံနှိပ်ဂျာနယ်၊ မဂ္ဂဇင်းမှာ ကြော်ငြာထည့်သွင်းခ ရမယ်ဆိုတဲ့ နည်းနဲ့ လည်ပတ်နေကြတယ်။ အွန်လိုင်းမှာ ဒီသတင်းကို တင်ရင် သတင်းကို ရောင်းလို့ရမှာ မဟုတ်ဘူး။ အလကားပေးဖတ်ရမှာ ဖြစ်တယ်။ ပုံနှိပ်ဂျာနယ်ကို ဒစ်ဂျစ်တယ် ဖောမက် (ပီဒီအက်ဖ်ဖိုင်) အဖြစ်လုပ်ပြီး အင်တာနက်ကနေ တဆင့်ဖြန့်မယ်။ အလကားဖြန့်ဝေရတာ ဖြစ်ပြီး ဘယ်သူ့ဆီကမှ ပိုက်ဆံရမှာ မဟုတ်ဘူး။ ဒါကလည်း မှန်ပါတယ်။

ဒါပေမယ့် ပြည်တွင်းမှာလည်း ပုံနှိပ်ပြီး ရောင်းချတဲ့ အပြင်၊ အင်တာနက်၊ အွန်လိုင်းကလည်း အခမဲ့ ဖြန့်တဲ့ ဂျာနယ်တွေဟာ ပြည်တွင်းမှာရော ပြည်ပမှာရော ပိုပြီး မြန်မြန်ဆန်ဆန် လူသိများတယ်။ ကိုယ့်ရဲ့ Brand ကို လူတွေ ကျယ်ကျယ်ပြန့်ပြန့် ပိုသိတယ်။ ကိုယ့် ဂျာနယ်၊ မဂ္ဂဇင်းအမည်ကို လူတွေ ပိုပြီး သတိထားမိတယ်။ ဒါဟာ ကိုယ်ပြန်ရတဲ့ ကြီးမားတဲ့ အကျိုးအမြတ် မဟုတ်ဘူးလား။ အင်တာနက် သုံးစွဲတဲ့ မြန်မာ အွန်လိုင်းစာဖတ်ပရိသတ်ဟာ နည်းတဲ့ အရေအတွက် မဟုတ်ဘူး။

တကယ်က အင်တာနက်ပေါ် ဖြန့်နိုင်အောင် ထူးထူးခြားခြား လုပ်ဆောင်ရတာတော့ မဟုတ်ပါဘူး။ ပုံနှိပ်မယ့် ဒီဇိုင်းအပြင်အဆင်ကို ကွန်ပြူတာထဲမှာပဲ မိနစ်ပိုင်းအတွင် ဖိုင်ပြုလုပ်ပြီး အင်တာနက်ပေါ် တင်နိုင်ပါတယ်။ ပြည်တွင်းမှာလည်း ရောင်းချရသလို နိုင်ငံတကာရောက် မြန်မာပရိသတ်တွေကိုလည်း ကိုယ်က ဆွဲဆောင်ထားပြီး ဖြစ်သွားတယ်။ အချင်းချင်း ပြန်ဖြန့်ကြ၊ ဒေါင်းလုဒ် ချပြီး ဖတ်ကြတယ်။ တချို့ဂျာနယ်ဆို ပုံနှိပ်ထားတဲ့ စာစောင် လုံးဝမမြင်ဖူးဘဲနဲ့ အဲဒီလို အင်တာနက်ပေါ်ကရတဲ့ ဖိုင်တွေကတဆင့် ဖတ်ရလို့ သိနေတဲ့၊ ရင်းနှီးနေတဲ့ ဂျာနယ်တွေ အများကြီးပဲ။

ဒါကြောင့်လည်း ကျုပ်က ခင်ဗျားကို တိုက်တွန်းတာပေါ့။ ပုံနှိပ်ထုတ်ဝေပြီးတဲ့ ရှိပြီးစာ ဂျာနယ်ဖိုင်ကို ကွန်ပြူတာထဲမှာပဲ ဒီဂျစ်တယ် ဖောမက် လုပ်၊ ပီဒီအက်ဖ်ဖိုင်ပြောင်းပြီး နိုင်ငံတကာရောက် မြန်မာပရိသတ်တွေကို ကိုယ့်ပရိသတ် ဖြစ်လာအောင် လုပ်စမ်းပါလို့။ ငွေမရပေမယ့် အမည်ကိုတော့ လူသိအောင်၊ ပရိသတ်ရအောင် လုပ်ပြီး ဖြစ်သွားတာမို့ ကျွဲကူးရေပါ အကျိုးများပါတယ်။

