A Love Story

အချစ်စစ်တခု၏ ဘာသာဗေဒ

(ဒီဝတ္ထုတိုကို ၂၀၀၉ တုန်းကတည်းက ရေးပြီး တင်ပြီးပြီ။ ဖောင့်အပြောင်းအလဲကြောင့် အခုတော့ ပြန်ဖတ်လို့ရချင်မှ ရမယ်။ မျက်ရှုကလည်း သုံးမယ်ဆိုတာနဲ့ အရင်အပိုင်းလိုက်တွေကို ဆက်လိုက်တယ်။ သူတို့တည်းထားတယ်ဆိုပေမယ့် ဘယ်နားတွေ ဖြတ်တောက်တယ်ဆိုတာတော့ မသိဘူး။ အခု မြန်မာသရီးဖောင့်နဲ့ ထပ်တင်လိုက်တယ်။ အခုရေးထားတာဟာ အားလုံးတကယ့် အဖြစ်အပျက်တွေချည်းပဲ။ သင်ကာ)

(၁)

ကျနော့်ရှေ့တည့်တည့်တွင် ယဉ်၏ အမျိုးသားထိုင်နေသည်။ နံဘေး တဖက်တချက်တွင် ယဉ်နှင့် ယဉ်၏ ယောက္ခမတို့ ထိုင်နေသည်။ အလယ်တွင် ထမင်းဝိုင်းရှိသည်။ ကျနော်က ယဉ့်အမျိုးသားကို ဖျတ်ကနဲ ကြည့်သည်။ ထိုလူက မရိပ်မိသော်လည်း ယဉ်က ကျနော့်အကြည့်ကို သိသည်။ ကျနော့်အကြည့်တွင် ငါ့ထက် သူက ဘာ သာသလဲဟူသော နာကျည်းသည့် အတွေးကို ယဉ်က အလုံးစုံဖမ်းမိအောင် ပါးနပ်သည်။ တကယ်က ရုပ်ရည်မသာသည့်တိုင် မိန်းမတစ်ယောက်အတွက် ဘဝအာမခံချက်ပေးနိုင်မည့် ပစ္စည်းဥစ္စာဓနတော့ ထိုလူက ကျနော့်ထက်သာပါသည်။ ရင်သည် စူးကနဲ နာသည်။

ဟင်းခွက်ကို လက်အနှိုက်တွင် ထိုလူနှင့် လက်ဆုံသည်။ တကယ်ဆိုလျှင် ယဉ့်ကို ကျနော် ဟင်းခပ်ထည့်ပေးချင်ပါသည်။ ရင်ဘတ်သည် ပိုမိုစူးရှ နာကျင်သောကြောင့် ထမင်းစားပွဲမှ ထလိုက်သည်။

ကျနော် ဗြုန်းကနဲ လန့်နိုးလာသည်။ ကျနော့်ရင်သည် အိပ်မက်ထဲက ထမင်းဝိုင်းမှာ ယဉ်နှင့် တွေ့ခဲ့သည့်အတိုင်း နာကျင်နေဆဲဖြစ်သည်။ ယဉ်နှင့် ကျနော် မတွေ့တော့တာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိတော့မည်။ ကျနော့်ရင်ထဲမှ ယဉ်သည် မနေ့တနေ့က အတိုင်းလေးပဲ ရှိနေပါသည်။ အချစ်ထက် ငွေကြေးကို ဦးစားပေးရွေးချယ်သွားသော၊ သာမာန်မိန်းကလေးတို့၏ ထုံးစံအတိုင်း ဘဝအာမခံချက်ကို ဦးစားပေးသွားသော ယဉ့်ကို ကျနော်သည် မနာကျည်းနိုင်။ ထိုစဉ်က ဆင်းရဲချို့တဲ့လွန်းခဲ့သော ကိုယ့်ဘဝကိုသာ ကျနော် နာကျည်းနေမိသည်ကလည်း ထူးဆန်းပါသည်။ စိတ်မနာနိုင်လောက်အောင်ပင် ယဉ့်ကို ကျနော်ချစ်ပါသည်။ ယဉ် ကျနော့်အပေါ်မှာ အတော်ကလေး ရက်စက်ပါသည်။ အနိုင်ယူပါသည်။ လှည့်စားပါသည်။ သို့သော် ကျနော် ချစ်နေမိသေးသည်။

ကျနော် ချစ်ခဲ့ဖူးပါသည်။ ကျနော်နှင့် ချစ်ကြိုက်သည်ဟု အများက မြင်ကြသော မိန်းကလေးများစွာ ရှိခဲ့သော်လည်း တကယ်တမ်း ပြန်ဆန်းစစ်သောအခါ ကျနော့်ဘဝတွင် တကယ်ချစ်မိသူက ၂ ယောက်လောက်ပဲ ရှိမယ် ထင်ပါသည်။ ယဉ်သည် ကျနော့်ရင်ထဲမှ အချစ်များကို သူလည်း မယူ၊ သူများလည်း မယူရအောင် ချိပ်ပိတ်သွားသူ ဖြစ်မည်။ သူ့ကို နားလည်ခွင့်လွှတ်လိုက်ပြီးနောက်ပိုင်းတွင် ကျနော့်ရင်ထဲသို့ အခြားမိန်းမတစ်ယောက် ထပ်မံ ဝင်ရောက်နိုင်ခြင်း မရှိတော့ပါ။ အသက် ၃၀ အရွယ်တွင် ဤသို့ ကောက်ချက်ချရန် စောနေသေးသည်လား၊ ဒါတော့ မပြောတတ်ပါ။

ယဉ့်အကြောင်းကို စိတ်လိုလက်ရ ပြန်တွေးမိလျှင် ယဉ့်ကို ခွင့်လွှတ်နားလည်ပေးစိတ်သာ များခဲ့ပါသည်။ အတော်ကြီးကို အစွဲအလမ်းနည်းသော၊ မေ့ပျောက်လွယ်သော ကျနော့်စိတ်အစဉ်တွင် ယဉ်သည် ဘယ်အချိန် ပြန်တွေးတွေး စိတ်လွှာတွင် ပီပီပြင်ပြင်ကြီး ပေါ်လာစမြဲ။ မိုးဖွဲဖွဲအောက်တွင် ဖျတ်ကနဲ သူကြည့်သွားသည့် အကြည့်တချက်ကိုပင် ကျနော့်စိတ်က မိမိရရ ဖမ်းဆုပ်ထားနိုင်ပါသေးသည်။

(၂)

ကျနော့်အဖို့ ဒဂုံတက္ကသိုလ်သည် ဒုတိယအကြိမ်မြောက် ခြေချခြင်းဖြစ်သည်။ ပထမတစ်နှစ်မှာ စာမေးပွဲကျသည်။ အဝေးသင်ဖြစ်၍ တစ်ပတ်မှာ  နှစ်ရက်ပဲ တက်ရသည်။ တစ်ပတ် နှစ်ပတ်အတွင်းမှာပဲ ဓာတ်ခံတူသော ကျောင်းသားတစ်စုနှင့် ပေါင်းမိသည်။ ကျနော်၊ မိုးကြီးနဲ့ သားကြီးက ယောကျာ်းလေး။ ယဉ်၊ အုံကြီးနဲ့ ပိုင်ပိုင်က မိန်းကလေး။ နာမည်က နာမည်ပြောင်တွေ ဖြစ်သည်။ ကျောင်းပြီးသည် အထိ ကျနော်တို့ တွဲခဲ့ကြသည်။ ကျနော်နှင့် ယဉ် ကြားမှာသာမက အချင်းချင်း သံယောဇဉ်တွေကြားမှာ နာကျင်စရာတွေ လှိုက်မောစရာတွေ ဖြစ်ခဲ့ကြပါသည်။ ကျနော်နှင့်ယဉ်၏ အဖြစ်ကတော့ စိတ်ကူးယဉ်အဆန်ဆုံး ဖြစ်နိုင်ပါသည်။

ယဉ့်မှာ အမေမရှိတော့ပါ။ သူ အထက်တန်းကျောင်းသူ ဘဝတွင် ဆုံးသည်။ အဖေ၊ အစ်မလတ်တို့နှင့် နေသည်။ မင်္ဂလာဒုံက ယဉ့်အိမ်သို့ ကျနော်တို့ မကြာခဏရောက်သည်။ ထမင်းချက်စားသည်။ မုန့်တီ လုပ်စားသည်။ ယဉ့် အစ်မလတ် မသင်းနဲ့ပါ ကျနော်တို့ ခင်သည်။ ယဉ်က “မသင်း” “မသင်း”ဟေု ခါ်သော်လည်း ယဉ့်ထက် ကိုယ်လုံးကိုယ်ပေါက် သေးသော အစ်မလတ်ကို ကျနော်တို့က “မသေး”ဟု ကြားသည်။ သို့နှင့် “မသင်း”လည်း အိမ်မှာနေရင်း “မသေး”ဟု နာမည်ပြောင် ရသွားသည်။

ကျနော်တို့ ခြောက်ယောက်သည် ကျောင်းမှာ ဘယ်သွားသွား မခွဲ။ အတန်းမရှိလို့ ဘုရားတွေ လျှောက်သွားလည်း အတူတူ။ ပထမနှစ်တွင်ပင် ကျနော် ယဉ့်ကို စိတ်ဝင်စားသည်။ အများဆုံး ဘေးတီးသူက မိုးကြီးဖြစ်သည်။ ဒါပေမယ့် သူငယ်ချင်းတွေကြားမှာ ဖာသိဖာသာပဲ နေကြပါသည်။ ပရယ်တီကယ်ချိန်တွင် ကျနော်က ပုံတွေ ဆွဲဖို့ တာဝန်ယူသည်။ သူတို့က စာရေးပေးသည်။ မိုးကြီးက အစအနောက် သန်လွန်းသဖြင့် ဘယ်နေသွားသွား ကျနော်တို့ အဖွဲ့မှာ တဟားဟားဖြစ်သည်။

