Grin and Anvil

အလှည့်ကျရင် မနွဲ့ကြကြေး

ဒီသီတင်းပတ်တွေထဲ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများရဲ့ အင်တာဗျူးတွေအပြင် ပါလီမန်အတွင်းမှာ အာဏာရပါတီ အမတ်တွေက မီဒီယာတွေဟာ ဘက်လိုက်တယ်၊ တဖက်သတ်ရေးကြတယ်၊ မမျှတဘူးဆိုတဲ့ စွပ်စွဲမှုကနေ ကျင့်ဝတ် မရှိဘူးဆိုတာတွေ အထိ ပြောဆိုလာတာ တွေ့ရတယ်။

တခုပြန်မေးချင်တာက စစ်အစိုးရလက်ထက် အနှစ် ၂၀ (ဦးနေဝင်းခေတ်ကို ဖယ်ပြီး နှစ် ၂၀ ပဲ ထားပါတော့) ကျော်လုံးလုံး သတင်းစာကို ခွထိုင်ပြီး တဖက်သတ် စွပ်စွဲ ပြောဆို ပုတ်ခတ် ရစရာမရှိအောင် စုကြည်၊ ငမြ၊ မိုးသီးဇွန်၊ ပြည်ပြေးစိန်ဝင်း စသည်ဖြင့် ငါ့စကားနွားရ ပြောခဲ့ကြတာလည်း ဒီလူတွေပဲ မဟုတ်ဘူးလား၊ ဘက်လိုက်တယ်၊ မျှတတယ်ဆိုတာကို ခုမှ သိကြသလား။ အလှည့်ကျမှ ဘာလို့ နွဲ့ကျတာလဲ။ (ပြည်ပအတိုက်အခံ မီဒီယာတွေတောင် သန်းရွှေ၊ ငခင်ညွန့် မရေးခဲ့ကြပါဘူး။ သူတို့သတ်မှတ်ချက် အတိုင်း ဘွဲ့တံဆိပ်များ ဖော်ပြ ရေးသားခဲ့ကြပါတယ်။)

ပြီးတော့ ဒီနေ့ အစိုးရသတင်းစာတွေကရော ဘယ်လောက် သတင်းစာပညာ၊ ကျင့်ဝတ်တွေနဲ့ ညီညွတ်ပါသလဲ။ (ဥပမာ – သတ္တုတွင်းဝန်ကြီးဌာနရဲ့ ခြိမ်းခြောက်စာလား၊ ကြေညာချက်လား၊ သတင်းလားမကွဲပြားတာကို ထည့်ထားတဲ့ အစိုးရသတင်းစာကို ကြည့်ပါ။)

ကျနော်ဘဝမှာတော့ အစိုးရထုတ် သတင်းစာဟာ နာရေးကြော်ငြာဖတ်ဖို့၊ အလုပ်ခေါ်စာတွေကြည့်ဖို့၊ အီးကုံးဖို့နဲ့ ပိုတာတွေ ပိဿချိန်နဲ့ ရောင်းစားဖို့တော့ သုံးခဲ့ပါတယ်။ (ရိုင်းရင် ခွင့်လွှတ်)

လူရဲ့သဘောက ဘယ်လောက်ပဲ မှားယွင်းနေတယ်လို့ အများက မြင်သည်ဖြစ်စေ ကိုယ့်အတ္တကို ကိုယ်ကာကွယ်ဖို့ လုံလောက်တဲ့ ဆင်ခြေပေးနိုင်ကြတယ်၊ ပေးဖို့လည်း ကြိုးစားကြတယ်။ ဆင်ခြေက ပေးဖန်များတော့ Self suggestion ဖြစ်လာပြီး ငါ ပြောပြောနေတာတွေက အဟုတ်ပါပဲလား၊ ငါ လုပ်နေတာတွေ အဓိပ္ပာယ်ရှိတယ်လို့ မြင်လာတယ်။ ဒီသဘောကို မီဒီယာကို ထိန်းချုပ်တဲ့ အစိုးရဌာနတွေမှာ တွေ့ရတယ်၊ “ငါတို့ ထိန်းပေးနေလို့၊ မီဒီယာက မရင့်ကျက်သေးဘူး၊ ထိန်းသာမပေးရင် ပြဿနာတွေ တက်တော့မှာ” ဆိုတဲ့ အယူအဆဟာ စစ်အစိုးရလက်အောက်မှာ ကြီးထွားခဲ့ပြီး မီဒီယာတွေဟာ ချည့်နဲ့ တပိုင်းသေခဲ့ရတယ်။

အခုစပွင့်လာပြီ။ တရားတွေ မစွဲကြဘူးလား၊ စွဲကြတယ်။ ဒါပေမယ့် ဒါက အပရိက၊ အရေးမကြီး။ အစိုးရမဟုတ်တာတွေကို စဖော်၊ စရေး၊ စပြောလာတော့ မီဒီယာဟာ ရင့်ကျက်ရုံမက အရိုးပါရင့်နေတယ်ဆိုတာ စမြင်ကြရမယ် (စာနယ်ဇင်းဟန်ပြတွေကို မဆိုလို)။ သူတို့ကြောက်ခဲ့တာ ဘာလဲဆိုတာ ဘွင်းဘွင်းကြီးပေါ်တဲ့အခါ လိပ်ပြာမလုံဖြစ်ကြပြီ။ ဖြစ်ပြီးတော့ … ကယောင်ကတမ်းနဲ့ (သူတို့ ခြင်းထဲက ကြက်မဟုတ်တဲ့) မီဒီယာတွေဟာ ဘက်လိုက်ကြပါတယ် ဆိုတာ ဖြစ်လာတယ်။

ပြည်သူတွေနဲ့ အာခံချင်သူတွေကို ချည်နှောင်မယ့် နှောင်ကြိုးမကင်းသော ပုဒ်မ၊ ဥပဒေ၊ ပြဌာန်းချက်များဟာ သူတို့ဘက် တဖြည်းဖြည်း ပြန်ပြီး ပြောင်းဦးလှည့်လာလိမ့်မယ်။ သူတို့လူတွေဟာလည်း ကိုယ့်လူသူ့ဘက်သား ဖြစ်လာမယ်။ စိုက်ပျိုးထားတာတွေ ရိတ်သိမ်းရမယ်။ ဘယ်လောက် စိုက်ပျိုးခဲ့သလဲ … အဲသလောက် ရိတ်သိမ်းဖို့တော့ တာဝန်ယူရပါလိမ့်မယ်။

ဟုတ်တယ် … ကျနော်က ဥပဒေဘောင်အတွင်းက ခြိမ်းခြောက်နေတာ။ ခင်ဗျားတို့ရေးပြီး ခင်ဗျားတို့ တကွက်ဆုတ်ပေးရတဲ့ ဥပဒေတွေအထဲကပါပဲ။

ယနေ့ ခြိမ်းခြောက်ခြင်း၊ စော်ကားခြင်း ခံရသူ ဂျာနယ်လစ်များအတွက် …

သင်ကာ

(၂၆၊ မတ်၊ ၂၀၁၂)

Facebook: အလှည့်ကျရင် မနွဲ့ကြကြေး

Advertisements

Leave a comment

Filed under Article, Facebook

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s