မီဒီယာသမားတွေ အိုင်တီနဲ့ စိမ်းသလား

တလောက ဖေ့စ်ဘုတ်လူမှုကွန်ရက်ထဲမှာ ပြောဆိုဆွေးနွေးတာတခု ကြားမိတယ်။ လူငယ်မျိုးဆက်သစ် ဂျာနယ်လစ်တွေထဲမှာ အင်တာနက်၊ အိုင်တီကို ကျွမ်းကျွမ်းကျင်ကျင် ထိထိရောက်ရောက် သုံးစွဲသူတွေနဲ့ မသုံးစွဲဘဲနေတဲ့ ကွာဟမှု ရှိနေတယ်တဲ့။ ဥပမာ ဖေ့စ်ဘုတ်ကို ပုံမှန်သုံးစွဲတဲ့ သတင်းထောက်တွေဟာ လူသိပိုများတယ်။ သတင်းတွေ၊ ဓာတ်ပုံတွေအတွက် သူတို့ကို အားကိုးကြတယ်၊ မေးကြတယ်၊ ပရိသတ် တော်တော်ရတယ်။

တချိန်ထဲမှာ ဒီလို ကျယ်ပြန့်တဲ့ လူမှုကွန်ရက်တွေကို မသုံးဘဲ၊ သုံးရကောင်းမသိဘဲ နေတဲ့ သူတွေလည်း အများကြီး ဖြစ်တာကို တွေ့ရတယ်။ အီးမေးလ်၊ လူမှုကွန်ရက်တွေကို နိုင်ငံတကာမှာ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ ကိုယ်တိုင်က သုံးကြပါတယ်။

မြန်မာအများစုကလည်း သုံးရလွယ်ကူလို့၊ အင်တာနက် လိုင်းနှေးပေမယ့် ဝင်ရမခက်လို့ တခြားလူမှုကွန်ရက်ထက်စာရင် ဖေ့စ်ဘုတ်ကို သုံးကြတယ်။ ဖေ့စ်ဘုတ် မြန်မာအသိုင်းအဝိုင်းမှာဆိုရင် စာရေးဆရာတွေ၊ ပြည်တွင်း ပြည်ပက မြန်မာ နာမည်ကြီး သတင်းထောက်တွေ၊ အစိုးရအဖွဲ့က လူတွေ၊ အရာရှိတွေကအစ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတာ ဖြစ်တဲ့အတွက် အိုင်တီခေတ်ကြီးမှာ မျက်ခြေမပြတ်သင့်တဲ့ အလကားရနိုင်သော လူမှုကွန်ရက်ကြီးပါပဲ။ ဒါကို အကျိုးရှိရှိ သုံးတတ်ဖို့၊ သုံးနိုင်ဖို့ လိုပါတယ်။

ဒီလိုမှ ပြင်ဆင်ထားတာတွေ မလုပ်ကြရင် အခု ပွင့်လင်းကာလမှာ ဝင်လာမယ့် စာသုံးသူတွေရဲ့ တောင်းဆိုမှုတွေ၊ လိုအပ်ချက်တွေကို နားလည်ဖို့ မလွယ်၊ ဖြည့်ဆည်းဖို့ မလွယ်သလို နည်းဗျူဟာအသစ်တွေနဲ့ စာနယ်လောကကို အလုံးအရင်းဝင်လာမယ့် နယ်မြေသစ်ရှာသူတွေ၊ နယ်မြေတိုးချဲ့သူတွေ၊ ဈေးကွက်ကို နားလည်တဲ့ ပြိုင်ဘက်အသစ်တွေကြားမှာ အိုင်တီနဲ့ ဝေးတဲ့ စာနယ်ဇင်း မီဒီယာတွေဟာ နောက်ကောက်ကျကုန်မယ်လို့ ဟောကိန်းထုတ်ချင်ပါရဲ့။

မောင်ဘုန်း

(The Sunday, May)

Advertisements

Leave a comment

Filed under Article, Media

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s