To Thet Khine of Min Din

မင်းဒင်ရဲ့ သက်ခိုင် သို့ …

စာပေရေးရာ၊ ဗဟုသုတရေးရာ စိတ်ဝင်စားသည့် ဘလော်ဂါတယောက်ယောက်ကို မေးလျှင် အားလုံးလိုလိုက မင်းဒင်ကို သိကြပါသည်။ မင်းဒင်ချည်း သက်သက်မဟုတ်၊ သက်ခိုင်နှင့် တွဲလျက် သိကြသည်။ မင်းဒင်ရဲ့ သက်ခိုင်၊ သက်ခိုင်ရဲ့ မင်းဒင်သည် ဘလော့ဂ်လောကတွင် မေးကြ၊ မြန်းကြ၊ လက်တို့ကြ၊ ညွှန်းခဲ့ကြရသည်မှာ ၂၀ဝ၈ လောက်ကတည်းက ဖြစ်သည်။ ဘလော်ဂါ ကိုမင်းဒင်၏ ပထမ စီးရီးတခုဖြစ်သော “ဖြစ်ပျက်ရှာပုံတော်ခရီးသည်” သည်လည်း ပရိသတ် အားပေးမှုကို ရခဲ့ဖူးသည်။ သို့သော် မင်းဒင်ရဲ့ သက်ခိုင်က ရေးဆဲ ဖြစ်၍ ပိုလှုပ်နေသည်။ မင်းဒင်ရဲ့ သက်ခိုင်သည် ဘာကြောင့် “လှုပ်” နေပါသလဲ။

* * *

ဘလော်ဂါ အများစုသည် လူငယ်များဖြစ်သည်။ ရှုပ်ထွေးလှသော မြန်မာ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများကို သိသလိုလို မသိသလိုလို ဖြတ်သန်းလာရသော လူငယ်များအဖို့ မြန်မာပြည်၏ ခေတ်၊ စနစ်သည် အထူးအားထုတ် လေ့လာမှု မရှိလျှင် လုံးစေ့ ပတ်စေ့ နားလည်ရန် ခက်နိုင်မည်။ မှတ်တမ်းမှတ်ရာ၊ ပြောကြဆိုကြသည်မှာကလည်း ပြန့်ကျဲ၍ နေသည်။ ထိုထို ပြန့်ကျဲပြီး နားလည်ရခက်နေသည့် သော့ချက်ကို မင်းဒင်ရဲ့ သက်ခိုင်က ဖွင့်ပေးလိုက်သလို ရှိသည်။ ထို့ကြောင့် “လှုပ်” သည်ဟု ကျနော် အကဲခတ်သည်။

ခင်မင်သော ဘလော်ဂါများ၏ မင်းဒင် ဘလော့ဂ်နှင့် ပတ်သက်၍ အများဆုံး အမေးခံရသော မေးခွန်းမှာ “မင်းဒင်နဲ့ သက်ခိုင်က အတူတူပဲလား” ဟူ၍ ဖြစ်သည်။ တဖန်ကျနော်ကလည်း ကိုမင်းဒင်ကို ဒီလို အမေးခံရသည်ဟု ပြန်ပြောပြဖြစ်သော်လည်း အဖြေကို မတောင်းခဲ့၊ တောင်းရန်လည်း စိတ်မကူး။ မင်းဒင်ဖြစ်စေ သက်ခိုင်ဖြစ်စေ၊ တယောက်တည်းဖြစ်စေ၊ နှစ်ယောက် မတူသည်ဖြစ်စေ ဝါးတားတား စာမျက်နှာ ဖြစ်နေသည့် အနီးကပ်သမိုင်း (ခေတ်ပြိုင်သမိုင်း) ကို သိချင်သော ကျနော်၏ အာသာ၊ အပျက်ပျက်ခေတ်ကြီး၊ အလွဲလွဲစနစ်ကြီး၏ အမြစ်ကို တူးဆွကြည့်ချင်သော ဆန္ဒကို မင်းဒင်ရဲ့ သက်ခိုင်က ဖြည့်ဆည်းပေးသည်။

သေချာသည်က မင်းဒင်ရဲ့ သက်ခိုင်သည် အသက်ရှုနေသော ဝတ္ထု၊ သို့မဟုတ် အတွင်းသားကို လှစ်ပြသည့် ခေတ်ပြိုင်သမိုင်းပျို ဖြစ်သည်။ ဒါကိုပဲ ကျေနပ်လှပြီ။