သူတို့ အိမ်နားက အထည်ချုပ် စက်ရုံမှာ ယဉ်က စာရေးမ လုပ်သည်။ အဝေးသင်တွေမို့ တစ်ပတ်မှာ နှစ်ရက်ပဲ တွေ့ရတော့ ကြားရက်မှာ ကျနော် ယဉ့်ကို တွေ့ချင်လျှင် မိုးကြီးကို ခေါ်ရသည်။ ကျနော်သည် အထည်ချုပ် စက်ရုံရှေ့သွားပြီး ထမင်းစားနားချိန် စောင့်ကာ ယဉ့်ကို တစ်ယောက်ထဲ သွားခေါ်ထုတ်ရလောက်အောင် သတ္တိကမရှိ။ မိုးကြီးနဲ့ပဲ အတူတူသွားသည်။ လမ်းထိပ်ကိုထွက်ပြီး ထမင်းစား၊ လက်ဖက်ရည်သောက်။ ဘာမှ ဖွင့်မပြောသော်လည်း ဒီလိုလေးနဲ့ပဲ ကျေနပ်နေခဲ့သည်။ ယဉ့်မှာ ရည်းစားမရှိသေးဟု သိရသောနေ့က တော်တော်ပျော်ပါသည်။

ကျနော်က ပန်းချီအဖွဲ့ တစ်ခုနှင့်တွဲ၍ ပန်းချီလုပ်ငန်းလုပ်သည်။ ပိုပိုလျှံလျှံဟု မရှိပါ။ ကျောင်းစရိတ် ရလောက်ရုံဖြစ်သော်လည်း ဝါသနာပါသောအလုပ်မို့ ပျော်မွေ့နေသည်။ ထိုစဉ်ကစ၍ ခုချိန်ထိ ကျနော်သည် ငွေတစ်ခုတည်းအတွက်ကြောင့် အလုပ်မလုပ်ခဲ့ဖူးပေ။ ဝါသနာမပါ၊ စိတ်မဝင်စားလျှင် ငွေပိုရလည်း မလုပ်ခဲ့။

သူငယ်ချင်းတွေ အတူတူ လည်လိုက်၊ ဘုရားတွေ လျှောက်သွားလိုက်နှင့် တော်တော်ကြီးပျော်ခဲ့ကြသည်။ ဘယ်သွားသွား အပြန်ဆိုလျှင် ကျနော်သည် ယဉ့်ကို လိုက်ပို့ပြီးမှ ကျနော်တို့ ပန်းချီအဖွဲ့နေရာ ကျောက်မြောင်းကို ပြန်သည်။ ဘယ်ပဲ လိုက်ပို့ရ ပို့ရ ကျနော်သူ့အတွက် ငြိုငြင်ပင်ပန်းသည် မရှိခဲ့ပါ။ သူငယ်ချင်းတွေကို အသိမပေးဘဲ သူသွားစရာရှိတဲ့ နေရာကို တိတ်တိတ် လိုက်ပို့သည့်အခါလည်း ပို့သည်။ ပထမနှစ်ဝက်တွင် ကျနော် ရောဂါသည်းလာသည်။ အချစ်ကို ဖုံးမရ ဖိမရ။ အစတွင် ယဉ်က စိတ်ဝင်စားဟန်ပြနေသော်လည်း ကျနော် တကယ်ချစ်နေပြီဟု သိသောအခါ မသိချင်ယောင်ဆောင်နေပြန်သည်။

“ငါ တဝေ့ကို သူငယ်ချင်းလိုပဲ ချစ်လို့ရတယ်”ဟု မိုးကြီးမှ တဆင့် ပြန်ပြောသောအခါ ကျနော် ပေါက်ပေါက်ကွဲကွဲဖြင့် “သူလိမ်တာ” ဟု အော်ဟစ်မိပါသည်။

ကျနော့်ကို အားလုံးက “တဝေ”ဟု ခေါ်ကြပါသည်။ ထိုစဉ်က တီဗီမှပြသော ဇာတ်လမ်းတွဲမှ ဇာတ်ရံ “မုံတဝေ”နှင့် တူသည်ဆိုပြီး အုံကြီးက နာမည်ပြောင်ပေးထားခြင်းဖြစ်သည်။ ကျနော်မှတ်မိသလောက် ထိုဇာတ်လမ်းမှာ မွေးစားအစ်ကို “ရီဟန်ကိုကို” ကို ချစ်နေသော မျက်မမြင်ကောင်မလေးနှင့် ထိုကောင်မလေးကို ချစ်သဖြင့် မျက်မမြင်ဟန်ဆောင်ကာ ကျောင်းအတူ လာတက်နေသော ကောင်လေး “မုံတဝေ”တို့ ဇာတ်လမ်းဖြစ်သည်။ မုံတဝေသည် ကောင်မလေး၏ အချစ်ကို မရခဲ့ပါ။ အုံကြီးပေးခဲ့သော နာမည်သည် ကျနော့်ကို နိမိတ်ဖတ်ထားပြီး ဖြစ်ပါသည်။

(၃)

မချစ်ရင်နေပေါ့၊ သူငယ်ချင်းအချစ်ထက်ပိုတာကို ငါလျှော့မယ်ဟု တွေးကာ ဟေးလား ဟားလား လုပ်သည်။ ပီကေဝေလျှင် ကျနော့်ဆီမှ တစ်ဝက် ဗိုလ်ကျလေ့ရှိသော ယဉ့်ကို ကျနော်က ပီကေတစ်ခြမ်း မပေးတော့ခြင်းက အစ သိသိသာသာ ပြောင်းပစ်လိုက်သည်။

ယဉ်သည် ဗိုလ်ကျရန်သက်သက်အတွက် သူ့ဝေစု ပီကေကို အကုန်ဝါးပစ်ပြီး “တဝေ နင့်မှာ ပီကေ ကျန်သေးလား” ဟု လုပ်လေ့ရှိသည်။ အလိုက်သိသောကျနော်သည် တစ်ဝက်ဖဲ့ပြီးချန်ထားသော ပီကေကို ပေးစမြဲဖြစ်ပါသည်။ ထိုအခါမျိုးတွင် ပီကေတစ်ဝက်အတွက် သူကျေနပ်နေတတ်ပြီး သူငယ်ချင်းတွေက မသိချင်ယောင်၊ စကားပြောချင်ယောင် ဆောင်နေတတ်ကြပါသည်။

ကန်တင်းန်မှာ ထိုင်လျှင်လည်း ယဉ်သည် ဗိုလ်ကျ၍ ကျနော့်ပန်းကန်ထဲမှ သူကြိုက်တာကို ရွေးပြီး ယူစားသည်။ မိသားစု အပေါင်းအသင်းများအတွင်း မည်သူ ဗိုလ်ကျတာမှ မခံသော ကျနော်သည် ယဉ်ဘာလုပ်လုပ် ခေါင်းငုံ့ခံသည်။ အစ်မကြီးစိတ်ရှိသော အုံကြီးက ယဉ်ထိုသို့ဗိုလ်ကျလျှင် ဘာမှတော့မပြော၊ သို့သော် သူ့ပန်းကန်ထဲမှ အသားတို့ ငုံးဥတို့ကို “တဝေ ငါဝပြီ၊ နင်စား” ဟု ထည့်ပေးတတ်သည်။ ထိုအခါမျိုးတွင် ဝလည်းဝတုတ်၊ အစားလည်းပုပ်သော မိုးကြီးက “ငါ့လည်းကျွေးလေ အုံကြီး”ဟု ဆိုကာ ကြားက လုစားတတ်သည်။

ကန်တင်းန်မှာ ထိုင်ကြပြီဆိုလျှင် ကျနော်က နောက်ဆုံးမှ ထိုင်ခုံနေရာယူသည်။ အလွန်စချင်သော မိုးကြီးနှင့် အလိုက်သိသော သူငယ်ချင်းများက ယဉ်နှင့် ကျနော့်အတွက် ခုံကို တွဲလျက်သား အမြဲပေးသည်။ ယဥက သူငယ်ချင်းအချစ်ထက် မပိုနိုင်ပါဟု ဆိုသောအခါ ကျနော်သည် အရင်က သူတို့ ချန်ထားပေးသလို ယဉ့်ဘေးတွင် ဝင်မထိုင်ဘဲ အုံကြီးအနားမှာ ဖြစ်ဖြစ်၊ ပိုင်ပိုင့်အနားမှာ ဖြစ်ဖြစ် ကြားဝင်ပြီး ဟိုဘက်တိုးကြဟု ပြောကာ ဝင်ထိုင်သည်။ ထိုအခါမျိုးတွင် ယဉ်သည် မျက်ရည်ဝဲသည်။

ယဉ်သည် ကလေးဆန်သည်။ ကျောင်းထဲတွင် မတ်တပ်ရပ်၍ တဟီးဟီးနှင့် ငိုချင် ငိုချတတ်သည်။ သူသည် ထိုကဲ့သို့ ခဏခဏငိုလေသည်။ ထိုနေ့က သူငယ်ချင်းတွေ မျက်စိမျက်နှာ ပျက်နေသည်။ အရင်လို ဟေးလားဟားလားမဟုတ်။ ကျနော်က ကျောင်းကို နောက်ကျမှရောက်သည်။ ယဉ်ကတော့ သူ့ပုံစံအတိုင်း နှုတ်ခမ်းပါးလေးကို မစူတစူ ပြုံးသလို မပြုံးသလို။ သူ့မျက်တောင် ကော့ကော့လေးများသည် ချစ်စရာလေးများ ဖြစ်ကြောင်း ထည့်ပြောမှ ဖြစ်မည်။ အတန်းတစ်ချိန်ပြီးတော့ မိုးကြီးနှင့် သားကြီးက လက်ကုပ်ပြီး ကျနော့်ကို ခေါ်ထုတ်သည်။ ယောကျာ်းလေး အိမ်သာရှေ့ ဝရန်တာမှာ ရပ်ကြသည်။

ဒဂုံတက္ကသိုလ် ဇီဝဆောင် ၄ ထပ်မြောက်မှ ​မျှော်ကြည့်လိုက်လျှင် လယ်ကွင်းတွေက တမျှော်တခေါ်။ ထိုမြင်ကွင်းကို ကျနော်က ပန်းချီစိတ်မှန်းဖြင့် အရောင်ဖြည့်ကြည့်စမြဲ။ ထိုသို့စိတ်ကူးချိန်တွင် မိုးကြီး၏ စကားသံက မြင်ကွင်းများကို ဝေဝါးပျောက်ဆုံးသွားစေခဲ့သည်။

“ဟေ့ယောင် တဝေ၊ မင်း ဘာမှတော့ မဖြစ်နဲ့”

“အင်း”

ကျနော်က မိုးကြီးကို ထူးဆန်းသလို ကြည့်မိသည်။ သားကြီးကတဖက်သို့ လှည့်ကာ စီးကရက်မီးခိုးတွေ မှုတ်ထုတ်နေသည်။

