WikiLeaks: The War of IT and Politics

ဝီကီလိစ် – အိုင်တီနည်းပညာနှင့် နိုင်ငံရေး စစ်မျက်နှာသစ်
ခက်ထန်

“စာနယ်ဇင်း ပညာသည် တိုက်ခိုက်မှု မဟုတ်၊ ဝီကီလိစ် (WikiLeaks) သည် စစ်ပွဲမဟုတ်” ဟု ဟပ်ဖင်တန်ပို့စ်တွင် ဆောင်းပါးရှင် ဂျို့စ် မူးလ်က ရေးသည်။

သို့သော် မီဒီယာသစ် (New Media) ဟု သတ်မှတ်ထားသော ဝီကီလိစ် ဝက်ဘ်ဆိုဒ်၏ ဖွင့်ချမှုများကို အမေရိကန် အစိုးရက အမျိုးသားလုံခြုံရေးကို ထိပါးစေသော “တိုက်ခိုက်မှု” ဟု မြင်လာပြီး ဝီကီလိစ်ကို ထောက်ခံသူ ဆန့်ကျင်သူများ အပြန်လှန် နည်းပညာတိုက်ခိုက်မှုများ၊ ဥပဒေကြောင်းအရ စွဲချက်တင်နိုင်ရန်၊ ခုခံနိုင်ရန် ကြိုးပမ်းမှုများအပါအဝင် “စစ်ပွဲတခု” အသွင် ဆောင်လျက်ရှိပေသည်။

လော့စ် အိန်ဂျယ်လိစ် သတင်းစာကလည်း “ဝီကီလိစ် အငြင်းပွားမှုသည် ဆိုက်ဘာစစ်ပွဲကို မီးမွှေးလိုက်ပြီ” ဟု ရေးသည်။

၂၀ဝ၆ ခုနှစ်တွင် စတင်ခဲ့သည့် “အစိုးရများကို ဖွင့်ချမည်” ဟု ကြွေးကြော်ထားသော ဝီကီလိစ်၏ စာရွက်စာတမ်းများ ပေါက်ကြားစေမှု ပြဿနာသည် ၂၀၁၀ ပြည့်နှစ် အကုန်တွင် အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

လိင်ပိုင်းဆိုင်ရာ အဓမ္မမှုဖြင့် စွပ်စွဲခံထားရသူ၊ ဝီကီလိစ်၏ ဒါရိုက်တာနှင့် ပြောရေးဆိုခွင့်ရှိသူ သြစတြေးလျ နိုင်ငံသား ဂျူလီယန် အက်စ်ဆန်းက ဒီဇင်ဘာ ၇ ရက်နေ့တွင် လန်ဒန်မြို့၌ ဖမ်းဆီးခံလိုက်သည်။

အက်စ်ဆန်း အဖမ်းခံရပြီး ဝီကီလိစ် ဝက်ဘ်ဆိုဒ် အဆက်မပြတ် တိုက်ခိုက်ခံနေရသည့်တိုင် ကမ္ဘာတဝန်းရှိ အမေရိကန် သံတမန်ကွန်ရက်မှ လျှို့ဝှက် ပေးစာများ ဆက်လက် ဖွင့်ချနေဆဲဖြစ်သည်။

ဝီကီလိစ် အငြင်းပွားမှုများကြောင့် ဟက်ကာ တက်ကြွလှုပ်ရှားသူ (ဟက်တီးဗစ် – Hacktivist) များသည် ဝီကီလိစ်ကို ထောက်ခံသူနှင့် ဆန့်ကျင်သူဟူ၍ အုပ်စုကွဲသွားပြီး အင်တာနက် နည်းပညာများဖြင့် အပြင်းအထန် တိုက်ခိုက်သည့် အဆင့်သို့ ရောက်ရှိလာသည်။

ဝီကီလိစ်ကို ထောက်ခံသည့် ဟက်တီးဗစ်များက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အများပြည်သူ သိခွင့်ရှိသည့် အခွင့်အရေးနှင့် ၎င်းတို့အပေါ် ဖိနှိပ်မှုကို တုံ့ပြန်သည့်ဘက်မှ ရပ်တည်၍ ဝီကီလိစ်ကို ဆန့်ကျင်သည့် ဟက်တီးဗစ်များက နိုင်ငံတော် လုံခြုံရေးနှင့် စီးပွားရေးလုပ်ငန်းများ ထိုးဖောက်ခြင်းကို ကာကွယ်သည့်ဘက်မှ ရပ်တည်နေကြသည်။