* * *

မင်းဒင်ရဲ့ သက်ခိုင်ကို ၂၀ဝ၉ တွင်မှ စဖတ်မိသည်။ လွတ်နေခဲ့သမျှကို ပို့စ်တခုမျှ မကျန်စေရ၊ အသေအချာဖတ်ပြီးနောက် “ဖွဲ့တည်ရာ မဂ္ဂဇင်း” တွင် ဤသို့ သုံးသပ်ချက် ရေးခဲ့ဖူးသည်။ “ဝတ္တု၏သဘော ရသမြောက်သည်။ အထူခြားဆုံးမှာ ခေတ်ပြိုင်သမိုင်းပေါ် ပြန်ထင်ဟပ်ထားခြင်း ဖြစ်ပြီး ထိုဟပ်ထင်မှုက ထိုခေတ်ကာလက ဖြတ်သန်းခဲ့သူများ၏ အတွေ့အကြုံများကို ပြန်နှိုးဆွပေးသလို မသိနိုးနားဖြတ်သန်းခဲ့ရသည့် မျိူးဆက်သစ်အတွက်လည်း အဖိုးတန် သင်ခန်းစာနှင့် ခေတ်၏ စပ်ကူးမတ်ကူးကို မျက်ခြေမပြတ်စေရန် ထောက်ကူပေးနိုင်ခဲ့သည်။ ထိုအချက်များထဲတွင် စာပေအရေးအသား နိုင်နင်းမှုကို အထွဋ်တင်လိုက်သောအခါ ခေတ်ပြိုင် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးကို မပြတ်စူးစမ်းနေသော၊ ပိုတိတိကျကျ ဆိုရလျှင် သိချင်မှု ဆာလောင်နေသူများ အဖို့ ပို့စ်တခုပြီး တခု စောင့်ကြည့်ရမည့် လက်ရာကောင်းများ ဖြစ်လာတော့သည် ဆိုချင်ပါသည်။ ဟုတ်နိုးနိုးတို့သည်လည်း ထိုဝတ္တု နှစ်ခု၏ ကျေးဇူးဖြင့် ရှင်းတန်သလောက် ရှင်းသွားသည်။”

* * *

“မင်းဒင်ရဲ့ သက်ခိုင် ဘယ်တော့ အဆုံးသတ်မှာလဲ” ဟု ကိုမင်းဒင်ကို ကျနော်မေးခဲ့ဖူးသည်။ ယခုလောလောဆယ်တွင် PDF ဖိုင်ဖြင့် ၃ ခုခွဲပြီး တင်ထားသည်ကို တွေ့ရသည်။ သို့သော် ကိုမင်းဒင်က အမှတ် ၄ ကို ရေးထားသေးသည်ဟု ပြောသည်။ အွန်လိုင်းတွင် တင်ထားသည့် အတွဲ အပိုင်း ၃ ခုနှင့် မတင်ရသေးသည့် ၁ ခုပေါင်းပြီး ပုံနှိပ်စာအုပ်ထုတ်မည်ဟု ဆိုသည်။ အတွဲ အမှတ် ၃ ကတည်းက ယခု နှစ်ကာလများနှင့် အလွန်နီးကပ်သော ခေတ်ကို ရောက်နေသည်။ မင်းဒင်ရဲ့ သက်ခိုင်၏ ပို၍ ပို၍ “လှုပ်” နေသော ဇာတ်ကာလအပိုင်းအခြားဖြစ်သည်။

* * *

လူတိုင်းသည် ဘဝတလျှောက် အကွေ့အကောက်များစွာ ဖြတ်သန်းခဲ့ကြသည်။ ထိုဖြတ်သန်းမှုများကို ရောက်ဆဲ နေရာမှ ချက်ကျကျ ပြန်လည် သုံးသပ်ဆင်ခြင်ရန် ခက်သည်။ သုံးသပ် ဆင်ခြင်နိုင်သည့်တိုင် ပြန်လည် လက်ဆင့်ကမ်းရန် ပို၍ ခက်သည်။ ပြန်လည် လက်ဆင့်ကမ်းသည့်တိုင် တဦးတယောက်မှသည် အများအတွက် အကျိုးပြုနိုင်စေရန် အခက်ဆုံးဖြစ်သည်။

ထိုအဆင့်တိုင်း၏ တောင်းဆိုချက်များသည် မင်းဒင်ရဲ့ သက်ခိုင်တွင် ပြည့်စုံပြီး ဖြစ်နေသည်ကို တွေ့ရသည်။ ကိုမင်းဒင်၏ အတွေ့အကြုံများအရ သက်ခိုင်ထက် ပို၍ ကျနော်တို့နှင့် မိတ်ဆက်ပေးစရာ ဆင်ခြင်သုံးသပ်မှုတွေ၊ လက်ဆင့်ကမ်းမှုတွေ ထပ်ရှိဦးနေမည်ဟု ကျနော် မျှော်လင့်သည်။ ထိုတိုက်တွန်းမှုကို ကိုမင်းဒင်က “မင်းဒင်ရဲ့ သက်ခိုင်” အလွန်တွင် ဆက်လက် ဖြည့်ဆည်းပေးနေဦးမည်ဟုလည်း ကျနော် ယုံကြည်ပါသည်။ ။

ခင်မင်လေးစားလျက်
သင်ကာ
နိုဝင်ဘာ၊ ၂၀၁၀
(ခေတ္တ) ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ မြောက်ပိုင်း

Advertisements

Leave a comment

Filed under Book Review

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s