Mr. Ba Kyaw’s Great Idea

Wassily Kandinsky, VII, 1913

ကိုဘကျော်၏ မဟာအိုင်ဒီယာ

ကိုဘကျော်တယောက် တစ်ခုခုကို လုပ်မှ ဖြစ်တော့မည်။ စိတ်ထဲမှာ လုပ်ချင်တာတွေက ရွစိထနေ၏။ မော်ဒယ်တွေ အင်တာဗျူးသလို သူ၏ စိတ်ကူး၊ သူ၏ အနုပညာကို ထူးထူးခြားခြားဖြစ်အောင် ချပြချင်နေ၏။ ခေါင်းထဲမှာ ကြာရှည်စွာ အောင်းနေသော အနုပညာပုံစံသစ်ကို ထုတ်ပြဖန်တီးရန် အချိန်ရောက်လေပြီ။

သူက သူ၏ သွေးထဲတွင် အနုပညာတွေ စီးဆင်းနေသည်ဟု သူ့ကိုယ်သူ ယူဆ၏။ သူ မလုပ်လို့သာ၊ လုပ်လိုက်လျှင် တခါတည်းနဲ့ နာမည်ကြီးမည်ဟု ထင်၏။ သို့သော် တခါမှ မလုပ်ဖြစ်သေး။ ဒါကြောင့်လည်း အပေါင်းအသင်းများက သူ့ကို “ ကျုပ်ဘကြီးလည်း စိတ်မပါလို့သာ၊ စိတ်ပါလို့ကတော့ အခုလုပ်၊ အခုပြီးတယ်။ ခက်တာက သေသာသွားတယ်၊ တခါမှ စိတ်ပါမသွားဘူး” ဟု နောက်ကြသည်။ ကိုဘကျော်ကား “ပြောထားဦးပေါ့ဗျာ၊ ဖြစ်လာခါမှ ခင်ဗျားတို့ အကုန်အံ့အားသင့်ကုန်မယ် ” ဟု ဆိုတတ်သည်။ အခုသူက သူ့စိတ်ကူးကို မိန်းမအားပြောပြတော့ မိန်းမ မျက်လုံးပြူးသွားသည်။ ဘာတွေလျှောက်လုပ်ဦးမှာလဲ ဆိုသည့်သဘော။

“ပိုက်ဆံမကုန်ပါဘူးကွာ၊ ကုန်ရင်လည်း နည်းနည်းရယ်၊ ဒါပေမယ့် အရမ်းနာမည်ကြီးမှာကွ၊ ငါက အိုင်ဒီယာ အသစ်နဲ့လုပ်မှာ။ မာတီမီဒီယာကွ။ ဘယ်သူမှ မလုပ်ဖူးသေးတဲ့ အိုင်ဒီယာ။ ပွဲဦးထွက် ပေါက်သွားပြီးရင် အနုပညာလောကမှာ လုပ်ချင်တာ လုပ်လို့ရပြီ၊ အဲဒီအခါကျရင် လက်ဖျား ငွေသီးပြီကွ ” ဟု မိန်းမကို ပြော၏။

မိန်းမက စိတ်ဝင်စားပုံမပေါ်။ ဖြစ်လာမှာလည်းမဟုတ်ပါဘူး ဟု စိတ်ထဲမှာ တွေးပုံရသည်။ ဒီလိုပဲ မစားရ၊ ဝခမန်း ကြီးကြီးကျယ်ကျယ် စိတ်ကူး တွေပြောပြလိုက်၊ နောက်တော့ ဒီလိုနဲ့ပဲ ဘာမှလည်း အကောင်အထည် ဖြစ်မလာတာ များတော့ သူလည်း သိပ်စိတ်ပူပုံမရ။

ရင်ခုန်သံချင်း နီးစပ်သူ တစ်ယောက်ယောက်နှင့် တိုင်ပင်ရလျှင် ကောင်းမည်ဟု ကိုဘကျော် ဆုံးဖြတ်သည်။ တော်ရုံတန်ရုံ တစ်ယောက်ယောက် မဖြစ်။ အသိဉာဏ် နယ်ပယ်ကျယ်ဝန်းသူ တစ်ယောက်ယောက်မှ ဖြစ်မည်။ ပြီးတော့ သူ့ အိုင်ဒီယာ၊ သူ့ ပရောဂျက်က အရမ်းကောင်းလွန်း၊ အင်နိုဗေးတစ် ဖြစ်လွန်းနေတော့ သူ့အိုင်ဒီယာကို အသာခိုးချပြီး သူ့ထက်အရင် ဦးအောင် ဦးနှောက်ဖောက်စား သွားမည့်သူလည်း မဖြစ်ရ။ အကောင်အထည် မဖော်ရသေးသော သူ့အိုင်ဒီယာကို ခိုးယူခံရမှာလည်း စိုးရိမ်သေးသည်။

