Red Car, Mote and War and Peace Novel

ကားနီ၊ ကျုံးနှင့် စစ်နှင့် ငြိမ်းချမ်းရေး ဝတ္ထု

မနက် အလုပ်သွားဖို့ အဆောင်ကနေ ကားလမ်းတဖက်သို့ကူး၍ ကားနီ ငှားရသည်။ ချင်းမိုင်မှာ လိုင်းကား မရှိဘူးပင် ဆိုလို့ ရနိုင်သည်။ တနေရာမှ တနေရာ သွားလိုလျှင် မြန်မာတွေ ဒတ်ဆန်းကားဟု သိကြသည့် လေးဘီးကား အနီရောင်တွေကို တားဆီးရသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်လက်ထက်က ချင်းမိုင်မှာ စီးပွားရေးသမား (သူ့အမျိုးတွေလို့လည်း ဆိုကြသည်) က လိုင်းကားထောင်ဖို့ စီစဉ်ကြသည်။ ကားနီသမားတွေက လမ်းပိတ်ပြီး ဆန္ဒပြလိုက်သည်နှင့် မအောင်မမြင်ဖြစ်သွားသည်။

အဆောင်ကနေ ရုံးအထိ ကားခက ဘတ် ၂၀ ပုံမှန်။ ကားပေါ်ရောက်သည်နှင့် စစ်နှင့် ငြိမ်းချမ်းရေးကို စဖတ်သည်။ မပျက်မကွက် ဖတ်လာခဲ့သည်မှာ ကားတခါစီး တရက်လျှင် စာမျက်နှာ ဘယ်လောက် ပြီးသည်ကိုတော့ အမှတ်အသား မရှိပါ၊ ၃ လ လောက် အကြာတွင်တော့ စစ်နှင့် ငြိမ်းချမ်းရေး ၁၂ တွဲတွင် ၁၀ တွဲတော့ ပြီးသွားသည်။ စစ်နှင့် ငြိမ်းချမ်းရေး အတွဲ ၁၀ သည် ဝတ္ထုကြီး၏ အထွဋ်အထိပ်ပိုင်းဟု ဆိုထားသည်။

ကားနီက စထွက်လျှင် ချင်းမိုင်တက္ကသိုလ်ဘေး မြောင်းလမ်းကနေ ချင်းမိုင်တက္ကသိုလ် ပန်းချီပြတိုက်ရှေ့က ပတ်သည်။ ချင်းမိုင်တက္ကသိုလ် ပန်းချီပြတိုက်သည် ယခုနောက်ပိုင်း ခပ်စိပ်စိပ် ဆိုသလို မြန်မာ့နိုင်ငံရေး အခမ်းအနားများ၊ ကဇာတ်များ၊ ပြည်တွင်းမှ ပန်းချီဆရာများ၏ ပြပွဲများ ကျင်းပရာ ဖြစ်လာသည်။

ကားနီသည် ချင်းမိုင် တက္ကသိုလ် ဆေးပညာဌာန၊ သူနာပြုဌာန၊ အာရုံကြောဌာန၊ သွားဘက်ဆိုင်ရာ ဆေးဌာနတွေကို ဖြတ်ပြီး ကျုံးကို ရောက်သည်။

 

Photo Credit: Johnny Jet

ကျုံးပတ်လမ်းကို ဝင်ပြီးပန်းခြံကိုကွေ့။ ပန်းခြံထဲမှာ မနက်ဆို လေ့ကျင့်ခန်းအပြီး အပန်းဖြေသူတွေ၊ ဆော့နေသော ကလေးတွေကို ပုံမှန်တွေ့ရသည်။ ငှက်တွေလည်း ရှိသည်။ အလွန်ပူသည့် နွေနေ့လည်များ၌ ထိုပန်းခြံထဲတွင် မြက်ခင်းပေါ်ခင်းထိုင်၍ ဘီယာမြုံ့ကာ ရေကန်ထဲက ကြာတွေ၊ ငှက်တွေ၊ လှုပ်ရှားသွားလာသူတွေကို ငေးကြည့်ဖူးသည်။ ပန်းခြံဟိုမှာဘက် ကျုံးကို ကျော်လိုက်လျှင် စိတ်ကျန်းမာရေး ဆေးရုံရှိသည်။ တခါတရံ အလည်ရောက်သူတွေကို ဒီဟိုတယ်မှာ နေမလားလို့ နောက်ရလောက်အောင် ကြီးမားပါလှပသည်။

ပန်းခြံလွန်လျှင် ကျုံးဂိတ်တခု စဖြတ်သည်။ ထိုအချိန်ဆိုလျှင် ဝတ္ထုစာအုပ်ကို ပိတ်တော့၊ ကားခ ထုတ်တော့။ နောက်တဂိတ်မရောက်မီ ကျုံးတဖက်က တရုတ်သံရုံး ဖြစ်သည်။ နံရံကြီးတွေသာ မြင်ရသည်။ အဆက်အသွယ် ဖြတ်နေလိုသော၊ မာနကြီးသော သဘောကို သံရုံတည်ပုံကြည့်၍ ခံစားမိသည်။ တခါတရံ မြန်မာ့နိုင်ငံရေးတွင် တရုတ်ဝင်ရှုပ်ပါက မြန်မာအတိုက်အခံ အင်အားစုများ၏ ဆန္ဒပြခြင်းကို ခံရသည့် သံရုံးဖြစ်သည်။

ကာနီးစီးလျှင် နောက်မှာ ထိုင်ရ၍ ကားရပ်စေလိုကြောင်း ဒရိုင်ဘာ သိစေလိုလျှင် ကားအမိုး၌ ကပ်ထားသော ခေါင်းလောင်း ခလုတ်ကို တီးရသည်။ ကားဆရာက ခေါင်းလောင်းသံကြားလျှင် ကားထိုးရပ်ပေးသည်။ ခေါင်းလောင်း ၃ ခုခန့် ရှိတတ်သော်လည်း ခေါင်းလောင်းများ ပျက်နေ၍ မှတ်တိုင်ကျော်သွားပြီး ကားသမားအနောက်ကမှန်ကို သွားခေါက်ရတာလည်း ကြုံရတတ်သေးသည်။

ကားပေါ်က ဆင်းသည်နှင့် မင်းသားနီကိုလေ၊ နာတာရှာ၊ ဆွန်ယာ၊ ပီယာ စသူတို့သည် ကျနော့်အတွေးထဲမှ ရုတ်တရက် ငုပ်လျှိုးသွားကြသည်။ ကားနီနှင့် ဆက်လိုက်သွားသလား၊ စာအုပ်ထဲ ပြန်ဝင်သွားသလားဆိုတော့ မဟုတ်။ ကျနော့် နှလုံးသားထဲတွင် ခဏ နားနေကြသည်။

သင်ကာ
အောက်တိုဘာ ၂၃၊ ၂၀၁၀
ချင်းမိုင်၊ ထိုင်းနိုင်ငံမြောက်ပိုင်း။

Advertisements

3 Comments

Filed under Diary

3 responses to “Red Car, Mote and War and Peace Novel

  1. မိုက်တယ်ဗျို့….။း)

  2. ကောင်းတယ်ဗျို့… နောက်နှစ်တွဲပဲ ကျန်တော့တယ်…

  3. ရောက်တယ် ဗျာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s