Traditional Thingyan on Modern Social Network

လူမှုကွန်ရက် ယဉ်ကျေးမှုနဲ့ သင်္ကြန်

သူငယ်ချင်း …

နင်နဲ့ငါ အင်တာနက် ကျေးဇူးနဲ့မှ အဆက်အသွယ် ပုံမှန် ပြန်ရတော့တယ်။ ခုမှ စာရှည်ရှည်ရေးဖြစ်တော့မယ်။ နင်တင်မက ငါ့ မိတ်ဆွေ တော်တော်များများ၊ အဆက်အသွယ်တွေလည်း အင်တာနက်ကနေတဆင့် အထူးသဖြင့် လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘုတ် (Facebook) ငါအမည်ပေးထားတာတော့ “မုခစာအုပ်” ပေါ့ဟာ၊ အဲဒီကနေ ပြန်ချိတ်မိတယ်။ မြန်မာပြည်သင်္ကြန်ကို မမြင်ရတာ လေး-ငါး နှစ်ရှိပြီ။ ဒါပေမယ့် ဒီနှစ်သင်္ကြန်တော့ မုခစာအုပ်ကနေ အချိန်မဆိုင်း မြင်ကွင်းတွေ အကုန်လုံး မြင်လိုက်ရပါတယ်။

ယဉ်ကျေးမှုနဲ့ စည်းလွတ်ဝါးလွတ် အပျော်

ဟိုးအရင်ကတော့ သရုပ်ပျက်ပြောပြော၊ စည်းမဲ့ကမ်းမဲ့လွတ်လပ်မှု ပြောပြော ဒါတွေကို အပြင်မှာ မြင်ရုံကလွဲပြီး အထူးတည် မှတ်တမ်းတင်နေကြတာမျိုး မတွေ့မိဘူး။ သေချာပြောရရင် ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်လောက်က စပြီး သင်္ကြန်မှာ ဘယ်လို ကဲကြတယ်ဆိုတာက သင်္ကြန်အပြီးမှာမှ ဓာတ်ပုံတွေ ထွက်လာတတ်တာ သတိထားမိတယ်။

ဒီနှစ်မှာတော့ ပြောမနေပါနဲ့တော့။ နေ့လည်က စည်းလွတ်ဝါးလွတ် ကမိတယ်ဆိုရင်ပဲ ညနေ အွန်လိုင်းပေါ်၊ အထူးသဖြင့် မုခစာအုပ်ပေါ် ရောက်နေကြပါပြီ။ အများအားဖြင့်တော့ လူမြင်ကွင်းမှာ အဝတ်အစား လော်လီပြီး မဖွယ်မရာ အပြုအမူနဲ့ မိန်းကလေးတွေပုံက ပိုများတာပေါ့။ ဒီခေတ်မှာ ကင်မရာကိုင်တဲ့သူတွေကလည်း များ၊ သတင်းထောက်တွေကလည်း လက်ကသွက်၊ အင်တာနက်ကလည်း အဆင်ပြေသလို သုံးကြဆိုတော့ အင်တာနက် သင်္ကြန်ကြီး၊ မုခစာအုပ်သင်္ကြန်ကြီးပါ ကျနေကြတော့တာပေါ့။

သင်္ကြန်မဏ္ဍပ်ပေါ်တက်ပြီး ညကလပ်မှာ ကတဲ့ တိုင်ပတ်အကတွေ ကနေကြတာ၊ အားလုံးကြည့်ဖို့ မသင့်လျော်တဲ့ အကတွေကို မူးမူးနဲ့ ကနေကြတာ၊ လူမြင်ကွင်းမှာ မိန်းကလေးတွေ အရက်ဘီယာတွေ လွတ်လွတ်လပ်လပ် မော့နေကြတာကတော့ ဒီနှစ် မုခစာအုပ်သင်္ကြန်မှာ အတော် ပွဲဆူပြီး ဆွေးနွေးကြ ငြင်းခုန်ကြတဲ့ ကိစ္စ တရပ်ပါပဲ။

ဆွေးနွေးငြင်းခုန်ဆို ရွှေပြည်ကြီးနဲ့ ဝေးနေတဲ့သူတွေအဖို့က အင်တာနက်၊ မုခစာအုပ်တက်ပြီးတော့သာ အလွမ်းဖြေရင်း ကြည့်နေကြတာကိုး။ ကီးဘုတ်နဲ့ ပက်တဲ့ သင်္ကြန်ပေါ့ဟာ။