ဘယ်သူနဲ့ တိုင်ပင်ရမလဲ၊ ယုံကြည်စိတ်ချရသူ သူငယ်ချင်းထဲမှာ ဘယ်သူများရှိမလဲ၊ ဘယ်သူများ အကြံပေးနိုင်မလဲဟု စဉ်းစားသောအခါ မိတ်ဆွေကြီး ကိုကြင်နာက ခေါင်းထဲ ချက်ချင်း ရောက်လာသည်။ ကိုကြင်နာဆိုသည့် လူက စာအရမ်းဖတ်သည်။ နာမည်ကြီး သတင်းမီဒီယာတစ်ခုမှာ အယ်ဒီတာလည်း ဖြစ်ခဲ့ဖူးသည်။ သူ ကောင်းကောင်း နားမလည်သည့် ပရိယတ္ထိ စာပေများလည်း ကိုရင်ဝတ်နဲ့ တဝါ၊ နှစ်ဝါလောက်အထိ လေ့လာအာဂုံ ဆောင်ဖူးသူလည်း ဖြစ်သည်။ လူကသာ ရော့ခ်ကာပုံစံ ဆံပင်အရှည်ကြီးနဲ့ ဖြစ်သော်လည်း သီချင်းကြီး၊ သီချင်းခန့်ကအစ ဂျောက်ဂျက်တို့ ဟစ်ပ်ဟော့သီချင်းများအထိ ကျယ်ကျယ်ပြန့်ပြန့် ခံစားနိုင်သော နှလုံးသားပိုင်ရှင် ကိုကြင်နာကတော့ ကောင်းကောင်း အကြံပေးနိုင်မှာပဲဟု သူယုံကြည်သည်။ နောက်ပြီး ကိုကြင်နာက အပေါင်းအသင်းလည်း များသည်။ ရုပ်သံတည်းဖြတ်သည့် ပတ်ဝန်းကျင်နဲ့လည်း နီးစပ်သူဆိုတော့ သူ စိတ်ပါလက်ပါ ဖြစ်သွားရင် အများကြီး အကူညီရမည်ဟု ကိုဘကျော် တွေးသည်။ သူ့အိုင်ဒီယာက မာတီမီဒီယာ မဟုတ်လား။

တကယ်တော့ ကိုဘကျော်က ဘာမှ မဟုတ်။ စာလေး ကဗျာလေး ဖတ်လိုက်၊ ရုပ်ရှင်လေး ကြည့်လိုက်၊ ပန်းချီကားတွေ ကြည့်လိုက်နဲ့ သူ့ကိုယ်သူ အကုန်သိ၊ အကုန်တတ်ဟု ယုံကြည်နေသူ ဖြစ်၏။ အလယ်တန်း ကျောင်းသားဘဝ လွတ်လပ်ရေးနေ့ စာစီစာကုံးပြိုင်ပွဲမှာ ဆုရဖူးသဖြင့် စာရေးဆရာမျိုးစေ့ သူ့ ဗီဇမှာ ပါလာသည်ဟု သူ့ကိုယ်သူ ထင်နေ၏။ တက္ကသိုလ်ကျောင်းသားဘဝ၊ နှစ်စဉ် ကျင်းပသည့် အဆောင် ညစာစားပွဲလုပ်တုန်းက နံရံကပ်စာစောင်တွေ လုပ်တော့ ဟိုခြစ်၊ သည်ခြစ် သရုပ်ဖော်ပုံတွေ လျှောက်ဆွဲ၊ ကာတွန်းတွေ ဆွဲတော့ ကာတွန်းဆု ရခဲ့ဖူးသည်။ အမှန်က တစ်ဆောင်လုံးမှာ သူတစ်ယောက်ပဲ ကာတွန်း ဆွဲသည် ဖြစ်ရာ အဆောင်မှူးက ပြိုင်ဘက်မရှိ သူ့ကို ဆုပေးခြင်းဖြစ်သည်။ ထိုကတည်းက ကာတွန်း အော်ပီကျယ်၊ ဇော်မောင်၊ ဂျိုကာတို့ကို အားကျပြီး ကာတွန်းရေးနည်း စာအုပ်တွေ၊ ကယ်ရေကေးချား ရေးဆွဲနည်းစာအုပ်တွေ ဝယ်ကာ လေ့ကျင့်ပြန်သည်။ မဂ္ဂဇင်း စာမျက်နှာများပေါ်သို့ကား သူ့ကာတွန်းများ တစ်ခုမှ ရောက်မလာ။ ကဗျာတွေ ရေးသည်။ ဝတ္တုတွေ ရေးပြီး လက်တည့်စမ်းပြန်သည်။ တစ်ပုဒ်မှ အရွေး မခံရ။ သို့သော် ကိုဘကျော်က မလျှော့။