“မနက်က ယဉ့်ကို ဘဲတပွေ ကျောင်းလိုက်ပို့တယ်ကွ” ကျနော် ဇဝေဇဝါဖြစ်သွားသည်။

“အေးပါ ပို့ ပို့ ပေါ့”

အတန်းပြန်ဝင်ပြီးမှ ကျနော့်ရင်သည် လေပြင်းထန်လာ၍ တဖြည်းဖြည်း လှိုင်းထလာသော ရင်လို တရှိန်းရှိန်း တက် လာသည်။ ထိုနေ့က ကျနော် ကန်တင်းန်မှာ ထမင်းမစား။ လက်ဖက်ရည်ပဲ သောက်သည်။

“ငါ ဆေးလိပ်သောက်ချင်တယ်”လို့ ကျနော်ကပြောတော့ “ခေါင်းခေါက်ခံချင်လို့လား”ဟု အုံကြီးက ငေါက်သည်။ ယဉ်က ဘာမှ မသိသလို တောင်စဉ်ရေမရတွေ ပိုင်ပိုင့်ကို တလှည့်၊ သားကြီးကို တလှည့် ပြောနေသည်။ သို့သော် ကျနော်က သားကြီး ဖွက်ထားသည့် ကွမ်းယာကို ရှာပြီးနှိုက်စားသည်။ အုံကြီးက “ထွေးထုတ်စမ်း တဝေ နင်မစားတတ်ပဲနဲ့” လို့ပြောတော့ “ယောကျာ်းလေးပဲ အကုန်လုပ်တတ်တယ်” ဟု ပြောရာ လေသံမာသွား၍ တစ်စားပွဲလုံး တိတ်သွားသည်။ အုံကြီးလည်း ဝမ်းနည်းသွားသည်။

ကျောင်းဆင်းတော့ ကျနော်သည် ရုတ်ကနဲထကာ သူတို့ကို မစောင့်ဘဲ ရှေ့ဆုံးက ထွက်သည်။ ကျနော်တို့သည် ကျောင်းကားအတူတူစီး၍ မြောက်ဥက္ကလာအဝိုင်းကျမှ ကားကို ပြောင်းစီးကြစမြဲ။ ကျနော်သည် သွားနေကြလမ်းက မသွားဘဲ တော်ဝင်လမ်းမကြီးဘက် ထွက်ကာ ဘတ်စကားကို စောင့်သည်။ ကားက တော်တော်နောက်ကျမှ လာသည်။ ဒိုင်နာကားကို တွက်တက်ပြီး လိုက်သည်။ မျက်စိက မနေနိုင်။ ကျောင်းကားဝင်းတလျှောက် လမ်းကို ကြည့်မိသည်။ ကျောင်းကားဝင်းဘက်ကနေ ဟိုကြည့်ဒီကြည့်နဲ့ ထွက်လာတဲ့ ယဉ်သည် ကျနော့်ကို လှမ်းမြင်သည်။ အတန်ငယ် ဝေးသော်လည်း ငိုမဲ့မဲ့ဖြစ်သွားသော မျက်နှာရိပ်ကို ကျနော် ကောင်းကောင်းဖမ်းမိသည်။ ကားက သူရပ်နေသည့် လမ်းထိပ်နားမှာ ရပ်ပြီး ဆက်ထွက်သည်။ ကျနော်က တွယ်စီးနေရာမှ မဆင်း။ ကားပြန်ထွက်သည်နှင့် ယဉ်က ငိုချလိုက်တော့သည်။ ကျနော်လည်း ဘာလုပ်မိမှန်းမသိ။

ကားဆရာကို “ဟိုးထား ဟိုးထား”ဟု အော်ရာ စပယ်ရာကလည်း လန့်ဖျတ်ပြီး လိုက်အော်၍ ကား နှေးသွားတော့မှ ခုန်ချကာ နေရစ်သည်။ ကျနော် နောက်ပြန်လှည့်ပြီး အပြေးတပိုင်းနှင့် သူ့ဆီသွားသည်။ တဟီးဟီးနှင့် မြေနီလမ်းပေါ် မတ်တပ်ရပ်က ငိုနေသော ယဉ်၏ အနောက်ဘက် ခပ်လှမ်းလှမ်းတွင် အပြေးတပိုင်းလာနေကြသော အုံကြီး၊ ပိုင်ပိုင်နဲ့ မိုးကြီးကို တွေ့ရသည်။

“ဟ ဘာလို့ ငိုတာလဲ၊ နင် မရှက်ဘူးလား၊ လမ်းလယ်ခေါင်ကြီးမှာ”

“နင်မှ ငါ့ကို ဂရုမစိုက်ပဲ”

နောက်မှ ရောက်လာကြသော မိုးကြီးတို့က ကျနော့်ကို ဆူသည်။

“မင်းကွာ၊ ဘယ်ပျောက်သွားတာလဲ၊ ငါတို့ စိတ်ပူလို့ လိုက်ရှာနေရတာ”

ကျနော်က မျက်နှာသေနှင့်။ ယဉ်က မျက်ရည်သုတ်၊ နှုတ်ခမ်းစူပြီး ဝင်ပြောသည်။

“မိုးကြီး နေပစေ။ သူမှ ငါတို့ကို မခင်ပဲ။ သူ ခုပဲ ကားပေါ်က ပြန်ဆင်းလာတာ ငါတွေ့တယ်”

မိုးကြီးက ဝင်ဖျန်ဖြေသည်။

“ကဲ ကဲ သွားကြမယ်၊ ကျောင်းကားပါ မမီဘဲနေမယ်။”

ထိုနေ့က ယဉ့်ကို လိုက်ပို့ဖြစ်သည်။ သူတို့အိမ် မှတ်တိုင်ကို ကျော်စီးသွားပြီး မုန့်တီဆိုင်ကို ခေါ်သွားကာ မုန့်တီသုတ် ကျွေးသည်။ မနက်က အဖြစ်အပျက်ကို မေးဖို့ ကျနော့် နှုတ်က ဆွံအနေသည်။ မျက်ရည်စိုထားသော သူ့ မျက်တောင်ကော့လေးများသည် ပိုပြီး ချစ်စရာကောင်းနေသည်ဟု ကျနော်ထင်သည်။ သူ့ကို အိမ်နားအထိ လိုက်ပို့ပေးခဲ့သည်။ သူ့ကို ပို့ပေးပြီးအပြန်တွင် ဒီတစ်ကြိမ်ပဲ မပျော်မရွှင် ဖြစ်ခဲ့ဖူးသည်။

(၄)

ဖုန်းဆက်ပြီးနောက် မိုးကြီးနှင့် အုံကြီးတို့ ပန်းချီဆိုင်ကို ရောက်လာကြသည်။ လက်ဖက်ရည်ဆိုင် ထွက်ထိုင်ကြသည်။

“ဟေ့ယောင် ဘယ်လိုလဲ၊ မနေ့က ပြန်ချော့လိုက်လား”

မိုးကြီးက စပ်ဖြဲဖြဲနှင့်မေးတော့ အုံကြီးရှေ့မှာမို့ ရှက်ကိုးရှက်ကန်း ဖြစ်မိသည်။ နောက်တော့ ထွေရာလေးပါးပြောရင်း ဟိုရောက် ဒီရောက်။

ပြောနေရင်းက အုံကြီးက စကားမစပ် ထပြောသည်။

“တဝေ နင်သိသင့်တယ်လို့ ငါတို့ ထင်တယ်။”

ပြောပြီး အုံကြီးက မိုးကြီးကို လှမ်းကြည့်သည်။ မိုးကြီးက ရေနွေးငှဲ့သလို အလုပ်များချင်ယောင် ဆောင်နေသည်။

“တဝေ၊ ငါတို့ နင့်ကို အခုမပြောရင် နောက်တော့ နင်ပိုခံစားရမယ်။ ယဉ့်မှာ ရည်းစားရှိနေပြီ။ ဆေးတပ်က။ ကျောင်းပြီးရင် သူတို့ ယူကြမယ်လို့ ပြောတယ်”

ကျနော် မျှော်လင့်ထားသည်ထက် အရာရာသည် ပိုမို ခိုင်မာနေသည်။ ကျနော်သာလျှင် မခိုင်မာသော ဘဝ၊ အနာဂတ်ရှိသည်ဟု အာမ မခံနိုင်သောအလုပ်နှင့် မရေမရာ ဖြစ်နေသည်။ ကျနော်သည် ကိုယ့်အားကိုယ်ကိုးရသူဖြစ်သည်။ မိဘက မချမ်းသာ။ ဘာမှ ထောက်ပံ့မပေးနိုင်။ ကျနော်ကလည်း ငွေကြေးဆိုတာကို ကိုယ် ရပ်တည်နိုင်ရုံလောက်ကလွဲပြီး မက်မက်မောမော ရှာဖွေ စုဆောင်းစရာဟု မမှတ်ခဲ့ပါ။

ကျနော်သည် မိုးကြီးငှဲ့ပေးသော ရေနွေးခွက်ထဲက ရေနွေးကို လက်ညိုးနှင့် တို့ပြီး စာပွဲပေါ်မှာ ရေနှင့် ပုံရုပ်ရေးနေမိသည်။

“ယဉ်က မင်းအပေါ် သံယောဇဉ်တော့ ရှိပါတယ်။” နှစ်သိမ့်ဖို့ ကြိုးစားသော မိုးကြီး၏စကားမှာ မရေမရာ အဆီအငေါ် မတည့် ဖြစ်နေသည်။

“တဝေ၊ နင်လည်း နောက်တစ်ယောက်ထားလိုက်ပေါ့ဟဲ့” အမိမဲ့ အဖဝေးဘဝမှာ ပျော်ပျော်နေတတ်သော အုံကြီးက မရယ်ချင် ရယ်ချင်နှင့် တိတ်ဆိတ်နေမှုကို ကိုင်လှုပ်ပေးသည်။ ကျနော့် ဘဝတွင် ဟာလာဟင်းလင်း အဓိပ္ပာယ်မဲ့ရသည့် အဖြစ်မျိုး ခံစားရဖူးပါသည်။ ဒီတစ်ခါသည်လည်း တော်တော်ဆိုးပါသည်။ တစ်နှစ်မပြည့်မီ ကာလအတွင်း ကျနော်တို့သည် သူငယ်ချင်းသံယောဇဉ်၊ ကျနော့်အတွက်ဆိုလျှင် ယဉ့်အတွက် သူငယ်ချင်းထက်ပိုသော သံယောဇဉ်တို့သည် ဤမျှလောက် ခိုင်မြဲလိမ့်မည်၊ ဒုက္ခပေးလိမ့်မည်ဟု ကျနော် မထင်မိပါ။