ဘယ်လို ထိန်းသိမ်းရင် ကောင်းမလဲ

ငါ လတ်တလော ရောက်နေတဲ့ ထိုင်းသင်္ကြန်ဟာလည်း ဒီနှစ် မြန်မာသင်္ကြန်ထက် ဟိုးအရင်နှစ်တွေကတည်းက ဆိုးလာတာ ခုထိပါပဲ။ မိန်းကလေးတွေ အင်္ကျီချွတ်ကတာတို့၊ ကျားကနေ မလိင်ပြောင်းထားသူတွေကလည်း အပေါ်ပိုင်းဗလာ ကတာတို့၊ ရိုက်ပွဲ ဓားခုတ်ပွဲ ဖြစ်တာတို့၊ သင်္ကြန်အပြီး စာရင်းချုပ်ရင် မဆင်မခြင်မောင်းနှင်လို့ ရာချီသေကြတာတို့ ကျော်မကောင်း ကြားမကောင်းတွေ ထိုင်းသင်္ကြန်မှာ အဖြစ်ဆုံးပေါ့။

ခုတော့ ထိုင်းမှာ သင်္ကြန်မတိုင်ခင်ကတည်းက အစိုးရက ပညာပေးလုပ်ငန်းတွေ အင်တိုက်အားတိုက်လုပ်ကြတယ်။ “အရက်မသောက်ရဇုန်” ဆိုတာကို ထိုင်း၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ အကုန်မြင်သာအောင် ဆိုင်းဘုတ်တွေ ချိတ်ထားတယ်၊ ယာဉ် ဆိုင်ကယ်တွေကို မြန်မြန်မမောင်းဖို့ ပညာပေးတယ်။ မသင့်လျော်တဲ့ အပြုအမှုကြမ်းတမ်းမှုတွေ မလုပ်ဖို့ သတိပေးတယ်။

ထိုင်းမှာ တခုအတုယူဖို့ကောင်းတာက အစိုးရက ပညာပေးရာမှာ အာဏာကိုအရမ်းမသုံးဘူး၊ အများစိတ်ဝင်စားအောင် ဆွဲဆောင်မှုရှိရှိ ပညာပေးတယ်။ ဥပမာ – ရဲမေ ချောချောလှလှ တသိုက်ဟာ ဝတ်စုံပြည့်နဲ့ လူရှုပ်တဲ့ ကားလမ်းလည်မှာ ယာဉ်ပညာပေး သီချင်းတပုဒ်စာကို လမ်းကြောတွေ ပိတ်ကုန်ပြီး မကြည့်မနေရဖြစ်အောင် ကပြ ပညာပေးတာမျိုးပေါ့။

နောက်ပြီး သင်္ကြန်အတွင်း စည်းလွတ်ဝါးလွတ် ပြုမှုသူတွေကို ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်၊ မှတ်တမ်းယူထားပြီး ဖေ့စ်ဘုတ်လို၊ ဝက်ဘ်ဆိုဒ်လို နေရာမျိုးမှာ အရှက်ရအောင် တင်မယ်ဆိုပြီး ထိုင်းမှာ ကြေညာတာ မနှစ်က ကြားလိုက်ရသေးတယ်။

ဒီနှစ် သင်္ကြန်ကို ကြည့်ပြီး မြန်မာပြည်မှာလည်း နောင်နှစ်တွေက အလွန်ဆိုးဝါးစွာ ဝတ်ဆင်မှုတွေကို ဘယ်လို မှတ်တမ်းတင်ထားပြီး အရေးယူမယ်ဆိုတာတွေ၊ မဏ္ဍပ်တွေကို စည်းကမ်းသတ်မှတ်ပေးတမျိုးတွေ လုပ်နိုင်ရင် ကောင်းမယ်လို့ တွေးမိပါရဲ့။