ဝီကီလိစ်ကို ဆန့်ကျင်သူများက ဝီကီလိစ် ဝက်ဘ်ဆိုဒ်ကို အဆက်မပြတ် တိုက်ခိုက်သဖြင့် ကိုယ်ပွားဆိုဒ် (Mirror Site) များ ပွားထားရရာ ရာဂဏန်းမှ ရက်ပိုင်းအတွင်း ထောင်ဂဏန်းအထိ တိုးပွားလာခဲ့သည်။ ကိုယ်ပွားဆိုက်များကို တင်ထားသည့် DNS (Domain name System) များသည် လုံခြုံရေး ခြိမ်းခြောက်မှုများကြောင့် တခုပြီးတခု ပိတ်ပစ်နေရသည်။ ယခုအခါ ဝီကီလိစ် ဆိုဒ်ပွားပေါင်း ၁၃၀ဝ ကျော် ရှိနေပြီ ဖြစ်သည်။

ဝီကီလိစ်သည် ဝက်ဘ်ဆိုဒ်ရပ်တည်ရေးအတွက် အလှူခံစနစ်ကို ပေပယ်၊ ဗီဇာနှင့် မာစတာကတ် စသည့် အွန်လိုင်းငွေချေစနစ်များ၊ ဆွစ်ဇာလန်မှ ဘဏ်တခုတို့နှင့် ချိတ်ဆက်ထားခဲ့သော်လည်း လျှို့ဝှက်စာရွက်စာတမ်းများ ပေါက်ကြားမှု ဂယက်ကြောင့် ဥပဒေနှင့် ငြိစွန်းနိုင်သည်ဟုဆိုကာ ဝီကီလိစ်နှင့် တခုပြီးတခု အဆက်အသွယ် ဖြတ်ခဲ့ကြသည်။

ထို့ကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် ဝီကီလိစ်ကို ထောက်ခံသည့် ဟက်ကာများက ဗီဇာနှင့် မာစတာကတ် ဝက်ဘ်ဆိုဒ်များကို တိုက်ခိုက်ခဲ့ကြပြီး ပေပယ်နှင့် ဆွစ်ဇာလန်ရှိ ဘဏ်ကိုလည်း ပစ်မှတ်ထားနေကြသည်။ ယင်းသို့ တိုက်ခိုက်မှုမျိုးသည် မျိုးဆက်သစ်များအား အင်တာနက်ကို အလွဲသုံးသည့် အန္တရာယ်ကို နည်းပေးလမ်းပြသလို ဖြစ်နေသည်ဟု အင်တာနက် လုံခြုံရေး ကျွမ်းကျင်သူများက ဝေဖန်ကြသည်။

ဝီကီလိစ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်းကို ထောက်ခံသူများက “လက်တုံ့ပြန်မှု စစ်ဆင်ရေး” (Operation Payback) အဖြစ် ဆန့်ကျင်ဘက်များကို နည်းပညာဖြင့် တိုက်ခိုက်လျက်ရှိကြသည်။

နောက်ဆုံးသတင်းများအရOperation Payback ၏ တစိတ်တပိုင်းအဖြစ် အလက်စကာ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းနှင့် ၂၀ဝ၈ တွင် သမ္မလောင်းအဖြစ် အရွေးခံခဲ့သူ ဆာရာ ပေါ်လင်၏ ဝက်ဘ်ဆိုဒ်နှင့် ခရက်ဒစ်ကတ် အကောင့်ကိုလည်း တိုက်ခိုက်ခဲ့ကြသည်။ ၂၀ဝ၉ ခုနှစ် အစောပိုင်းကလည်း ဆာရာ ပေါ်လင်၏ ယာဟူးမေးလ်ထဲရှိ အကြောင်းအရာများကို ဝီကီလိစ်က ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။