စာကို ဖတ်ရုံမက ဖတ်ပြီးလျှင် စဉ်းစားရမည်၊ တွေးရမည်တဲ့။ ကိုဘကျော် စာတွေဖတ်သည်။ ဖတ်ပြီး စဉ်းစားသည်။ အိုင်ဒီယာ အသစ်ဆိုတာ စာအုပ်ထဲကသာမက လူတွေထဲ၊ ပတ်ဝန်းကျင်ကပါ ရတတ်သည်။ ဒီတော့ သူက စာတွေကို ဖတ်ရုံမက လူတွေကိုလည်း ဖတ်သည်။ လူတွေထဲကို သွားသည်။ အလုပ်ထဲက အလုပ်သမား၊ မန်နေဂျာကအစ၊ စာရေးမပါမချန် အကုန်ဖတ်သည်။ ပြီးတော့ အဖန်ဖန် စဉ်းစားသည်။ သူက အသစ် ဖန်တီးဖို့ စိတ်ဝင်စားသည်ကိုး။ ဘယ်လို အသစ်လုပ်ရမည်လဲ ဆိုသည်ကို သူက အမြဲ ဦးနှောက်မုန်တိုင်းဆင်သည်။ တကယ်က အနှီ အိုင်ဒီယာ သူ့ခေါင်းထဲမှာ ရှိနေတာ အတော်ကြာပြီ။ ဘယ်သူများ လုပ်မလဲလို့ သူ စောင့်ကြည့်နေခြင်း ဖြစ်သည်။ အခုထိ သူလေ့လာမိသလောက် ဘယ်သူမှ မလုပ်ကြသေး။ ယခု အိုင်ဒီယာ အသစ်ကလည်း သူဖတ်ခဲ့သော စာအုပ်များ၊ ကြည့်ဖူးသော ရုပ်ရှင်ကားများ၊ ပန်းချီကားများမှ ရလာခြင်း ဖြစ်သည်။

မော်ဒန်ကဗျာဆရာ၊ စာရေးဆရာ သစ္စာနီက ဟိုးအရင်တုန်းက ကဗျာသစ်ဆိုလား၊ ပို့စ်မော်ဒန်ဆိုလား ကဗျာတစ်ပုဒ် ရေးဖူးသည်တဲ့။ ကဗျာစာအုပ်ထဲက မာတိကာမှာ ဆရာ့ကဗျာကို စာမျက်နှာနဲ့တကွ ဖော်ပြထားပေမယ့် အဲဒီ ကဗျာစာအုပ်မှာ အဲဒီကဗျာမပါ။ အဲဒီ စာမျက်နှာနဲ့ စာရွက်တွေကို စုတ်ဖြဲထားတယ်တဲ့။ ဆရာသစ္စာနီကလည်း အဲဒါကိုက သူ့ကဗျာဟု ဆိုသည်တဲ့။ ဒါကို ကိုဘကျော်တစ်ယောက် သဘောကျသွားသည်။ ခိုက်သွားသည်။ ဟုတ်ပြီ ဒါမှ အသစ်။ ဘယ်သူမှ မလုပ်ဖူးသေးတဲ့ အသစ်။

ကိုဘကျော်မှာ ပန်းချီဆရာ မိတ်ဆွေတချို့ ရှိသောကြောင့် ပန်းချီပြပွဲတွေ၊ အင်စတော်လေးရှင်း (Installation)တွေ၊ ပါဖောမင့်စ်ပွဲ (Performance) ပွဲတွေလည်း ရောက်ဖူးပါသည်။ တကယ်တော့ ပါဖောမင့်စ်ဆိုသည်ကို သူနားမလည်။ ပန်းချီဆရာ ငြိမ်းချမ်းဆုက သူတို့ ပန်းချီဆွဲတဲ့ စတူဒီယိုလေးထဲမှာ ပါဖောမင့်စ် လုပ်တုန်းက သူ တအံ့တသြ ဖြစ်ခဲ့ရသည်။ ငြိမ်းချမ်းဆုရဲ့ ပါဖောမင့်စ်က ဒီလို။ သူက အင်္ကျ ီချွတ်၊ ဘောင်းဘီချွတ်နဲ့ နောက်ဆုံး သူ့ခန္ဓာကိုယ် တစ်ခုလုံး အတွင်းခံလေးပဲ ကျန်သည်။ လူက ခပ်ဝ၀မှာ အတွင်းခံ ဘောင်းဘီလေး တစ်ခုထဲနဲ့ဆိုတော့ ကြည့်လို့လည်း မကောင်း။ ဆက်ချွတ်ရင် ဒုက္ခဟု သူက ကြားထဲက စိုးရိမ်နေသေးသည်။

ပါဖောမင့်စ်နေသော ပန်းချီဆရာက သူ့ကိုယ်သူလည်း ဆေးရောင်တွေ လျှောက်ခြယ်သည်။ ဘာတွေလဲ မသိဘူး ဆိုပြီး ကိုဘကျော်တစ်ယောက် စဉ်းစားမရဖြစ် နေတုန်း ပန်းချီ ဆရာက ပါဖောမင့်စ်ကို ငါနဲ့ကိုင်တုပ်ပြီး ဆဲတော့သည်။ ကိုဘကျော် လန့်သွားသည်။ ဘာလဲဟ။ ပါဖောမင့်စ် လုပ်တယ်ဆိုပြီး ပါဖောမင့်စ်ကို ဆဲနေပါလား ။ ဒါလား ပါဖောမင့်စ် ဆိုပြီး သူ နားမလည်။ ဘာတွေတုန်းဗျ ဆိုပြီး ပန်းချီဆရာတစ်ယောက်ကို အနားကပ်ပြီး မေးကြည့်တော့ ဒါက ပါဖောမင့်စ်ကို ပါဖောမင့် စ်လုပ်တာတဲ့။ သူ့ပါဖောမင့်စ်ရဲ့ ခေါင်းစဉ်ကိုက ပါဖောမင့်စ်တဲ့။ ရှင်းပြမှ ပိုရှုပ်သွားသည်။ ဘာကြောင့် ဆဲရတာလဲ။ နေရာတကာ လူတကာ ပါဖောမင့်စ် လုပ်နေကြလို့ စိတ်အချဉ်ပေါက်ပြီး ပါဖောမင့်စ်ကို ဆဲခြင်းလား။ ဆဲတာကိုက ပါဖောမင့်စ်လား။ ကိုဘကျော်မသိ။ ဧည့်ခံသည့် အယ်လ်ကိုဟောရောထားသော ကော်ဖီ သောက်ပြီး ရီတီတီနဲ့ အပြန်လမ်း တစ်လျှောက် ပါဖောမင့်စ် ဆိုတာကြီးကို စိတ်ထဲ မှတ်မှတ် ထင်ထင်စွဲနေခဲ့သည်။