နောက်နှစ်တော့ ကြီးကြပ်မှု လုပ်ရမှာ သေချာတယ်

ဒီနှစ် မြန်မာသင်္ကြန်မှာ အများလူထု ကြည့်ရှုလို့ ဘယ်လိုမှ မသင့်လျော်တဲ့ ပုံတွေ၊ နာမည်ကြီး အနုပညာရှင်မတွေသာမက အရပ်သူတွေရဲ့ ကာအိနြေ္ဒမရှိတဲ့ ပုံမျိုးတွေ ဖေ့စ်ဘုတ်မှာ အုံနဲ့ ကျင်းနဲ့တွေ့ရတယ်။ အင်တာနက်ပေါ် အဲသလိုတင်မှ လူတောထဲ၊ မိဘမောင်ဖားတွေကြားထဲ အရှက်ရပြီး ဆင်ခြင်မှာဆိုပြီး ထောက်ခံသူလည်း ရှိတယ်။ ဒီလိုဖြင့် မတင်သင့်ပါဘူး၊ တခါမိုက်မိတာနဲ့ တသက်လုံးအရှက်ကွဲရပါလိမ့်မယ် ဆိုပြီး ကန့်ကွက်သူလည်း ရှိတယ်။

တကယ်က ဒီကိစ္စတွေဟာ တားဆီးလို့၊ ထိန်းသိမ်းလို့ ရစကောင်းတဲ့ ကိစ္စတွေပါ။ အဲဒီတော့ အထက်မှာ ပြောခဲ့သလို အစိုးရတာဝန်ရှိသူများဟာ ပညာပေးခြင်း၊ တခြား ဖြစ်နိုင်ခြေရှိတဲ့ နည်းတွေနဲ့ တပ်လှန့်ထားပြီး မပြုလုပ်ရဲအောင် အသိပေးထားခြင်းများ လုပ်သင့်ပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ အများကြီး ဝင်ငွေဖြောင့်နေတဲ့ ထိုင်းမှာ သင်္ကြန်ဟာလည်း အကြီးအကျယ် အကျိုးအမြတ်ရရှိရာ ပွဲတော်ကြီး တခုပါပဲ။ စီးပွားရေးရဲ့ အသုံးချခံ ယဉ်ကျေးမှု ဖြစ်သွားပြီ၊ ညကလပ်ထဲက ဖျော်ဖြေရေးမယ်တွေ တကမ္ဘာလုံးက မြင်အောင် နေ့ခင်းနေ့လည် စင်ပေါ်တက်ကရာ ပွဲတော်ကြီး ဖြစ်နေပြီ၊ သင်္ကြန်ဟာ ချနင်းခံရတဲ့ အခွံသက်သက် ယဉ်ကျေးမှု ဖြစ်သွားပြီ စသည်ဖြင့် ထိုင်းသတင်းစာတွေက အတော် ဝေဖန်ကြတာ ဖတ်ရတယ်။

မြန်မာနိုင်ငံဟာလည်း အခုဆိုရင် အပြောင်းအလဲတွေ စတင်ပွင့်လင်းလာပြီး ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးဖို့ တာစူနေပြီ။ မြန်မာ့မဟာသင်္ကြန် ယဉ်ကျေးမှုကို အများကြီး ထိမ်းသိမ်းကြပ်မတ်လို့ ရသေးတယ်လို့ ငါတော့ မြင်မိတယ်။

သင်္ကြန်မဏ္ဍပ် အမည် ဘိုလို မပေးရ၊ သံချပ် မထိုးရ ဆိုတာတွေ တင်းကြပ်မယ့်အစား ခုန အကြံပေးခဲ့သလို ကိုယ့်ရဲ့ ယဉ်ကျေးမှုကို ရောက်လာမယ့် ကမ္ဘာလှည့်ခရီးသွားတွေ အမြင်မှာ နေခင်းကြောင်တောင် ညကလပ်ကြီးလို့ မမြင်သွားရေး၊ စည်းလွတ်ဝါးလွတ် အရက်သောက်ပွဲကြီးလို့ မြင်မသွားရေး ဖြစ်နိုင်တဲ့နည်းတွေနဲ့ ပညာပေးခြင်း၊ လူတွေ မလုပ်ရဲစေမယ့် နည်းတွေနဲ့ တပ်လှန့်ထားခြင်းတွေ မဖြစ်မနေ လုပ်ရတော့မယ်လို့ ငါတော့ ထင်မြင်မိတော့ပါပဲ။

မောင်ဘုန်း
(ဧပြီ၊ ၂၀၁၂)
(The SUNDAY Journal တွင် ဖော်ပြပြီး)

Advertisements

Leave a comment

Filed under Article

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s