ဝီကီလိစ်ကို ထောက်ခံသည့် ဟက်ကာနှင့် ဆန့်ကျင်သည့် ဟက်ကာများ အပြန်အလှန် တိုက်ခိုက်နေကြသည်မှာ ၁၉ ရာစုနှစ်အတွင်းက အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း (Wild West) တွင် ပြိုင်ဘက် သေနတ်သမားများ အပြန်အလှန်ပစ်ခတ်ကြသကဲ့သို့ ရှိပြီး နှစ်ဘက်လုံး အထိနာကြသည်ဟု ယူအက်စ် တူဒေး သတင်းစာက ခိုင်းနှိုင်းထားသည်။

ထိုင်းအခြေစိုက် မြန်မာ အိုင်တီပညာရှင် ကိုထက်ခိုင်ကမူ ဝီကီလိစ်၏ လုပ်ရပ်ကို အပြုသဘောင်ဆောင်သည်ဟု မြင်ကြောင်း ထင်မြင်ချက်ပေးသည်။

“ဝီကီလိစ်က ဒီလို ဖွင့်ချပေး၊ တင်ပေးတာဟာ အဆင့်မြင့်တယ်လို့ ပြောလို့ရပါတယ်။ အချက်အလက်တွေကို ကိုင်ထားပြီး တိတ်တိတ် ရောင်းစားနေတာထက် ဒီလို အများသိအောင် ဖွင့်ချပေးလိုက်တာဟာ အပြစ်မြောက်တယ်လို့ မယူဆပါဘူး၊ အရင်လည်း အစိုးရ ကျောထောက်နောက်ပေးတဲ့ အဖွဲ့တွေက ဟက်နေကြတာပဲလေ။ ပြဿနာက ဘယ်သူက ဟက်သလဲ၊ ဘာကြောင့် ဟက်သလဲ ဆိုတာအရေးကြီးတာပါပဲ” ဟု ကိုထက်ခိုင်က ပြောသည်။

ဝီကီလိစ်သည် အာဖရိက အဆိပ်အတောက် စွန့်ပစ်မှု၊ စက်တင်ဘာ ၉/၁၁ အကြမ်းဖက်မှုတွင် ပင်တဂွန်စစ်ဌာနချုပ်နှင့် နယူးယောက် မြို့တော်ရဲဌာနတို့ အပြန်အလှန် သတင်းပေးပို့မှုကို အမျိုးသား လုံခြုံရေး အေဂျင်စီက ကြားဖြတ်ခိုးယူ ဖတ်ရှုမှုများ၊ အာဖဂန်နစ္စတန်နှင့် အီရတ်စစ်ပွဲမှတ်တမ်းများမှသည် ကမ္ဘာတဝန်းရှိ အမေရိကန် သံရုံးများ၏ ပေးစာများအထိ ဖွင့်ချခဲ့သည်။

ယင်းသို့ ဖွင့်ချမှုကြောင့် အမေရိကန် သံတမန် ဆက်ဆံရေးအပါအဝင် ထိခိုက်မှုများ ရှိခဲ့သည်။ အမေရိကန် သံတမန်များ၏ သက်ဆိုင်ရာ နိုင်ငံများအပေါ် အလွတ်သဘော ပြောဆိုသည့် လျှို့ဝှက် မှတ်ချက်များက အရှက်ရစရာ၊ မျက်နှာပူစရာ၊ ဒေါသထွက်စရာများ ဖြစ်နေခဲ့သည်။

ကုလသမဂ္ဂတွင် သူလျှိုလုပ်ပေးရန် ညွှန်ကြားမှု ပေါက်ကြားသွား၍ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဝေဖန်ခံရသည်။သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) က သံတမန်ရေးရာ စာရွက်စာတမ်းများ ပေါက်ကြားမှုအတွက် ဂျူလီယန် အက်စ်ဆန်းအစား အမေရိကန် အစိုးရကို ပြစ်တင်ဝေဖန်သည်။

အမေရိကန်ရှိ ဘဏ်ကြီးတခု၏ လျှို့ဝှက်စာတမ်းများ ဖွင့်ချမည်ဟု ဆိုသဖြင့် အမေရိကဘဏ်၏ စတော့ရှယ်ယာ ဈေးနှုန်းများ ချက်ချင်း ထိုးကျသွားသည်။

မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့သည် အာဆီယံတွင် တရုတ်အတွက် သတင်းပေးလုပ်နေသည်ဟု စင်ကာပူ၏ ပြောကြားချက်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဒေါ်လာ သန်းတထောင်ဖြင့် ဝယ်ယူရန် စဉ်းစားခဲ့ဖူးသည်ဟူသော ပေါက်ကြားချက်များလည်း ပါဝင်ခဲ့သည်။

ယင်းသို့ အန္တရာယ်များသည့် ပေါက်ကြားနေမှုများ၊ ဆက်လက်ပေါက်ကြားရန် ရှိနေချက်များကြောင့် ဝီကီလိစ်ကို ရပ်တန့်သွားအောင် ကြိုးစားနေခြင်းနှင့် ပတ်သက်၍ ကိုထက်ခိုင်က “ဝီကိလိစ်ဝက်ဘ်ဆိုဒ် ဘယ်တော့ရပ်မလဲ၊ ဒေါင်းသွားမလဲဆိုတာ နည်းပညာအရ တိုက်ခိုက်တဲ့သူရော ခုခံကာကွယ်တဲ့သူရော ဘယ်သူမှ အားသာတာ မရှိဘူး။ ဝီကီလိစ်ဆာဗာက ဆွစ်ဇာလန်မှာ ထိုင်ထားတယ်။ တကယ်က ဘယ်သူတွေ ဒီဆာဗာ ရပ်သွား၊ ပိတ်သွားအောင် ဖိအားပေးနိုင်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်နေတယ်” ဟု ဆိုသည်။

မြန်မာပြည်နှင့် သက်ဆိုင်သည့် အချက်အလက်တချို့ ရှိနေကြောင်း သတင်းများ ထွက်လာပြီးနောက် ပြည်တွင်းမှ အင်တာနက်သုံးစွဲသူများကလည်း ကိုယ်ပွားဆိုဒ်များမှတဆင့်ဝင်၍ ဝီကီလိစ်ကို မွှေနှောက် ကြည့်ရှုကြကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဝီကီလိစ် မူရင်းဆိုဒ်ကို ပိတ်ဆို့ထားသော်လည်း ကိုယ်ပွားဆိုဒ်များမှတဆင့် ဝင်ရောက်ကြည့်ရှု၍ ရနေသေးသည်။

မည်သို့ပင်ဖြစ်စေ ဝီကီလိစ်သည် လက်ဝယ်ရှိနေသော လျှို့ဝှက် စာရွက်စာတမ်းများကို ဆက်လက် ဖွင့်ချသွားမည်ဟု တွစ်တာမှတဆင့် ယခုတပတ်အတွင်း ကြေညာထားပြီးဖြစ်သည်။

ဘီဘီစီကမူ ဝီကီလိစ် ပြဿနာသည် အစိုးရများ၏ အမျိုးသား လုံခြုံရေးဆိုင်ရာနှင့် ပြည်သူလူထု၏ သိပိုင်ခွင့်ရှိသည့် ပွင့်လင်းမြင်သာမှု နှစ်ခုတို့၏ ချိန်ခွင်လျှာကို စိန်ခေါ်ချက်ဖြစ်ကြောင်း သုံးသပ်ထားသည်။

ကိုထက်ခိုင်က နည်းပညာနှင့် နိုင်ငံရေး ရှုပ်ထွေးလာမှုကို “ဟက်ကာတွေ၊ အိုင်တီ အက်တီဗစ်တွေက ဟက်ကြတယ်၊ ဝီကီလိစ်ကတဆင့် ဖောက်ချတယ်၊ ဒီအထိက နည်းပညာအပိုင်း။ ပြဿနာမရှိသေးဘူး။ ဒါပေမယ့် သူတို့ဖွင့်ချလိုက်တာမှာ နိုင်ငံရေးနဲ့ နွှယ်နေတယ်။ ဒါဟာ ပြဿနာအသစ်ပဲ။ နည်းပညာနဲ့ နိုင်ငံရေး ရောထွေးသွားပြီ။ ဒါကို ဘယ်လို ဖြေရှင်းမလဲဆိုတာ လောလောဆယ် နည်းလမ်းမမြင်သေးဘူး” ဟု သုံးသပ်ချက်ပေးသည်။

မူရင်း – ဧရာဝတီ

Advertisements

Leave a comment

Filed under Article, Politics, WikiLeaks

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s