သူ့အိုင်ဒီယာကို နောက်ထပ် အားဖြည့်ပေးသူမှာ ကဗျာဆရာ ငြိဏ်းဝေ။ ဟိုးလွန်ခဲ့သော နှစ်တချို့ဆီက ပြင်သစ်အနုပညာဌာနမှာ ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ အနုပညာသမားတွေ ပါဖောမင့်စ်လုပ်ကြတုန်းကလည်း ကိုဘကျော်တစ်ယောက် ရောက်သွားသေးသည်။ ကိုငြိဏ်းဝေ အလှည့်ရောက်သောအခါ ကဗျာဆရာကိုရှာမရ။ ဘယ်တွေ့မလဲ။ သူက ပုန်းနေတာကိုး။ ပါဖောမင့်စ်လုပ် ရမည့်တချိန်လုံး ကိုငြိဏ်းဝေ ရောက်မလာ။ ကိုငြိဏ်းဝေက နဝေတိမ်တောင်ဖြစ်နေသော ကိုဘကျော်ကို ရှင်းပြခဲ့သည်။

“ ဒီလိုကိုဘကျော်ရ။ ကျွန်တော့်အလှည့်မှာ ကျွန်တော်က ပါဖောမင့်စ် လုပ်ရမှာမလား။ အဲဒီအချိန်မှာ ကျွန် တော်က ပျောက်နေတော့ လာတဲ့သူတွေက ဟာ ကိုငြိဏ်းဝေ ဘယ်မှာလဲ၊ ဘယ်ရောက်နေလဲ၊ အခု သူ့ အလှည့်ရောက်နေပြီ ဆိုပြီး အာမေဋိတ်တွေ၊ ရှာကြ၊ ပြုကြ၊ အံ့သြကြတာတွေ ၊ ဒါတွေက ပါဖောမင့်စ်လေ။ ဒါကမှ တကယ့် ပါဖောမင့်စ်အစစ်ပေါ့ ”

ဟာ ၊ တယ်ဟုတ်တာပဲ။ ကြည့်စမ်း။ ဘယ်သူမှ မစဉ်းစားသေးတဲ့ အသစ်။ တော်လိုက်တဲ့ ကိုငြိဏ်းဝေ။

ကဗျာဆရာ၏ ရှင်းပြချက်ကို ကိုဘကျော်တစ်ယောက် ရင်ထဲ ဒုတ်ဒုတ်ထိ ခိုက်သွားပြန်သည်။

နောက် အင်စတောလေးရှင်းဆိုသော အနုပညာပုံစံတစ်ခုလည်း ရှိသေးသည်။ တပ်ဆင်ခြင်း အနုပညာဆိုပဲ။ ဒါကိုလည်း သူနားလည်ဖို့ ကြိုးစားသည်။ သို့သော် နားမလည်။ လုပ်လည်း မလုပ်တတ်။ သို့သော် တစ်ခါမှ မတွေ့ဖူး၊ မမြင်ဖူးသည်ကြောင့်လား မသိ၊ တချို့ အင်စတော်လေးရှင်းတွေကို သူသဘောကျသည်။ သူအရမ်း ကြိုက်သော အဆိုတော် ထူးအိမ်သင်အကြောင်း ကဗျာဆရာစောဝေတို့ အင်စတော်လေးရှင်း လုပ်တာကို သဘောကျမဆုံး။ နောက်ပြီး အင်စတော်လေးရှင်းဆိုတာ ပုလင်းတွေ၊ အိုးတွေ၊ ဖိနပ်တွေ စတဲ့ နေ့စဉ်မြင်တွေ့နေကြ ပစ္စည်းတွေနဲ့လည်း လုပ်လို့ရပါလားဆိုတာ သူသတိထားမိသည်။ ဖြန့်ထွက်တွေး၊ ဖောက်ထွက်တွေး၊ ပေါက်ကရ တွေးတတ်သော ကိုဘကျော်ဦးနှောက်က site ထဲက သံချောင်းတွေ၊ ကွန်ကရစ်တုံးတွေ နဲ့လည်း အင်စတော်လေးရှင်း လုပ်လို့ရမှာပဲဟု တွေးသေးသည်။ အလုပ်သမားတစ်ယောက် နေ့လယ်စာ သွားစားစဉ် safety helmet ကို ကော်လံတိုင် အင်္ဂတေထဲက ထောင်ထွက်နေသည့် သံချောင်းတွေအပေါ် တင်ထားခဲ့ရာ ဒါလဲ အင်စတော်လေးရှင်း တစ်မျိုးပဲဟု သူ့ဘာသာသူ ယူဆကာ သူ့စိတ်ကူးကို သူ သဘောကျနေခဲ့ဖူးသည်။