(၅)

ထိုနေ့က မိုးတွေရွာသည်။ ကျနော့်ရင်မှာ မတင်မကျဖြစ်နေတာတွေ ရှင်းပစ်ဖို့ အချိန်ရောက်ပြီဟု ကျနော် ထင်သည်။ ကျနော့်မှာ ထီးမပါ။ ဘယ်သောအခါမှလည်း ကျနော်သည် ထမင်းချိုင့်၊ ထီး စသည်တို့ကို မယူဖူးပါ။ ယဉ့်ကို လိုက်ပို့တော့ မင်္ဂလာဒုံသွား ဘတ်စ်ကြီးဖြစ်၍ ကိစ္စမရှိ။ ထိုနေ့က ရှစ်မိုင်လမ်းဆုံမှာကတည်းက ယဉ်က ကျနော့်ကို ပြန်ခိုင်းနေသည်။ ကျနော်ကလည်း ပို့နေကျအတိုင်း အိမ်ရှေ့ မှတ်တိုင်အထိ ပို့မယ်ဟု ဇွတ်ပေကပ်နေသည်။ သူကလည်း ဒါဆို မဆင်းဘူးဟု ပြန်ခြိမ်းခြောက်သည်။ “ဘာလို့လဲ ငါနင့်ကို ဒီလိုပဲ ပို့နေကြပဲဟာ”ဟု ကျနော်က ပေကပ်နေသည်။ သူဆင်းရမယ့်မှတ်တိုင်ကို ကျော်သွားသည်။

“တဝေ ငါစိတ်တိုလာပြီ။ နင်မဆင်းလည်း ရှေ့မှတ်တိုင်မှာ ငါဆင်းတော့မယ်။ နင် ငါ့နောက် လိုက်မလာနဲ့” ယဉ်သည် ဒီလို တခါမှ နင့်နင့်သီးသီး မပြောဖူးချေ။ သူရှေ့ပေါက်မှ ဆင်းသွားသောအခါ ကျနော်က နောက်ပေါက်မှ ဆင်းလိုက်သည်။ ယဉ်သည် တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ ကားလမ်းကူးသွားသည်။ တစ်ဖက်တွင် မင်္ဂလာဒုံဈေးရှိသည်။ ကျနော်က ဒီမှာဘက် မှတ်တိုင်မှ ရပ်ပြီး ကြည့်နေသည်။ မိုးတွေက ရွာနေသည်။ ကျနော်သည် စိုရွှဲစ ပြုလာသည်။ ယဉ်သည် တစ်ဖက်လမ်းတွင် အသင့်စောင့်နေသော ကျနော်နှင့် မတိမ်းမယိမ်း လူတစ်ယောက်ဆီ လျှောက်သွားပါသည်။ ဟိုလူကလည်း တပြုံးပြုံးနှင့် ကြိုသည်။

ထိုမြင်ကွင်းကို မိုးစက်များအောက်မှာ ကျနော် အရသာခံ၍ ကြည့်နေပါသည်။ (ချိုမှအရသာ မဟုတ်ပါ။ ခါးသီးခြင်းသည်လည်း အရသာထဲတွင် ပါပါသည်။) ကျနော် မျက်ရည်ကျ မကျကိုမူ မိုးစက်များကြောင့် ကိုယ့်ဖာသာပင် မသိပါ။ မျက်ရည်ကျလည်း မိုးရွာထဲမှာမို့ ဘယ်သူမှ မသိနိုင်ပါ။ ထိုလူနှင့် လက်ချင်းချိတ်၍ ထွက်မသွားမီ ယဉ်သည် ကျနော့်ကို တစ်ချက်တော့ ငဲ့ကြည့်သွားပါသည်။ ထိုအကြည့်ကို ကျနော် ယနေ့ထက်ထိ နားမလည်ပါ။ သတိပြန်ဝင်လာချိန်တွင် တွေ့ရာကားပေါ် ကျနော် တွယ်တက်ပြီး လိုက်သွားမိလိုက်ပါသည်။ တွယ်စီးနေသော ကျနော့် မျက်နှာပေါ် မိုးစက်များ ကျနေဆဲ ဖြစ်သည်။

နဂိုကတည်းက အနုပညာသမားပီပီ ဘဝမှာ နေထိုင်လာသော ကျနော်သည် အချစ်၏ ဒဏ်ကို အလူးအလ ဲခံရသည်။ ထိုဒဏ်ကို သက်သာအောင် အရက်နှင့် မိတ်ဆက်ပေးသူမှာ ပန်းချီဆရာ ငယ်ပေါင်းကြီးများဖြစ်သော ကေမိုးကိုနှင့် ကျော်သာဒွန်းဖြစ်သည်။ အစ်ကိုကြီးလို ခင်မင်လေးစားရသူ ထားဝယ်တူးတူး ကမူ အရက်မသောက်။ ကျနော်သောက်တာကိုလည်း မတားမြစ်။ ကျနော်သည် အရက်၏ ခါးသီးမှုထဲမှ ချိုမြိန်သော လှည့်စားမှုကလေးကို သဘောတွေ့သွားသည်။ ကျောက်မြောင်းက လိုင်စင်ရ အရက်ဖြူဆိုင် သစ်သားနှစ်ထပ်အိမ်မဲကြီးကို ညနေဆို ကျနော် ရောက်ရောက်သွားတာ အခေါက်အခါ စိပ်လာသည်။ ကျနော်သည် ယဉ့်ထံမှ ခွာ၍ ရီဝေဝေ ညနေများတွင် ဆေးလိပ်မီးခိုးများ ဝဲပျံနေသော အရက်ဆိုင်ထဲ၌ ပန်းချီဆရာများ၊ အရက် တစ်ပိုင်း၊ ဝက်ခေါင်းသုပ်တို့နှင့်ထိုင်ကာ ပန်းချီဝါဒတွေ ဒဿနတွေကို လေဖောင်ဖောင် ပြောကြသည့် ဝန်းကျင်သို့ ပိုမိုချဉ်းကပ်နေမိသည်။

(၆)

ပထမနှစ်ပြီးဖို့ လပိုင်းပဲ လိုတော့သည်။ ကျနော် စာလုပ်ပါသည်။ ကျနော် စာလုပ်လျှင် သူငယ်ချင်းများကိုလည်း အညီအမျှကူပါသည်။ ယဉ့်ကိုလည်း ကျနော် စေတနာမပျက်ခဲ့ပါ။ အဆိုင်းမန့်တွေ ကူရေးပါဆိုတုန်းကလည်း ကျနော် ကူရေးပေးပါသည်။ ကျနော် ယဉ့်ကို လိုက်မပို့ဖြစ်တော့ပါ။ သူ့အိမ်မှာ တစ်ခုခု လုပ်စားမယ်ဆိုရင်လည်း သူငယ်ချင်းတွေ စုံမှ သွားပါသည်။

အချစ်ကြောင့် အရက်သောက်သလားဟု မေးစရာ ရှိမည်ထင်ပါသည်။ တကယ်တွင် မဟုတ်ပါ။ သို့သော် ထိုသို့ဖြစ်အောင် အချစ်က မောင်းဖြုတ်ပေးလိုက်သည် ဆိုလျှင်မူ မှန်နိုင်ပါသည်။

ကျနော့် ကလေးဘဝသည် အရာရာ သာယာခဲ့ပါသည်။ ၈၈ အရေးအခင်း မတိုင်မီတွင် မိသားစု စီးပွားရေး ပျက်စီးလာသည်မှ စ၍ ကျနော် ၁၀ တန်းအရောက်တွင် အိမ်ထောင်ပြိုကွဲသည်အထိ ဖြစ်သွားခဲ့ပါသည်။ အားကိုးစရာ ဆွေမျိုးဆို၍လည်း လောက်လောက်လား မရှိသော ကျနော်သည် ထိုဒဏ်ချက်တို့ဖြင့် ပြည့်နှက် နာကျင်နေခဲ့ပြီး ဖြစ်ပါသည်။ ၁၀ တန်းဖြေပြီးသည်မှစ၍ ယနေ့အထိ ကျနော်သည် တစ်ယောက်တည်း ဖြတ်သန်းခဲ့ပါသည်။ ကျနော့်နားကို အဖော်အဖြစ် ရောက်လာသည့် မိန်းကလေးများသည်လည်း ကြာမြင့်စွာ ကျနော့်ကို စိတ်မရှည်နိုင်ခဲ့ကြပါ။ ထိုအချိန်တွင် ကျန်သော ဘဝအတွက် စိတ်ကူးယဉ်ထားခဲ့သမျှကိုလည်း ယဉ်က ဖြိုချလိုက်ပါသည်။ ကျနော်သည် လူဆိုးလူမိုက် ထောင်ကျတန်းကျလောက်တော့ ဘဝပျက်မသွားပါ။ သို့သော် အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်၊ ကိုယ့်ဝမ်းကိုယ်ကျောင်းရင်း အရက်သောက်တတ်သူတော့ ဖြစ်သွားပါသည်။

ကျနော်တို့၏ တက္ကသိုလ် ပထမနှစ် ပြီးခါနီးကာလသည် ငြီးငွေ့မှုမရှိသည့်တိုင် ကိုယ်စီ ဖုံးကွယ်ထားသော ခံစားချက်ကလေးများတော့ ရှိပါသည်။ ကျနော်သည် ယဉ့်အပေါ် လိုတာထက် ပိုအလို မလိုက်မိအောင်နေပါသည်။ သူဝမ်းနည်းဟန်ပြသော်လည်း ကျနော် တင်းမာနိုင်ပါသည်။

(၇)

ယဉ်သည် အလှအပကို မက်သည်။ သူတို့ ညီအစ်မများတွင် ယဉ်သည် အလှဆုံးဖြစ်သည်။ အရပ်မြင့်သည်။ အသားဖြူသည်။ နှုတ်ခမ်းပါးသည်။ သူ့မျက်လုံးများသည် ရီဝေဝေရှိသည်။ မျက်တောင်များ ကော့ပျံနေသည်။ ကလေးတစ်ယောက်လို အားရပါးရ ရယ်တတ်တာ သူ့စတိုင်လ်ဖြစ်သည်။

