Ready for Tourism?

The Sunday တွင် ဖော်ပြပြီး။

 

အသင့်ဖြစ်ပြီလား

သူငယ်ချင်းရေ

ငါလည်း သင်္ကြန်အလွန် အပူဒဏ်ကြောင့် အေးအေးနေမယ်စိတ်ကူးပေမယ့် ရေးစရာရှိတော့ လက်ကရောက်မိပြန်တယ်။ တခြားမဟုတ်ဘူး၊ ခရီးသွားလုပ်ငန်းဆိုင်ရာပါပဲ။ မြန်မာပြည်မှာ ပြည်ပ ခရီးသွားတွေ ကိစ္စအမျိုးမျိုးနဲ့ ဝင်ထွက်နေကြတာ ပွင့်လင်းလာတဲ့ ကာလက စလို့ပဲ။ တနေ့ကတောင် ဖတ်လိုက်မိသေးတယ်၊ ထိုင်းလေကြောင်းလိုင်းတခုက တိုးချဲ့ ပြေးဆွဲမယ်ဆိုပဲ။ အေးပေါ့ … သူတို့က ပြောအားရှိတယ်၊ ဘန်ကောက်က သုဝဏ္ဏဘူမိ (ဆုဝနဖုမ်) လေဆိပ်က မြန်မာပြည်ဝင်ပေါက်ကြီး အလိုလို ဖြစ်နေတော့တာကိုး။ သံရုံးဗီဇာအရရော၊ လေကြောင်းလိုင်းအရရောလေ …။

မြန်မာက ပိုကြီးသတဲ့လား

တလောက နိုင်ငံခြားသား မိတ်ဆွေတွေနဲ့ တွေ့တယ်။ “မင်းတို့နိုင်ငံ တယ်ဈေးကြီးတယ်” တဲ့။ ဘာလို့တုန်း ဆိုတော့ “ဟိုတယ်၊ တည်းခိုခန်းခတွေက ထိုင်းထက်တောင် ဈေးကြီးတယ်ကွာ။ ကမ္ဘောဒီးယား၊ လာအိုတောင် ဒီလောက် မကြီးဘူး” တဲ့။

ဘွတ်ကင်လုပ်ထားပြီးမှ အခန်းမရတာတွေ၊ နောက်လတွေအထိ အခန်းငှားမရတာတွေ၊ ဟိုတယ်တွေက အရင် လက်တွဲနေကြ ခရီးသွားအေဂျင်စီတွေကို ကျော်ပြီး ထင်သလို လုပ်တာတွေလည်း ကြားနေရပါ့။
ဒါနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေ စနည်းနာကြည့်တယ်။ လား … လား … အဟုတ်တကယ်ကို မြန်မာပြည်ဟိုတယ်တွေ ဈေးကြီးလှပါလားကွယ်ရို့။ မြန်မာပြည်က စတားချင်းတူရင် ဒေါ်လာ ၃၀ လေးဆယ်ကနေ ခေါက်ချိုးနီးပါး ကွာတာကိုး။
အစကတော့ ဈေးက မကြီးဘူး။ ခုအစိုးသစ်တက်လာပြီးနောက်ပိုင်း အော်ဒါတွေ များလို့တဲ့။

ခုတမျိုး တော်ကြာတမျိုး

သရီးစတား ဖြစ်ဖြစ် ဖိုက်စတားဖြစ်ဖြစ် ဟိုတယ်၊ လေကြောင်းလိုင်း၊ ခရီးသွာအေဂျင်စီတို့မည်သည် သတ်မှတ်ဈေးနဲ့၊ ဒေသတွင်း ဖြစ်ထိုက်သော ဈေးတော့ဖြစ်ရမယ်။ သတ်မှတ်ဈေးနှုန်းရှိရမယ်။ ဟိုတယ်တို့ ဘာတို့ တည်းတယ်ဆိုတာလည်း အိပ်ဆွဲ ဝင်လာပြီး တခန်းပေး ပြောလို့ ရဖို့ခက်တယ်။ ဘွတ်ကင်လုပ်ရတယ်၊ ဈေးနှုန်း အတိအကျ ပြောရတယ်။ ဟိုတယ်ကြီးဖွင့်ပြီး ရပ်ကွက်ဈေးလို သင်္ကြန်ပိတ်ရက်မို့ ဈေးတဆ တင်ရောင်းတယ် ဆိုတာမျိုးက လုပ်လို့မရဘူး။

ခရီးသွားကြတယ်၊ လာလည်ကြတယ်ဆိုတာကလည်း တိုင်းရ ချင့်ရတယ်၊ လူတိုင်းက ငွေပေါလို့ လာကြတာတော့ ဘယ်ဟုတ်မလဲ။ ကုမ္ပဏီလည်း ကုမ္ပဏီအလျောက်၊ တဦးချင်း ပေါ့ပေါ့ပါးပါး ခရီးသွားသူလည်း ခရီးသွားသူအလျောက်ပေါ့။