သို့သော် ကိုဘကျော်က သာမန်လူထဲက သာမန်လူမဟုတ်။ သူက သူများ လုပ်ပြီးသားဟာ လိုက်မလုပ်ချင်။ အသစ်မှ လုပ်ချင်သူ။ ဒါကြောင့် အင်စတော်လေးရှင်းတွေ၊ ပါဖောမင့်စ်တွေ သိပ်မလုပ်ချင်။ အကြောင်းရင်းတစ်ခုက အင်စတော်လေးရှင်းများ၊ ပါဖောမင့်စ်လှိုင်းများ ခပ်လှိုင်လှိုင်ထတဲ့ အချိန်လောက်က မဂ္ဂဇင်းတစ်ခုမှာ ဖတ်ရသော ဆရာကျော်စောမင်းနဲ့ ဆရာမြင့်သန်းတို့၏ ဆောင်းပါးကြောင့်ပင်။

ဆရာ ကျော်စောမင်းက ဒူရှန့်၏ အိမ်သာခွက်သည် အနုပညာလက်ရာ တစ်ခုမဟုတ်ဟု သူ၏ အမြင်ကို ရေးသည်။ ဆရာမြင့်သန်းက ထိုအိမ်သာခွက်သည် ကာလ၊ ဒေသ၊ ပရောဂတစ်ခု အတွင်းမှာသာ အနုပညာမြောက်သည်ဟု ဆိုနိုင်ကြောင်း ဘာသာစကားဘောင်တွေနဲ့ ရှင်းပြပြီး ဒူရှန့်၏အိမ်သာခွက် အနုပညာကို ကောင်းလှချည့်ဟု ဆိုနေကြသော မြန်မာပြည်က အနုပညာသမားများကို ဥရောပရှိ အိမ်သာခွက်များကို လိုက်ပြချင်ကြောင်း၊ ထို့နောက် လေယာဉ်ပျံကြီး ပင်လယ်ပေါ်မှ ဖြတ်ပျံသန်းနေစဉ် ပါဖောမင့်စ်တစ်ခု လုပ်ချင်ကြောင်း၊ ထိုပါဖောမင့်စ်မှာ ဒူးရှန့်ပြောတာမှန်တယ်ဟု ဆိုကာ လေယာဉ်ပေါ်မှ တစ်ယောက်ပြီး တစ်ယောက် ကန်ချလိုက်ချင်ကြောင်း ဖတ်ရတော့ သူ တွန့်သွားသည်။ သေချာ နားမလည်သော်လည်း အသစ်ဟု သူယူဆသည့် အရာကို အခုလို မှိုချိုးမျှစ်ချိုး ရေးတာမျိုးကို ကိုဘကျော် မခံချင်။ နောက်ပြီး လေယာဉ်ပေါ်က ကန်အချခံရတာမျိုး သူ အရေးမခံနိုင်။ နောက်ပြီး နိုင်ငံခြားမှ ပါဖောမင့်စ်ပွဲများ အကြောင်း ဆောင်းပါးများ၊ မှတ်တမ်းပုံများတွင် တချို့ပါဖောမင့်စ်သူများက ကိုယ်တုံးလုံးချွတ်ကာ ပါဖောမင့်စ်ကြ သည်ကိုသူတွေ့ဖူးသည်။ ခင်ဗျားတို့ ပါဖောမင့်စ်ဆိုတာ ဒါမျိုးတွေလားဗျာဟု မေးငေါ့ကာ မေးလာမည့် အမေးများကို ကိုဘကျော် မခံချင်။ ကိုယ်ကိုယ်တိုင် သေချာနားမလည်ဘဲ မလုပ်တာ ကောင်းသည်ဟု သူယူဆသည်။ သူများလုပ်ပြီးသား လမ်းကြောင်းပေါ် သူမလျှောက်။ ကိုဘကျော်ကား copy cat ကိုဘကျော်မဟုတ်။ ခရီရေးတစ် ကိုဘကျော်ဖြစ်သည်။

အခုတော့ ကိုဘကျော်တစ်ယောက် အိုင်ဒီယာ ကောင်းကောင်းတစ်ခုရပေပြီ။ သူ၏ မဟာအိုင်ဒီယာကို ရောင်းရင်းဖြစ်သူ ကိုကြင်နာအား ရှင်းပြဆွေးနွေးသည်။ ကဗျာမပါသော ကဗျာ၊ ပါဖောမင့်စ်မပါသော ပါဖောမင့်စ် စသော သူကြားဖူး၊ ကြုံဖူးသမျှ သူနားလည်သလို ရှင်းပြပြီးသည်။ ကိုကြင်နာက ကောင်းကောင်း သဘောမပေါက်။

“ ခင်ဗျားလုပ်ချင်တာ ဘာလဲဗျ၊ ရှင်းရှင်းပြောပြဗျာ”