“ဟဲ့ ငါငယ်ငယ်ကလေ မီးသွေးခဲတွေနဲ့ ငါ့အစ်မတွေ လုပ်သလိုမျိုး မျက်လုံးတွေ မျက်ခုံးတွေ ဆွဲတာပေါ့ဟယ်။ ငါ့အမေက မျက်လုံးတွေ ကန်းကုန်တော့မှာပဲဆိုပြီး ရိုက်တယ်တော့။ အိမ်ဘေးက အဒေါ်ကြီးတွေက ပြောတယ်တဲ့၊ နင့်သမီး ၁၆ နှစ်တောင် နေမှာ မဟုတ်ဘူး၊ လင်ရမှာ၊ ဒီလောက်လှချင်နေတာ လို့ပြောတယ်” ဟု ပြန်ပြောပြတတ်သည်။ အလှပြင်ပစ္စည်းဆိုရင်လည်း ဈေးကြီးပေ့ဆိုတာမျိုးကို ဝယ်သည်။ “နင့်လခနဲ့ လောက်ပါ့မလားဟ”ဆိုတော့ ငါ့လခက ငါမုန့်စားတာနဲ့ အလှပြင်ပစ္စည်း၊ အဝတ်အစားနဲ့ ကုန်တယ်။ ကျောင်းလခတွေ ကျန်တဲ့စရိတ်တွေ ငါ့အစ်မတွေဆီက တောင်းတယ်ဟု ဆိုသည်။

သူ့အစ်မ မသင်းသည် ဒဂုံတက္ကသိုလ်တွင် ကျနော်တို့ထက် စောသည်။ “နင်တို့ ရှိလို့ပဲ တဝေရေ၊ မဟုတ်ရင် ငါ့မှာ သူ့ကို အတန်းချိန်မတူဘဲ စောင့်ပြန်ရတာ တစ်ဒုက္ခ”ဟု ပြောတတ်သည်။ မသင်းက အလွန်အေးသည်။ ဆံပင်တိုတို ပြုံးချိုချိုမျက်နှာလေးနှင့် ဖြစ်သည်။ “မသင်းက နင့်ထက် နုတယ် ယဉ်ရဲ့”ဟု ကျနော်တို့က စကြသည်။ မသင်းသည် ကျန်းမာရေး ချူချာသည်။ အဆုတ်ရောဂါ ရှိသည်။

ယဉ် အလှအပ သိပ်မက်တာကို ကျနော် မကြိုက်သော်လည်း ဘာမှတော့ မပြောပါ။ “တဝေ မင်းသူ့ကို ယူရင်တော့ သူ့ အလှပြင်ပစ္စည်းဖိုးနဲ့ မင်းမွဲမှာ”ဟု မိုးကြီးက စတတ်သည်။ ထိုသို့အလှအပ မက်မောလွန်းခြင်းသည်လည်း ယဉ့်အတွက် ချစ်သူရွေးရာတွင် ငွေကြေးနောက်ခံကို ထည့်တွက်နေရတာလားဟု နောင်သောအခါ ကျနော်တွေးမိသည်။

သူက ရုပ်ဝတ္ထုဆန်သည်။ ကျနော်က အချစ်တွင် စိတ်ကူးယဉ်ဆန်သည်။ ကျနော် ချစ်နေတာက ချစ်နေရရင်ကို အဓိပ္ပာယ်ရှိနေသည် ထင်သည်။ “ငါအိမ်ထောင်ကျရင်တော့ဟယ် …”လို့ အစချီပြီး သူပြောသည့် ဂုဏ်ပကာသနတွေကို ကျနော် လန့်တတ်သည်။ မင်္ဂလာဆောင် တစ်ခုခုသွားပြီးတိုင် “ငါကျရင် ဘယ်လိုဆောင်မှာ…”ဟု သူပြောသောအခါ လူမွဲပန်းချီဆရာ ကျနော်မှာ သိမ်ငယ်ရပြန်သည်။

အခု သူဆေးတပ်က လူကို ရွေးတယ်ဆိုတာ သူလိုချင်တာကို ဖြည့်ဆည်းပေးနိုင်လို့ နေမှာပေါ့ဟု ကျနော် ဖြေသိမ့်နာကျင်တွေး တွေးပါသည်။ သို့သော် ယဉ့်အပေါ်တွင် ကံကြမ္မာက ကောင်းသည်လား ဆိုးသည်လား မသိ၊ ကျရောက်လာပါသည်။ ထိုစဉ်ကတော့ ဆိုးဝါးသော ကံကြမ္မာဟု ကျနော်တို့ သူ့အတွက် စိတ်ပူခဲ့ရသည်။ ပထမနှစ်တက္ကသိုလ် စာမေးပွဲစဖြေမည့်ရက်ဖြစ်သည်။

(၈)

ကျနော်က မိုးကြီးအိမ်မှာ အိပ်သည်။ ညဘက် မေးခွန်းသတင်းအစနတွေလိုက်၊ အတိုကောက် ကြည့်စရာတွေ ပြင်ဆင်ပြီး ကျောင်းကို စောစောလာသည်။ ကျန်သူငယ်ချင်းတွေလည်း စောစောချိန်းထားသည်။ ကျနော်တို့ ရောက်သွားချိန်တွင် စိတ်လှုပ်ရှားသောမျက်နှာနှင့် ဂဏာမငြိမ်ဖြစ်နေသော အုံကြီး၊ ပိုင်ပိုင်နှင့် သားကြီးကို တွေ့ရသည်။

“ဟဲ့ တဝေ လာဦး လာဦး”

ကျနော်တို့လူစု ကျောင်းသားတွေနဲ့ ခပ်လှမ်းလှမ်းဆီ သွားကြသည်။ စိတ်လှုပ်ရှားစွာဖြင့် အုံကြီးက အထစ်ထစ် အငေါ့ငေါ့ ပြောသည်။

“တဝေ၊ ယဉ့် ဘဲလေ၊ နင်သိတယ်ဟုတ်၊ ဆေးတပ်ကလေ”

“အင်း ဘာဖြစ်လဲ၊ ယဉ်စာမေးပွဲ ဖြေတာ လာစောင့်လို့လား”

ကျနော်က အေးတိအေးစက်ပင်ပြောသည်။ ပိုင်ပိုင်ကလည်း စာအုပ် မလိုက် လက်မြှောက်လိုက် ဂဏာမငြိမ်။ မိုးကြီးကလည်း အင်း … အဲ ဟုဆိုပြီး သူ့အကျင့်အတိုင်း လက်ဖဝါးကို ပွတ်နေသည်။

“သူ့ကောင် မနေ့ညက ဆေးရုံမှာ ဦးနှောက်ကို ငှက်ဖျားပိုးဝင်ပြီး ဆုံးပြီ။ ယဉ်စာမေးပွဲ လာဖြေပါ့မလား မသိဘူးဟယ်” ကျနော်လည်း ပြာသွားသည်။ ရင်ထဲမှာ ယဉ့်ကို သနားတဲ့ စိတ်တွေ လိပ်တက်လာသည်။ စိတ်ကူးယဉ်ပြီး ရေးသည့်ဝတ္ထုပင် ဒီလောက် တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မည်။ ကျနော်သည် စာကို မကြည့်တော့ဘဲ ယဉ်လာမည့်လမ်းကို မျှော်ကြည့်နေသည်။ သူငယ်ချင်းတွေလည်း စာကြည့်လိုက် လမ်းကြည့်လိုက် ဂဏှာမငြိမ်။ “နေပါဦး အုံကြီးရယ်။ ဆေးတပ်ကကောင်က ဦးနှောက် ငှက်ဖျားပိုး ဝင်ပြီး သေရတယ်လို့၊ ဆုံးပြန်တော့လည်း ယဉ်စာမေးပွဲ ဖြေမယ့်ရက်ကြီး” အုံကြီးက ညှိုးနွမ်းစွာဖြင့် ကျနော့်ကို ကရုဏာသက်သလို ကြည့်သည်။

“ဖြစ်နေတာ ကြာပြီ တဝေ၊ ငါနဲ့ ယဉ် ဗေဒင်တွေသွားမေး ယတြာတွေချေလည်း လုပ်ပြီးပြီ။ သူ ဒီရက်ထဲ ဆေးရုံမှာ သွားစောင့်ရင်း စာကျက်လိုက်၊ ဆန်ပြုတ်တွေ ဘာတွေချက်ပို့လိုက်နဲ့ ဗျာများနေတာ၊ နင်တို့ကို မပြောပါနဲ့ ဆိုလို့ ငါနဲ့ ပိုင်ပိုင်က မပြောတာ”

“ကံဆိုးလှပါလား ယဉ်ရယ်” ဟု ကျနော် နာကျင်စွာ ရေရွတ်မိပါသည်။ လက်ထပ်ဖို့ ရည်ရွယ်ထားသူတစ်ယောက် စာမေးပွဲဖြေရမည့်ရက်တွင် ဆုံးပါးရလောက်အောင် ကံကြမ္မာသည် ယဉ့်အပေါ် ရက်စက်လွန်းသည်ဟု ကျနော်က တကိုယ်တည်း စောဒက တက်နေသည်။

စာမေးပွဲ ဖြေချိန်နီးပြီ။ ကျောင်းသားတွေ အဆောင်ပေါ်တက်နေသည်။ ကျနော် အဆောင်ပေါ်မှ လမ်းမဖက် မျှော်ငေးနေမိသည်။ အချိန်အလွန်နီးကပ်မှ တစ်ယောက်တည်း သုတ်သုတ်လျှောက်လာနေသော ယဉ့်ကို လှမ်းမြင်သည်။ ကျနော်သည် အရူးတစ်ယောက်လို ကျောင်းဆောင် အပေါ်ထပ်မှ ပြေးဆင်းသွားသည်။

“ယဉ် နင်အိုကေရဲ့လား…” ကျနော်သည် တုန်ရီလှိုက်လှဲနေသလောက် ယဉ်သည် မယုံနိုင်လောက်အောင် တည်ငြိမ်လှသည်။

“ရတယ် တဝေ ငါဘာမှ မဖြစ်ဘူး”

