to Ma Thein Sein

Wonder and Expectation Digital Art - Wonder and Expectation Fine Art Print - Cassandra Donnelly

မသိန်းစိန်ကို ပြောပေးပါ

(ဆရာနိုင်ဝင်းဆွေ၏ ဝတ္ထုခေါင်းစဉ်ကို ကျနော် ခိုးချပါသည်။)

မသိန်းစိန်မှာ ရှင်းရှင်းပြောရလျှင် လင်ပစ်မ ဖြစ်သည်။ ဖောသွပ်သွပ်နှင့် လူတကာ အော့နှလုံးနာသော ကိုသန်းရွှေက မူးမူးနှင့် ကျောရရုံကြံပြီး ပစ်သွားသဖြင့် ရိုးရိုးလင်ပစ်မတင် မဟုတ် … နှစ်ချီနာ၊ အရပ်နာ လင်ပစ်မ ဖြစ်သည်။

အရပ်က ဒီလို ပြောဆိုနေသည့်အထဲ ဟိုဘက်ရပ်ကွက်က အဆီပြန်နေတဲ့ ပေါက်ဖော်နဲ့ ထိသဲ့သဲ့ရိသဲ့သဲ့ ဖြစ်ကြပြန်သည်။ ပေါက်ဖော်၏ မယားငယ် ဖြစ်မှန်းမသိ ဖြစ်နေတာကလည်း လုံးပါးပါးနေပြီ။ လူမွှေးလူရောင် မပြောင်။

ဘယ်သူနဲ့ရမှန်းမသိတဲ့ မောင်ဒီမိုဆိုတဲ့ သားကလေးကြောင့်သာ အရပ်က ခွင့်လွှတ်ထားကြခြင်းဖြစ်သည်။ မောင်ဒီမိုကိုတော့ အရပ်က ချစ်သည်။ ပေးကမ်း ကျွေးမွေး သနားကြသည်။ မောင်ဒီမို ရှေ့ရေးကို ပူပင်ကြသည်။

မသိန်းစိန်လည်း သားတကောင်ရလို့လားတော့မသိ၊ ဖင်နည်းနည်းငြိမ်သွားသည်။ တရုတ်ပေါက်ဖော်နဲ့ ခွာပြဲသလိုလို အရပ်ထဲမှာ ပြောကြသည်။ ငဖောကြီးသန်းရွှေနဲ့တော့ ဇာတ်လမ်းက လုံးလုံးပြတ်ပြီဟု ဆိုကြသည်။

လင်စိတ်ကုန်ပြီး သားစိတ်နဲ့ နေတော့မယ်လို့ မသိန်းစိန်ကို ထင်နေကြတုန်း တမြို့သား ကိုယန်ကီးက တစခန်းထသည်။ အရပ်ပျက်မနီးနီးဖြစ်နေတဲ့ မသိန်းစိန်ကိုမှ ကြိုက်လှချည့် ဖြစ်လာသည်။

ကြိုက်လှချည့်သာဆို ယူမယ် ပြောသေးတာမဟုတ်။ မသိန်းစိန်ခမျာမတော့ အတိတ်က ဘာဖြစ်ခဲ့ဖြစ်ခဲ့ အရွယ်ရှိတုန်း ပိပိရိရိနေထိုင်နေတုန်း လင်မှတ်မှတ် သားမှတ်မှတ် ရမယ် ထင်ရှာသည်။

ကိုယန်ကီးနှင့် ကျိတ်ခုတ်နေတာ အရပ်က သိသည်၊ ဒီတချီတော့ မသိန်းစိန် လင်ရပြီ ထင်ကြသည်။ မသိန်းစိန်လည်း ဒီတလင်ဖြင့်ရစေတော့ လိုက်လျောရှာသည်။ အစွမ်းကုန် ပိပိရိရိ နေပြပါသည်။

သို့သော် ကိုယန်ကီးကား နှစ်ကျောင်းပြောင်းသော ရှင်၊ နှစ်လင်ပြောင်းသော မိန်းမကို လန့်လို့နေသည် ထင်သည်။ ယူဖို့ကား အင်တင်တင် …။

မသိန်းစိန်ခမျာ … ဒီ့ထက်လည်း သူ့မှာ လိုက်လျောစရာ၊ ကြည်ဖြူပေးစရာလည်း မရှိ၊ ကိုယန်ကီးကလည်း ချစ်ရေးကိုတဲ့ မဗေဒါ ရေခပ်သလို တအင်အင် …။ ဒီလောက် လိုက်လျောနေတာ ယူပါတော့လား ဆိုတော့လည်း ကိုယန်ကီးမှာ ချီတုံချတုံ … ဖြည်းဖြည်းပေါ့တဲ့။

မသိန်းစိန်မှာလည်း အရွယ်ကလေးရှိတုန်းနဲ့ … လင်နဲ့သားနဲ့ ဖြစ်ချင်ပြီ၊ ပတ်ဝန်းကျင်ကိုလည်း ရှက်လှပြီ။ သားကလေး ဒီမို အရွယ်ရောက်ရင် အရှက်ရတော့မည်။

ကိုယန်ကီး အမှားလား၊ မသိန်းစိန် အမှားလား …။ ပတ်ဝန်းကျင်ကတော့ အားမနာ ပြောကြမယ်ထင့် …။

“ပြန်ပြီး ထိန်းဖို့ အချိန်” ရအောင် “ယန်ကီးနဲ့ သိန်းစိန်” ညားကြပါစေသတည်းဟု အိမ်ခေါင်းရင်းက ဘကြီးက ဘုရားရှိခိုးတိုင်း ထည့်ထည့်၍ ဆိုနေလေသတည်း။

မစ္စတာ သင်ကာ

(၂၉ ဇန်နဝါရီ ၂၀၁၂)

Advertisements

Leave a comment

Filed under Satire

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s