“ ကျွန်တော်က ရုပ်ရှင်ရိုက်ချင်တာ။ ကင်မရာတောင် သိပ်မလိုတဲ့ ရုပ်ရှင်။ ရိုက်ကူးရေးအဖွဲ့လည်း မလိုဘူးဗျာ”

“ ဗျာ . ဘယ်လိုဗျ။ ကင်မရာမပါဘဲ ဘယ်လို ရိုက်မှာတုန်း”

“ လုံးဝ အသစ် ဖြစ်တဲ့ ရုပ်ရှင်ဗျာ။ နာမည်တောင် ပေးပြီးသွားပြီ။ မျက်မမြင်တစ်ယောက်၏ မှတ်စုများ တဲ့။ ဇာတ်လမ်းတော့ မစဉ်းစားရသေးဘူး”

“ ဟင် . ဘာကြီးတုန်းဗျ။ ခင်ဗျားဟာကလည်း။ ရုပ်ရှင်ရိုက်မယ်လည်း ဆိုသေး၊ ဇာတ်လမ်းလည်း မစဉ်းစားရသေးဘူးဆိုတော့ … ”

ကိုဘကျော်က ကောင်းကောင်း သဘောမပေါက်သေးသော ကိုကြင်နာအား ရှင်းပြရပြန်လေသည်။

“ ဒီလိုဗျ။ ကျွန်တော်က ဘယ်သူမှ မလုပ်ဖူးတာမျိုး လုပ်ချင်တာ။ ကျွန်တော် သိထားတာ ပြောပြမယ်ဗျာ။ ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှု၊ သရုပ်ဆောင်မှု လုံးဝမပါဘဲ ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားဗျာ။ ဓာတ်ပုံ တွေနဲ့ချည်းပဲ။ အစအဆုံးနော်။ ဓာတ်ပုံတွေနဲ့ပဲ တဖျတ်ဖျတ် ပြောင်းပြီး ဇာတ်လမ်းကိုပြောပြသွားတာ။ My Love My Love တဲ့။ အဲလိုမျိုး ဘယ်သူရိုက်ဖူးသလဲ .. ကဲ။ နောက်တစ်ကား ရှိသေးတယ်။ ဇာတ်လမ်းကို CCTV လုံခြုံရေး ကင်မရာတွေကနေ မြင်ရသလို ရိုက်ထားတာ။ တစ်ကားလုံး လှုပ်ရှားမှုမရှိတဲ့ angle အသေတွေ ပေါ့ဗျာ။ အဲလိုမျိုး တင်ပြပုံဆန်းသစ်တာမျိုးကို လုပ်ချင်တာဗျ။”

ကိုဘကျော်ကား အာပေါင်အာရင်း သန်သန်ဖြင့် ဆက်ပြောသည်။ ကိုကြင်နာကား ရှုပ်ထွေးသော မျက်နှာနှင့်။

“ အဲ .. တလောက Buried ဆိုတဲ့ ရုပ်ရှင်ဗျာ။ ကြည့်ဖူးလိုက်လား မသိဘူး။ အဲဒီ ဇာတ်ကားတစ်ကားလုံးမှာ သရုပ်ဆောင်က တစ်ယောက်ထဲရယ်။ တခြားအသံ သရုပ်ဆောင်တွေတော့ ပါတာပေါ့လေ။ သူက မြေကြီးထဲ အမြှုပ်ခံထားရတာ။ လက်ကိုင် တယ်လီဖုန်းလေးတစ်လုံးနဲ့ သူလွတ်အောင် ကြိုးစားတဲ့အကြောင်း။ တော်တော် ကောင်းတယ်ဗျာ။ အစအဆုံးကို ဆွဲဆောင်မှုရှိတာ။ အဲဒီဇာတ်ကားက ကျွန်တော့် ရင်ထဲမှာ အချိန် အကြာကြီး ကိန်းအောင်နေတဲ့ အိုင်ဒီယာကို အကောင်အထည် ဖော်ဖြစ်အောင် အားဖြည့်လိုက်တဲ့ နောက်ဆုံး ရိုက်ချက်ပေါ့။ ကျွန်တော့်ရုပ်ရှင်က တကယ်တမ်းသရုပ်ဆောင်မယ့်သူ မလိုဘူး။ အဲ. .အသံသရုပ်ဆောင် တွေပဲလိုမယ်။ ရီကောဒင်း ကောင်းကောင်းလိုမယ်။ နောက်ခံဂီတ နည်းနည်းလိုမယ်။ ကင်မရာကတော့ သိပ်တောင် မလိုလှဘူး။ အဖွင့်စာတန်းထိုးနဲ့ နောက်ဆုံး ပြီးပါပြီ စာတန်းထိုးလောက်ပဲ။ သရုပ်ဆောင်တွေကို နာမည်ကြီးတွေ ငှားမယ်ဗျာ။ သူတို့ကို ပြောမှာက အဝတ်အစားမလို၊ မိတ်ကပ်မလို၊ အသံသက်သက်ပဲ လိုတာကိုးဗျ။ သရုပ်ဆောင်ခ လျှော့ယူခိုင်းရမှာပေါ့။ ဟုတ်ဘူးလား။ ဘယ်လိုလဲ . ကျွန်တော် အိုင်ဒီယာ။ မကောင်းဘူးလား။ ဟဲ ဟဲ”