အပြုံးယဲ့ယဲ့နှင့် သူပြောသည်။ ကျနော်သည် ယဉ့်မျက်နှာကို စိုးရိမ်ကြီးစွာ ကြည့်နေသည်။ ဇီဝဗေဒ လေးထပ်တစ်ဆောင်လုံးသည် မြေနီလမ်းမပေါ်မှ ကျနော်တို့နှစ်ယောက်ကို ရုပ်ရှင်တစ်ခုလို ကြည့်နေကြသည်။ ကျနော်က အရူးတစ်ယောက်လို ထပ်ကာထပ်ကာ မေးနေသလောက် ယဉ်က မခန့်မှန်းနိုင်လောက်အောင် တည်ငြိမ်သည်။ စာမေးပွဲကိုလည်း ယဉ် အေးအေးဆေးဆေး ဘာမှ မဖြစ်သလိုပင် ဖြေသွားသည်။ စာမေးပွဲပြီးသည်နှင့် နာရေးရက်လည်ရှိသည်ဟု အုံကြီးကတော့ ပြောသည်။ စာမေးပွဲတလျှောက်လုံး ကျနော် ယဉ့်ကို အရင်ကလို ပြန်ဂရုစိုက်သည်။ စာတွေ လုပ်ပေးပြင်ပေးသည်။ နာရေးတော့ ကျနော် မသွားပါ။

သူက တစ်ခွန်းပဲ တည်တည်ငြိမ်ငြိမ်ပြောသည်။ “သူမဆုံးခင် ငါပြုစုခွင့်ရလိုက်ပါတယ်ဟယ်။ ဖြေသာပါတယ်” တဲ့။ ယဉ်သည် ထိုသို့ကျပြန်တော့လည်း ကျနော် နားလည်ထားသည့် မိန်းမတစ်ယောက် မဟုတ်ပြန်။ ကျနော်သည် နောက်တစ်ကြိမ် ယဉ့်ကို နားမလည်နိုင်ဖြစ်ရပြန်သည်။

(၉)

ကျောင်းပိတ်ရက်များအတွင်း ကျနော် အလုပ်လည်း သိပ်မသွားဘဲနေသည်။ အိမ်မှာ စာတွေပဲ အကြိမ်အနယ်ဖတ်ပြီး ရဟန်းဝတ်ချင်စိတ် ပေါက်လာသည်။ သို့နှင့် ကျနော်သည် ဆိုင်းမဆင့် ဗုံမဆင့် အဘွား၊ အဒေါ်နှင့် မိသားစုလောက်ပဲ ခေါ်ပြီး အဒေါ်ဖြစ်သူ၏ ဘကြီးဘုန်းကြီးကျောင်းတွင် ရဟန်းသွားခံသည်။ ရဟန်းဝတ်ပြီး စာတွေပဲ ဖတ်နေသည်။ ကျောင်းဖွင့်ခါနီးမှ မိုးကြီးက သူငယ်ချင်းတွေကို ခေါ်လာတော့ ကျနော့်ကို ဘုန်းကြီးကျောင်းမှာ တွေ့ကြသည်။ ဦးဇင်းတဝေဖြစ်နေပြီ။

“ဦးဇင်း၊ ဘယ်တော့ ထွက်မှာလဲ၊ လူထွက်မယ့်နေ့ တပည့်တော်တို့ အဝတ်အစားတွေ ဝယ်လာပြီး လာစောင့်မလို့” ယဉ်က လျှောက်သည်။

ပိုင်ပိုင်ကလည်း “အင်းလေ ဦးဇင်း၊ ကျောင်းတက်ရင် ကတုံးနဲ့ ဖြစ်နေတော့မယ်” ဟု ဝင်ထောက်သည်။ ဦးဇင်းတဝေ မိုးကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် မျက်လွှာကို ချသည်။ ညနေစောင်းနေသည် ပြတင်းမှ ကျောင်းထဲသို့ ဝင်ရောက်နေသည်။ ဦးဇင်းတဝေက ခင်းထားသော အနေကထိုင်ကို လက်နှင့်တို့ထိရင်း …

“ဦးဇင်းက မထွက်တော့ဘူး။ နေနိုင်ရင် တသက်လုံး ဝတ်တော့မယ်” ပထမတွင် နောက်နေသည်ထင်ပြီး သူငယ်ချင်းမ သုံးယောက် ဇဝေဇဝါဖြစ်သွားသည်။ ဦးဇင်းတဝေက မျက်လွှာပင့်မကြည့်ဘဲ တည်တည်ငြိမ်ငြိမ်ပြောနေ၍ မိုးကြီးကို ပြိုင်တူ လှည့်ကြည့်ကြသည်။

မိုးကြီးသည် အနေရခက်စွာ ခေါင်းကိုကုတ်၊ ပြင်ထိုင်လိုက်ပြီး … “ဟုတ်တယ်၊ ဦးဇင်းတဝေ ဘုန်းကြီးဝတ်မယ်ဆိုတဲ့ ညနေက ငါ့ဆီရောက်လာပြီး ခေါင်းရိတ်ဖို့ ဘရိတ်ဓား ဝယ်ခိုင်းမှ ငါလည်း သိတာ၊ သူက ဝတ်နိုင်သလောက် ဝတ်မယ်တဲ့၊ နင်တို့ကို အသိပေးရင် တားမှာစိုးလို့ ဆိုပြီး ဝတ်ကတည်းက အကြောင်းမကြားတာ။ နင်တို့ကို ဦးဇင်းတဝေက နောက်နေတာ မဟုတ်ဘူး”

ပထမဆုံး တအိအိငိုသည်မှာ ယဉ်ဖြစ်သည်။ အုံကြီးနှင့် ပိုင်ပိုင်ကလည်း ဘာလုပ်ရမှန်းမသိ။ ပိုင်ပိုင်က အရေးကြုံလျှင် ဖြစ်လေ့ရှိသည့် သူ့ဝသီအတိုင်း ထစ်ထစ်ငေါ့ငေါ့နှင့်ပြောသည်။

“ဦးဇင်း … အင်း … ဘုန်းကြီးကို ဆရာလုပ်သလိုတော့ ဖြစ်တော့မှာပဲ၊ ဟိုလေ၊ ဦးဇင်းက ငယ်ငယ်လေး ရှိသေးတာ၊ ကျောင်းပြီးအောင် တက်ပါဦး။ ပြီးမှ တပည့်တော်တို့ ပြန်ပြီး ရဟန်းခံပေးမယ်လေ”

“ဦးဇင်း သင်္ကန်းဝတ်နဲ့ပဲ တက်မှာ” ဦးဇင်းတဝေသည် ယဉ်ကိုလည်း မကြည့်၊ ဘယ်သူ့ကိုမှလည်း မကြည့်။ တည်တည်ငြိမ်ငြိမ်ပင် မျက်လွှာကို ချထားသည်။

“ဪ … ဦးဇင်းက သံယောဇဉ် ပြတ်တယ်ပေါ့လေ”

ယဉ်က ကလေးလို ရန်တွေ့သလို ပြောသောအခါ အုံကြီးက ကြိတ်ပြီး … “ဟဲ့ … ဟိုက ဦးဇင်း၊ နင် ငရဲကြီးမယ်” ဟု ဖျောင်းဖြသည်။ ကျနော် ဦးဇင်းတဝေကတော့ စိတ်ထဲက ပြတ်သားထားသည်။ တင်းမထားလို့လည်းမရ၊ မဟုတ်ရင် သင်္ကန်းချွတ်ပြီး ထပြေးချင်မည်။

ငိုဟယ် ရယ်ဟယ်နှင့် သူတို့ တစ်သိုက် ပြန်သွားသည်။ ဦးဇင်းတဝေလည်း သူတို့ပြန်သွားပြီး တော်တော်ကြာသည်အထိ တုတ်တုတ်မှ မလှုပ်နိုင်။ ထပြီး ပြေးလိုက်မသွားမိအောင် စိတ်ကို ထိန်းနေသည်။ ဖတ်ထားသော တရားလေးတွေကို ပြန်တွေးကြည့်နေမိသည်။

ဒဂုံတက္ကသိုလ် အဝေးသင် စာသင်နှစ် ၂၀ဝ၁၊ ၂၀ဝ၂ တွင် ဇီဝဗေဒဆောင်၌ သင်္ကန်း တဖားဖားဖြင့် မဆီမဆိုင် ဖားခွဲ မျှော့ကြည့်ခန်း၌ ကျောင်းတက်နေသည့် ဦးဇင်းတစ်ပါးကို သတိထားခဲ့မိကြလျှင် ထိုကိုယ်တော်မှာ “ဦးဇင်းတဝေ” ဖြစ်ပေသည်။ ထိုစဉ်က ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့ပါသေးသည်။ သံသရာဖြတ်စာ ဖြစ်သည်။

(၁၀)

ကျနော် ဦးဇင်းတဝေသည် ဘုန်းကြီးဖြစ်သွား၍ စာကြည့်နိုင်ချိန် သူတို့ထက် ပိုများလာသည်။ သူတို့အတွက် အဆိုင်းမန့်တွေကိုလည်း စီစဉ်ပေးသည်။ ပညာဆိုလျှင် လိုချင်မှု အာသဝေါ မကုန်နိုင်သော ဦးဇင်းတဝေသည် ဘုန်းကြီးတွေ ကိုရင်တွေ သင်ရသည့်စာကိုလည်း “အတ္ထော အက္ခရ သညာတော” စသဖြင့် ပါဠိ ကကြီး ခကွေးကို ခေါင်းမှာ ဒက်ပေါက်နေသော ကိုရင်လေးများနှင့်အတူ အော်ကျက်ရသေးသည်။ ထို နှစ်နှစ်အတွင်း ဘွဲ့တစ်ခုရရန် လောကဓာတ် တက္ကသိုလ်ကိုလည်းတက်၊ ဘုန်းကြီးစာလည်းသင်ကာ ရှင်မဟာရဋ္ဌသာရ၏ “ဒီဘဝတွင် နှမလက်လျှော့ နေလေတော့” ဟူသော ထုံးကို နှလုံးပိုက်၍ နေလိုက်သည်။