မြန်မာပြည်မှာ ဟိုတယ် အခန်းပေါင်းက စစ်စစ်ပေါက်ပေါက်တွက်တော့ ဘာမှ မရှိဘူး။ ပြောရရင် အာဆီယံ ထိပ်သီးဆွေးနွေးပွဲလုပ်ပြီဟေ့ ဆိုတာ ထားဘိဦး၊ ခု နိုင်ငံနည်းနည်းပွင့်လင်းလာတာနဲ့တောင်မှပဲ ဟိုတယ်ခန်းက မလောက်ဘူး။ တလောကဆို စီးပွားရေးလုပ်ငန်းရှင်တွေက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးလာမှာ မို့လို့ဆိုပြီး ဟိုတယ်က ဆင်းပေးရသတဲ့။ ဘယ့်နှယ့် စီမံခန့်ခွဲကြမတုန်း။

ဒါပေမယ့် Demand များလို့ ဈေးတက်ပြီဆိုမျိုးကတော့ ရေရှည် မလွယ်ဘူး ပြောချင်တယ်။ ဒေသတွင်းမှာ ရှက်ဖို့လည်း ကောင်းတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာပြည်က ဈေးကြီးပြီး ဝန်ဆောင်မှုကျတော့ မကောင်းဘူးတဲ့၊ ဘန်ကောက်မှာဆို ဒီဈေးနှုန်း သုံးပုံ နှစ်ပုံလောက်ပေးရင် ဝန်ဆောင်မှု ကောင်းကောင်းရတယ်ဆိုတဲ့ အသံတွေကလည်း မြန်မာပြည်သွားတဲ့ ခရီးသွားတွေ အကြား ကြားနေရတယ်။

အသင့်ဖြစ်ရမယ်

ခရီးသွားလုပ်ငန်းကို ဖွင့်ပေးလိုက်ရင် မြန်မာပြည်အနေနဲ့ ကောင်းကျိုးရော ဆိုးကျိုးရော ရမှာ အသေအချာပဲ။ ဥပမာက ဝေးဝေး မကြည့်နဲ့၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုတို့ကို ကြည့်။

အခုအခြေအနေအရ မြန်မာပြည်က ပွင့်ဦး အခြေအနေဖြစ်နေတယ်။ ရုတ်တရက် နိုးထလာရတယ်၊ ပွင့်လင်းလာရတယ်။ ပြင်ဆင်စရာတွေ အများကြီးပဲ။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုတာမျိုးက နိုင်ငံအကျိုးအမြတ်ရှိသလို ဘေးထွက် ဆိုးကျိုးတွေလည်း ရှိတယ်။ မြန်မာပြည်မှာ အသင့်မဖြစ်သေးဘူး။

ခုက ဟိုတယ်ကိစ္စလိုမျိုးက စီမံခန့်ခွဲမှု အထစ်အငေါ့ ကိစ္စတွေပေါ့။ တကယ့်တကယ်မှာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တခုလုံးကို စီမံခန့်ခွဲဖို့ဆိုတာ မြန်မာပြည်လို အပျိုရိုင်းဖြစ်နေတဲ့ နိုင်ငံမှာ အင်မတန် အရေးကြီးတယ်။ တခြား အိမ်နီးချင်းနိုင်ငံတွေရဲ့ သင်ခန်းစာတွေကို ယူရမယ်။ လေ့လာရမယ်။ သူများမှားခဲ့တာ ကိုယ်တွေ မမှားအောင် ဘယ်လို လုပ်မလဲ ထိန်းရမယ်။ အသင့်ရှိပြီး သင်ခန်းစာကို မယူနိုင်ရင် ငါတို့အမှားပဲ ဖြစ်လိမ့်မယ်။

ပညာရှင်တွေ၊ အတွေ့အကြုံများသူတွေက ခရီးသွားလုပ်ငန်းလို အကျိုးတဝက်၊ အဆိုးတဝက် ရတဲ့ လုပ်ငန်းမျိုး၊ နိုင်ငံတကာက စုပြုံဝင်လာမယ့် NGO တွေရဲ့ ရုံးစရိတ်ကများများ၊ ကူညီရမယ့်သူတွေဆီ ရောက်တာနည်းနည်းဆိုတဲ့ အဖြစ်မျိုးတွေကို စတင် ပြောဆို ဆွေးနွေးနေကြတာ ကြားသိနေရတယ်။

ကိုယ့်နိုင်ငံ ပွင့်လင်းမှုမှာ ဒေသတွင်းနဲ့ ရင်ဘောင်တန်း၊ ဂလိုဘယ်စံဖြစ်ဖို့တော့ လုပ်စရာ၊ ပြင်ဆင်စရာ၊ လေ့လာစရာတွေ အများကြီးပဲ ဆိုတာတော့ ဒီကိစ္စတွေကနေ စတင် သိမြင်ရလာပြီပေါ့။
သိမြင်လာရင် စတင်ပြင်ဆင်ကြဖို့ပါပဲ။

မောင်ဘုန်း
(မေလ၊ ၂၀၁၂)

Advertisements

Leave a comment

Filed under Article

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s