ကိုဘကျော်၏ စကားအဆုံးမှာ အချိန်အတော်ကြာအောင် ကိုကြင်နာ ဘာပြောရမှန်းမသိ။ ထူးခြားသည်ဟုတော့ အသိအမှတ်ပြုမိသည်။ သူ့ဘော်ဒါ ကိုဘကျော်ကား ဉာဏ်ကြီးရှင်ပေပဲ။ မလုပ်လို့သာ၊ လုပ်ချင်စိတ်ရှိလို့ ထလုပ်လို့ကတော့ သူ့အိုင်ဒီယာဆန်းများကြောင့် ဒီနေ့ ဒါရိုက်တာတွေ ထမင်းငတ်သွားနိုင်သည်။ သို့သော် သူက ဘာအကြံပေးရမှာလဲ ကောင်းကောင်းမရှင်းသေး။

“ အေး . .မဆိုးဘူးဗျ။ ဇာတ်ကား တင်ဆက်ပုံကတော့ ဘယ်သူမှ မလုပ်ဖူးသေတဲ့ ပုံစံပဲ။ ဇာတ်လမ်းကရော”

“ အဲဒီ ဇာတ်လမ်းအတွက် ခင်ဗျားဆီလာတာပေါ့။ ခင်ဗျားက ဇာတ်လမ်း ရေးပေးရမှာ။ မျက်မမြင်တစ်ယောက်ရဲ့ ခံစားချက်၊ သူ့ပတ်ဝန်းကျင်က လူတွေပြောတာတွေ၊ သူကြားရတာတွေ ဒါတွေက ဇာတ်လမ်းလေဗျာ”

“ သြော် . အဲလိုလား ”

“ ဟုတ်တယ်။ ခင်ဗျားမှာ ဇာတ်လမ်းတွေ အများကြီး ရှိတတ်တော့ ခင်ဗျားက ဇာတ်လမ်းရေးပေး”

အခုမှ ကိုကြင်နာ ဇာတ်ရည်လည်သွားသည်။ သူက ဇာတ်လမ်းရေးပေး ရမည်ကိုး။ ဒါရိုက်တာ ကိုဘကျော်၊ ဇာတ်လမ်း ကိုကြင်နာ။ ဒီလိုကိုး။ သို့သော်လည်း မရှင်းလင်းသည်များကို မေးရဦးမည်။

“ နေဦးဗျ။ ဇာတ်လမ်း ရေးပေးတာ ဟုတ်ပါပြီ။ ခင်ဗျား ဇာတ်ကားက လူဝင်ပါ့မလားဗျ ”

“ အာ . နာမည်ကြီး သရုပ်ဆောင်တွေနဲ့ပဲဗျာ။ ဝင်မှာပေါ့။ မဝင်လည်း ဘာဖြစ်လဲ။ အရင်းအနှီးကလည်း နည်းနည်းလေးပဲ ဥစ္စာ။ ဒီမယ် ငွေရေးကြေးရေးက အဓိကမဟုတ်ဘူး။ အဓိကက ကျွန်တော့်ဇာတ်ကားဟာ အသစ် ဖြစ်နေရမယ်။ အရင်တုန်းက တစ်ခါမှ မရိုက်ကူးဖူးသေးတဲ့ ရုပ်ရှင်ဖြစ်နေရမယ်။ အဲဒါ အဓိကပဲ ”

“ အေးဗျ။ ခင်ဗျား အိုင်ဒီယာက စိတ်ဝင်စားဖို့တော့ ကောင်းသားဗျ။ စီးပွားရေးအရတော့ အောင်မြင်မယ် မထင်ဘူးဗျို့။ ဒါပေမယ့်လည်း ခင်ဗျားက လုပ်ချင်တော့ ကူညီရတာပေါ့ဗျာ။ ဒါနဲ့ နေပါဦးဗျ။ သေချာ စဉ်းစား ကြည့်ဦး။ ခင်ဗျားက အသစ်၊ အသစ်နဲ့ ကြွေးကြော်နေပေမယ့် တကယ်တော့ ဒါဟာ အသစ်လို့ ဆိုနိုင်ပါ့မလားဗျ။ အိုင်ဒီယာက သူများလုပ်ပြီးသားကြီးလေ။ ဘာမှမရှိတာနဲ့ အနုပညာပစ္စည်းတစ်ခု ဖန်တီးတာပဲ ဟုတ်တယ်မဟုတ်လား။ ဟို မြက်စားနေတဲ့ နွားပုံပန်းချီကားလို။ မြက်တွေက မရှိတော့ဘူး။ နွား စားသွားလို့၊ နွားရော ဘယ်ရောက်သွားတုန်း ဆိုတော့ မြက်စားပြီးလို့ ထွက်သွားပြီ။ အဲလိုဆိုတော့ ခင်ဗျားအိုင်ဒီယာဟာ အသစ်လို့ ပြောလ ရပါ့မလား ။ နောက်ပြီး ခင်ဗျားလို အရုပ်မပါတဲ့ ဇာတ်ကားမျိုး ရှေ့မှာ ရှိပြီးသားတွေ ဖြစ်နေဦးမယ်။ သေချာရော လေ့လာပြီးပြီလား”