ယဉ်သည် ကျနော် သင်္ကန်းဝတ်နဲ့ နေတော့မယ်တော့မယ်ဟု ဆိုစဉ်အခါက စာတစ်စောင် ရေးပို့ဖူးသည်။ ထိုစာလေးတွင် “သူမဘဝမှာ တစ်ယောက်က အသက်ဆုံးလျှက် ထွက်ခွာသွားပြီး တစ်ယောက်က အသက်ရှင်လျှက် ထွက်ခွာသွားသဖြင့် အားကိုးရာမဲ့နေပါပြီ” ဟု ရေးထားပြီး မှင်ပေါ်တွက် ကွက်နေသော မျက်ရည်စက်များကိုလည်း တွေ့ပါသည်။ ဦးဇင်းတဝေ စိတ်ကို ထိန်းပါသည်။ စိတ်သည် လိုက်လံဖမ်းယူနေရသော တလှစ်လှစ်ပြေးတတ်သည့် ရေထဲက ငါးနှယ် ဖြစ်ပါသည်။ ငါတော့ သာယာမိရင် အာပတ်သင့်တော့မှာပဲဟု အောက်မေ့ကာ ကိုရင်ကြီးတစ်ပါးကို ခေါ်၍ စာအိတ်နှင့် ပိတ်ထားသောစာကို အပ်ကာ “မင်း သိမ်းထားလိုက်”ဟု ပေးလိုက်ပါသည်။

ဦးဇင်းတဝေ ကျောင်းသွားတိုင်း သူငယ်ချင်းများက ကူညီစောင့်ရှောက်ပါသည်။ အရင်လို သူတို့နှင့် လျှောက်မလည်ဖြစ်သလို သူတို့ကလည်း ကျနော်မပါ၍ မသွားဖြစ်ကြတော့ပါ။ ဦးဇင်းတဝေ နောက်ဆုံးနှစ်ကိုလည်း ကောင်းကောင်းဖြေနိုင်ပါသည်။ ဘုန်းကြီးစာ ပထမငယ်တန်းကိုလည်း ကောင်းကောင်းဖြေနိုင်ပါသည်။ ဘွဲ့လည်းရ၊ ပထမငယ်တန်းလည်း အောင်ပါသည်။

ပထမငယ်တန်းအောင်ပြီး လအတန်အကြာတွင် စာတွေနင်းကန်ဖတ်ပြီး မျက်မှန်ပါတပ်လိုက်ရသော ဦးဇင်းတဝေသည် စကော်လာကလပ် အုပ်စု(သင်္ကန်းကျွန်း) နှင့် ပေါင်းမိသည်။ စာတွေဖတ်ကြ ငြင်းကြ။ ဦးဇင်းတဝေသည် Existentailism ကို သဘောကျလာမိခဲ့ပါသည်။

အချစ်ဝတ္ထုထဲ ဒဿနတွေ မထည့်ဘဲ တိုတိုပြောရလျှင် ရဟန်း နှစ်ဝါအရတွင် လူပြန်ထွက်ရန် ဆုံးဖြတ်လိုက်ပါသည်။ အသက် ၂၀ တုန်းက ဝတ်ခဲ့သော ရဟန်း တစ်ဝါနှင့် တက္ကသိုလ်တက်ရင်း ဝတ်ခဲ့သော ရဟန်း နှစ်ဝါအတွင်း ဖတ်ခဲ့၊ ရေးခဲ့သော စာများသည် ကျနော့်ကို ပန်းချီတည်းဟူသော ငယ်ချစ်ကလေးနှင့် ခွာပြဲပြီး စာရေခြင်းဟူသော အချစ်သစ်ကြီးနှင့် ပေါင်းဖက်စေခဲ့ပါသည်။

ဘုန်းကြီးလူထွက်၊ အလုပ်က မရှိသေး၊ စာကလေး ပေကလေး ရေးနေသော ကာလတွင် မိုးကြီးက သတင်းစကားတစ်ခု သယ်ဆောင်လာပါသည်။ ယဉ့်အစ်မ “မသင်း” ဆုံးပြီတဲ့။

(၁၁)

မသင်း။ ကလေးမျက်နှာလေးနဲ့ အပြုံးချိုချိုလေးနဲ့ မသင်း။ ယဉ့်အိမ်သွားတိုင်း စိတ်ရှည်လက်ရှည်စကားပြောတတ် ချက်ပြုတ် ကျွေးတတ်သူ။ ခုတော့ ဆုံးပြီ။ ညဘက်အိုက်လို့ ရေချိုးလိုက်တာ အိပ်ယာထဲမှာ အအေးမိ အသက်ရှုကြပ်တာကနေ ဆေးရုံရောက်တော့ အသက်မမီတော့။ မသင်းက နဂိုက အဆုတ်ရောဂါ ဓာတ်ခံရှိသည်။

ယဉ့်ကို ကျနော် သနားနေမိသည်။ အမေလည်း ဆုံးပြီ။ သူလက်ထပ်ဖို့ ရည်ရွယ်ခဲ့သူလည်း ဆုံးပြီ။ အခု ငယ်ငယ်ကတည်းက အတူနေလာသည့် သူ့အစ်မ ဆုံးပြန်ပြီ။

သေခြင်းတရားသည် ယဉ့်ကို ကျီစယ်နေပုံရသည်။ သူသည် ကြုံရဖန်များလာ၍ ခံနိုင်ရည်ရှိသူ တစ်ယောက်ဖြစ်လာတာပဲဟု သူတည်ငြိမ်နေသောအခါ ကျနော် ကောက်ချက်ချမိသည်။

မသင်း ဆုံးသောအခါ ကျနော်တို့ ပြန်ဆုံမိသည်။ ယဉ်ဘယ်မှာ အလုပ်လုပ်သလဲ ကျနော် သိခဲ့ရသည်။ ကျနော်ကတော့ အလုပ်တစ်ခု လျှောက်လိုက် အဆင်မပြေလိုက်နှင့်။ နောက်ဆုံး မီဒီယာတိုက်တစ်ခုမှာ အစမ်းခန့် အလုပ်ရသည်။ ယဉ်ရှိရာ ပန်းဆိုးတန်းလမ်း ကုမ္ပဏီသို့ သူဖုန်းဆက်လျှင် တခါတရံ ကျနော် သွားကြိုပါသည်။ နေ့လည်ဘက်တွင် သူ့ကို ဖုန်းဆက်ခေါ်ပြီး ပန်းဆိုးတန်း ဂုံးကျော်တံတားဖက် အကွေ့က ရှမ်းခေါက်ဆွဲဆိုင်မှာ ထိုင်ကြသည်။

ယဉ်သည် အနည်းငယ် ပိုဝလာပြီး ပိုလည်း လှလာပါသည်။ ကျနော်သည် ယဉ့်ကို ရည်းစားစကား ထပ်မပြောတော့ပါ။ သူပြောသော သူ့ရုံးက ကောင်မလေးတွေ အကြောင်း၊ သူ့သူငယ်ချင်းတွေရဲ့ ရည်းစားတွေ အကြောင်းကိုသာ နားထောင်ပေးပါသည်။  ဖြစ်ချင်တော့ ယဉ်တို့ ရုံးသည် ကျနော်တို့ရုံးရှိရာ ပုဇွန်တောင် ရေကျော်ရှိ “မောင်အေး ကဖီး” နား ပြောင်းလာပါသည်။ သူနှင့်ကျနော် ရုံးချင်း လမ်းမကြီး တစ်ခုသာ ခြားသည်။ ကျနော်လည်း အစမ်းခန့်မှ ရာထူးနှင့် အတည်တကျ ဖြစ်လာပါသည်။ ကျနော်နှင့် ရုံးဆင်းချိန် အတူပြန်တတ်သော လုပ်ဖော်ကိုင်ဖက် မိန်းကလေးများ ရှိပါသည်။ ခရီးမတူသည့်တိုင် စိန်ပေါလ်မှတ်တိုင်အထိတော့ ရေကျော်ကနေ လမ်းလျှောက်ကြပါသည်။

သူ့ရုံးသို့ လက်ဖက်ရည်သောက်ချိန်တွင် သွားသွားခေါ်တတ်၍ သူ့ရုံးက ကောင်မလေးများက ကျနော့်ကို သိသည်။ ကျနော်ကတော့ မျက်မှန်း မတန်းမိပါ။ စိန်ပေါလ်တွင် ရုံးက အယ်ဒီတာမလေးများနှင့် ရယ်မော ပြောဆိုနေသည်ကို သူ့သူငယ်ချင်းတွေက ယဉ့်ကို ပြန်ပြောကြသည်။ အထူးသဖြင့် အသားညိုညို ခပ်ငယ်ငယ် အယ်ဒီတာမလေးက ကားမှတ်တိုင်တွင် စောင့်ပေးသော အခါမျိုးဖြစ်ပါသည်။

(၁၂)

ကျနော်သည် ယဉ့်ကို ချစ်သေးလားဟု ဆိုလျှင် ယခုလည်း ချစ်ခဲ့တယ်ဟု ဝန်ခံနိုင်ပါသည်။ ထိုစဉ်ကမူ ကျနော်သည် မိန်းမတစ်ယောက်ကို လက်ထပ်ယူရန် လုံးဝစိတ်မကူးသေးသူဖြစ်ပါသည်။ ယဉ့်ကို ကျနော် ချစ်ခြင်းသည် အစပိုင်းတွင် ပြောခဲ့သလို ချစ်နေခြင်းဖြင့် အဓိပ္ပာယ် ရှိနေခြင်းသာ ဖြစ်ပါသည်။

ဇာတ်လမ်းသည် ထိုညနေတွင် စသည်။ လက်ထောက်အယ်ဒီတာ ညိုချောလေးသည် ကားမှတ်တိုင်တွင် စောင့်နေရာမှ ရုံးကို ဖုန်းဆက်သည်။ “ဆူးလေမှာ ဆုံပြီး ညစာသွားစားရအောင်” တဲ့။ ကျနော်ကလည်း “အိုကေ” ပေါ့။ ကားမှတ်တိုင်တွင် ရပ်စောင့်နေသော လက်ထောက်အယ်ဒီတာမလေးကို မြင်လျှင် ယဉ့်သူငယ်ချင်းတွေက ရုံးမှာ ကျန်ခဲ့သော ယဉ့်ကို ဖုန်းဆက် သတင်းပို့သည်။