ကိုကြင်နာ၏စကားအဆုံးမှာ ကိုဘကျော်ခဏငိုင်သွားသည်။ သို့သော် မလျှော့။

“ အေးဗျာ. ခင်ဗျား ထောက်ပြမှပဲ။ မူရင်းအိုင်ဒီယာက အတူတူ ဖြစ်နေတယ်။ ဒါပေမယ့်လည်း မြန်မာပြည်မှာတော့ ဒီလိုရုပ်ရှင်ကားက ပထမဆုံးပဲဗျာ။ သေချာတယ် အဲဒါတော့။ ကမ္ဘာမှာတော့ မပြောတတ်ဘူး။ အဲဒီတော့ ဖြစ်အောင် လုပ်မယ်ဗျာ။ ခင်ဗျားသာ ဇာတ်လမ်းရေးပေး. ”

ကိုကြင်နာကား ကိုဘကျော်၏ အတွေးဆန်းသစ်ပုံကို သဘောကျမိသလိုလို ရှိသည်။ ကိုကြင်နာအတွက် ဇာတ်လမ်းက မခက်။ စိတ်ထဲမှာ ရှိသော ဇာတ်လမ်းတစ်ပုဒ်ကို ဇာတ်ကောင် မျက်မမြင်ဟု ပြောင်းပြီး အကြမ်း ပြောပြလိုက်သည်။ ကိုဘကျော် သဘောကျသွားသည်။

“ ကောင်းတယ်ဗျာ။ ကောင်းတယ်။ တကယ်တော့ ကျွန်တော့်မှာ အိုင်ဒီယာတွေက အများကြီး ရှိနေတာဗျ။ အိုင်ဒီယာတွေ ပေါက်ကွဲ ထွက်ကုန်မှာတောင် စိုးရတယ်။ ဒီကားပြီးရင် အသံတွေ ပိတ်ထားပြီး နားမကြား သူတစ်ဦး၏ မှတ်တမ်းများဆိုပြီး လုပ်ဦးမလားလို့။ ကင်မရာကတော့ hand-held ပေါ့ဗျာ။ ကင်မ်ကော်ဒါ တစ်ခုလောက်နဲ့ကို …”

ကိုဘကျော် စကားဆုံးအောင် ဆက်မပြောလိုက်ရပါ။ ကိုကြင်နာက လက်ဝါးကာပြီး

“ ဟိုး ဟိုး ကိုဘကျော်။ ခင်ဗျား အဲဒါတော့ နည်းနည်းလွန်သွားပြီ ထင်တယ်။ ကြည့်လည်း လုပ်ပါ။ ခင်ဗျား လုပ်ချင်တာတွေက မျက်စိမမြင်၊ နားမကြားတွေနဲ့။ ဘယ်နှယ့် ခံစားမှုအာရုံ ချို့တဲ့သူတွေကို ပြက်ရယ်ပြုနေသလိုပဲ။ နောက်ထပ် မျက်မမြင်၊ နားမကြားသူ တစ်ဦး၏ ခံစားချက်များ ဆိုပြီး အသံမပါ၊ ရုပ်မပါနဲ့ ပရိသတ်ကို ရုံထဲမှာ မှောင်ချထားတာမျိုးများ လုပ်ဦးမလား မသိဘူး။ အဲဒါတော့ မလုပ်နဲ့ဦး။ ဒီလိုလုပ်. . ခင်ဗျားရဲ့ ပထမ ဇာတ်ကား ရုံတင်ပြီး ပရိသတ်ရဲ့ တုန့် ပြန်မှုကို ကြည့်ပြီးမှ ဆက်လုပ်ဖို့ စဉ်းစားကြတာပေါ့။ မကောင်းဘူးလား ”

ကိုဘကျော်က မလျှော့ချင်။ သို့သော်လည်း

“ အေးဗျာ။ အဲဒါတွေကတော့ နောက်ပိုင်းပေါ့။ စီစဉ်စရာရှိတာတွေ စဉ်းစားရဦးမယ်။ ခုတော့ ပြန်ပြီဗျို့ ”

ကိုဘကျော် ပြန်သွားသောအခါ ကိုကြင်နာတစ်ယောက် ခေါင်းကုတ်ပြီး ရင်ထဲမှာလည်း အမျိုးအမည် မသိ သော ခံစားချက်တစ်မျိုး ကျန်ခဲ့သည်။ တကယ် လုပ်ဖြစ်ချင်မှလည်း လုပ်ဖြစ်မှာပါလေဟုလည်း တွေးမိသည်။

အနုပညာ ပုံစံသစ်ကို တီထွင်မွေးထုတ်ချင်သူ ဒါရိုက်တာလောင်းကြီး ကိုဘကျော် တစ်ယောက်ကတော့ စိတ်ကူးထဲမှာ မင်းသား၊ မင်းသမီးရွေးပြီး ဇာတ်ညွှန်း ခွဲနေလေပြီ။ ။

ကေကေတီ

(မျက်ရှုမဂ္ဂဇင်းတွင် ဖော်ပြပြီး)

Advertisements

Leave a comment

Filed under Short Story

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s