မရှေးမနှောင်းပင် ယဉ့်ဆီမှ ဖုန်းဝင်လာသည်။ “သူ့ကို လိုက်ပို့”တဲ့။ ကျနော် အကျပ်ရိုက်သွားသည်။ လိမ်တော့လိမ်ကြည့်သည်။ ယဉ်က မယုံ။ ဘာဖြစ်ဖြစ် ကိုယ့်အာရုံနဲ့ကိုယ် အလုပ်ရှုပ်နေသော ကျနော်သည် စိန်ပေါလ်သို့ထွက်ခဲ့သည်။ စိန်ပေါလ်မှတ်တိုင်တွင် ရပ်စောင့်နေသော အယ်ဒီတာမလေးကို ကျနော်လှမ်းမြင်သည်။ ကျနော် မမြင်သည်က ရေကျော်ကတည်းက ကျနော့်နောက်သို့ လိုက်လာသော ယဉ်နှင့် သူငယ်ချင်းတစ်သိုက်ဖြစ်သည်။

ကျနော်က လက်လှမ်းပြရန်ပြင်စဉ်တွင် ကျနော့်လက်မောင်းကို တစ်စုံတစ်ယောက်က ရုတ်တရက် လာတွဲသည်။ ကျနော်လန့်ဖြန့်စွာ ကြည့်လိုက်တော့ ယဉ် ဖြစ်နေသည်။ ယဉ်သည် တုံ့ဆိုင်းဆိုင်းဖြစ်သွားသော ကျနော့်ကို ထိုအယ်ဒီတာမလေးအနီးအထိ လက်မောင်းချိတ်ကာ လျှောက်သွားသည်။

အယ်ဒီတာမလေး ကမ်းသောလက်ကို ကျနော် လှမ်းဆုပ်သော်လည်း ယဉ်သည် ကျနော့်လောက် နီးနီးမြင့်သော သူ့ အရပ်အားကိုးဖြင့် ကျနော့်ပုခုံးကိုပါ ဖက်ကာ စိန်ပေါလ်မှတ်တိုင်ရှိ ဆစ်ခ်ဘုရားကျောင်းရှေ့ ညောင်ပင်ကြီး မှောင်ရိပ် အောက်အထိ ဆွဲခေါ်သွားသည်။

“တဝေ … နင်လေ…” ယဉ်သည် ကျနော့်ပါးကို ရိုက်မည်ဟု လက်ရွယ်သည်။ ကျနော်သည် ယဉ် ယခင်က တည်ငြိမ်ဖူးသော တည်ငြိမ်မှုမျိုးနှင့်ပင် မျက်မှန်ကို ချွတ်ကာ အိတ်ကပ်ထဲ ထည့်သည်။

“နင် ကျေနပ်အောင်လုပ်” ဟု ပါးကိုငဲ့ပေးသည်။

“နင် ငါ့ကို မချစ်တော့ဘူးပေါ့လေ…”

ယဉ်သည် ပါးကို မရိုက်ဘဲ ရင်ဘတ်ကို တဒုန်းဒုန်းထုသည်။ အိတ်ကပ်ထဲ ပြောင်းချိတ်လိုက်သော မျက်မှန်သည် ကွဲကြေသွားသည်။ သူ့ကို ချော့မော့ကာ လမ်း ၅၀ ဘက်ထွက်၍ ကားပေါ်တင်ပေးသည်။ မပြန်ဘူးဟု ဆိုသည်။ ဆူးလေအထိ လိုက်ပို့ရသည်။ မနည်းချော့မော့ တောင်းပန်မှ ပြန်သည်။

ကျနော်သည် အလွန်အမင်း မတုန်လှုပ်ဘဲ တည်ငြိမ်နေသည်။ ထိုညက ကျနော်စိတ်လိုက်မာန်ပါ လုပ်လျှင် ကျနော်တို့ ခိုးပြေးဖြစ်မည်လားဟု ပြန်တွေးမိသည်။ သေချာသည်က ကျနော်သည် တက္ကသိုလ်ပထမနှစ် ကျောင်းသား မဟုတ်တော့။ အယ်ဒီတာတစ်ယောက် ဖြစ်နေပြီ။

ယဉ် တခြားသူတစ်ယောက်နှင့် လက်တွဲ ထွက်ခွာသွားသောအခါ ကျနော် မိုးရေတွေကြားမှာ ရပ်ကြည့်နေခဲ့ရဖူးသည်။ ယခုတစ်ကြိမ်သည် ကျနော်က ကြိုတင်မကြံစည်ပါပဲလျက် ယဉ်ကို ကျနော် လက်စားချေသလို ဖြစ်နေသလားဟု တွေးမိသည်။

ကျနော်အဖို့ ထိုကာလများသည် ဘဝတက်လမ်းအတွက် ကြိုးပမ်းရန် လမ်းစပွင့်သော ကာလများ ဖြစ်ပါသည်။ အိမ်ထောင်ပြုခြင်းဖြင့် ကျနော့်ဘဝကို အဆုံးမသတ်နိုင်ပါ။ ငွေကြေးအသိုင်းအဝိုင်အားဖြင့် ချို့တဲ့သော ကျနော့်အဖို့ အိမ်ထောင်ပြုခြင်းသည် အနှောင်အဖွဲ့ကြီးလို မြင်နေမိသည်။

ပြီးတော့ …။ ပြီးတော့ ယဉ့်ကို ကျနော် လက်ထပ်မယ် စိတ်ကူးသည့်တိုင် သူသည် ကျနော်လုပ်နေသည့် အလုပ်နှင့် အနာဂတ်အတွက် နားလည်ပေးနိုင်စွမ်းရှိသည့် မိန်းမ တစ်ယောက် မဖြစ်နိုင်ဟု ကျနော် ယူဆခဲ့သည်။ ဖြစ်လည်း မဖြစ်နိုင်ပါ။ သူပျော်ရွှင်သည့် ပတ်ဝန်းကျင်မျိုးသည် ကျနော့်နေပျော်သည့် ဝန်းကျင်မျိုးမဟုတ်ပါ။ ကလေးမဟုတ်တော့သော ကျနော်သည် ထို့ကြောင့်ပဲ သူ့အချစ်ကို ရမည်မှန်းသိလျက် နောက်တစ်ကြိမ် ချစ်ခွင့် အလွယ်ပန်ဆိုခြင်း မပြုခဲ့ပါ။

ဒီတစ်ခါစဉ်းစားနေသူက ယဉ်မဟုတ်ဘဲ ကျနော်ဖြစ်နေသည်။ ကျနော်သည် သူ့ကို ချော့မော့သောအားဖြင့်ပင် နောက်တစ်နေ့တွင် သွားမတွေ့ခဲ့ပါ။ အခန်းဆက်မည် မဟုတ်သည့် သံယောဇဉ်ကို အမျှင် မတန်းထားလိုပါ။

(၁၃)

ယဉ်သည် သိပ်မကြာမီပင် သူတို့ရုံးနားက သူ့ကို ချစ်ကြိုက်နေသော (မိဘက ငွေကြေး ချမ်းသာသည့်) ကောင်လေးတစ်ယောက်နှင့် တွဲနေသည်ဟု သတင်းကြားရပါသည်။ ကျနော်ကတော့ အရက်တွေဖိသောက်၊ ကောင်မလေးတွေ ထည်လဲတွဲ၊ နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်တွေဖြေနှင့် လုံးချာလိုက်နေပါသည်။

ယဉ်သည် စီးပွားရေး တောင့်တင်းသော ထိုကောင်လေးနှင့်ပင် လက်ထပ်လိုက်သည်ဟု မိုးကြီးက ပြောပါသည်။ ကျနော့်ဆီဖိတ်စာပို့သလား၊ သူငယ်ချင်းတွေက မပေးဘဲ ထားသလား၊ ဒါမှ မဟုတ် ကျနော်တို့ကိုပဲ သတိမရတော့တာလား မသိ။ ဖိတ်စာလည်း မရပါ။တခြားမြို့တခုမှာ မင်္ဂလာဆောင်ပြီး အဲဒီမှာပဲ အခြေချကြသည်ဆိုတာပဲ ကျနော်သိသည်။

သူပျော်နေမည်ဟု ကျနော်ထင်ပါသည်။ ကျနော်သည် ဂျာနယ်လစ်ဘဝဖြင့် ဆိုးပေတေ နေခဲ့ပါသည်။ ကောင်မလေးတွေလည်း အများကြီးတွဲပါသည်။ ချစ်သည်ဟု ထင်ရသော ချစ်သူများနှင့်လည်း လမ်းခွဲခဲ့ပါသည်။ အရက်တွေလည်း အရပ်ပျက်အောင် ဇာတ်ပျက်အောင်သောက်သည်။

ယဉ်တို့ ပြောင်းသွားသည့်မြို့သို့ ကျနော်ပထမဆုံးရောက်သောအခါ ယဉ့်ခင်ပွန်း၏ စီးပွားရေးနှင့်တူသော လုပ်ငန်းဆိုလျှင် လိုက်ကြည့်မိပါသေးသည်။ အဲဒီမြို့ ဒီလောက်ပူတာ ယဉ်ဘယ်လို နေပါလိမ့်ဟုလည်း တွေးမိသေးသည်။

ကျနော် ညနေပိုင်း ဘွဲ့လွန်တစ်ခု ထပ်တက်သည်။ ကံကောင်းထောက်မစွာ ပညာသင်ဆု တစ်ခုရ၍ ပြည်ပသို့ ထွက်လာခဲ့သည်။ နွေရာသီတစ်ခေါက်ပြန်တော့ မိုးကြီးနှင့် သွားတွေ့သည်။ ကျောင်းသားဘဝကို စားမြုပ်ပြန်သည်။ အရာရာသည် ရင်ထဲတွင် နွေနေဆဲဖြစ်သည်။

ယဉ့်ကို ကျနော် လက်လွှတ်ခဲ့သည်။ ထိုအရာသည်ပင် အချစ်ဟု ကျနော် ဆက်လက် ခံစားထားပါသည်။ အဘယ့်ကြောင့်ဆိုသော် အခုအထိလည်း ယဉ့်ကို ကျနော် ပျော်အောင် ထားနိုင်မည် မဟုတ်၍ ဖြစ်သည်။ ကျနော်သည် ယဉ့်အတွက် ရှော်ပင်ထွက်လျှင် ဈေးခြင်းဆွဲပေးနိုင်မည့် အခြေအနေ မပေးပါ။ သူအိပ်မက်မက်နေသော ပကာသနများကိုလည်း ဆောင်ကျဉ်းပေးနိုင်ဖွယ်မရှိပါ။

သို့သော်….ယဉ့်ကို ချစ်သော အချစ်သည် အချစ်စစ်ဖြစ်သည်ဟု ကျနော့် ရင်ထဲမှ သိပါသည်။

သင်ကာ

Advertisements

Leave a comment

Filed under Story

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s