Humour

ကိုယ်တွေ့ဟာသများ

လယ်ဒီနဲ့ နုတ်ဘုတ်ခ်

ကျနော့်တွင် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် မိတ်ဆွေများရှိသည်။ ကျနော်တို့သည် အင်္ဂလိပ်စကားကို ကြားခံအနေနှင့် သုံးကြရာ ဂွကျရသည့် အဖြစ်များ မကြာခဏ ကြုံရသည်။

များသော အားဖြင့် ထိုင်းသူငယ်ချင်းများသည် r ကို “လ” သံ၊ v ကို “ဝ” သံဖြင့် ပြောင်းပြီး ထွက်တတ်သည်။ တနေ့ ညစာ ထွက်စားကြဖို့ ပြင်သည်။ ထိုင်းက ကမ္ဘောဒီးယားကို အသင့် ဖြစ်ပြီလားဟု မေးသည်။

“အာ ယူ လယ်ဒီ”

ကမ္ဘောဒီယားက ကြောင်တောင်တောင်နှင့် သူ့ကိုနောက်သည် ထင်ပြီး “အိုင် အမ် နော့ လေဒီ” ဟု အကြောက်အကန် ငြင်း၏။

သူတို့ နှစ်ယောက် “အာ ယူ လယ်ဒီ”၊ “အိုင် အမ် နော့ လေဒီ” နှင့် ပတ်ချာလည်နေသည်။
ထိုင်းက ready ကို လယ်ဒီ ဟု အသံထွက်ရာ ကမ္ဘောဒီးယားက လေဒီ (lady) ဟု ထင်နေ၏။

ကျနော်က ကြားဝင်ပြီး ကမ္ဘောဒီးယား သူငယ်ချင်းကို ရှင်းပြရသည်။

“သူပြောတာ ready ပါ၊ lady မဟုတ်ပါဘူး” ဟူ၍။


* * * * * * *

နောက် တခါ ဒုက္ခရောက်ရသည်က ဗီယက်နမ် သူငယ်ချင်း ဖြစ်သည်။
ခရီးဆောင် ကွန်ပြူတာ (Laptop) ကို ကျနော်တို့ မြန်မာတွေက “လက်ပ်တော့” ဟုပဲ ခေါ်သည်။ ထိုင်းတွေက နုတ်ဘုတ်ခ် (note book) ဟု ခေါ်သည်။

တနေ့ မဲခေါင်မြစ်အတိုင်း ခရီးထွက်ကြမည်ဖြစ်၍ ထိုင်းစာရေးမက အားလုံးကို အကြောင်းကြားသည်။

“မြစ်ကြောင်းတလျှောက် ၃ ရက်ကြာ ခရီးထွက်မည်၊ လေ့လာစရာတွေရှိသည်၊ နုတ်ဘုတ်ခ်တွေ ယူခဲ့ကြပါ” ဟူ၍ အီးမေးလ် ပို့သည်။

ကျနော်တို့က မှတ်စုစာအုပ်နှင့် ဘောလ်ပင်များ၊ အခြားလိုအပ်သည့် အဝတ်အစားများ ကျောပိုးအိတ်နှင့် ထည့်ကာ စုရပ်တွင် ဆုံကြသည်။

ဗီယက်နမ် တယောက်တည်း ကျောပိုးအိပ်ရော လက်ပ်တော့ရော မနိုင်မနင်းဖြင့် ရောက်လာသည်။

ထိုင်းစာရေးမက “ဘာလို့ ဒါကြီး ယူလာသလဲ” ဟု မေးသောအခါ ဗီယက်နမ်က “မင်းပဲ နုတ်ဘုတ်ခ်တွေ သယ်ခဲ့ပါဆိုလို့ သယ်လာတာ” ဟု ဆိုလေသည်။

“ကျမပြောတာ မှတ်စုစာအုပ် နုတ်ဘုတ်ခ်၊ လက်ပ်တော့ နုတ်ဘုတ်ခ် မဟုတ်ဘူး” ဟု ပြောတော့ ဗီယက်နမ် စိတ်ညစ်သွားလေသည်။

အဘယ်ကြောင့်ဆိုသော ကျနော်တို့ ငှားထားသည့်ကားမှာ မြန်မာတွေ ဒိုင်နာဟု ခေါ်သော ကားကြမ်းကြီးဖြစ်သဖြင့် ဗီယက်နမ်ခမျာ သူ့လက်ပ်တော့ကြီးကို ဗြဟ္မာကြီးဦးခေါင်းလို ချထားလည်း မရ တမမနှင့် လမ်းတလျှောက် အိပ်ပင် မငိုက်ရဲလေသောကြောင့် ဖြစ်လေသည်။

* * * * * * *

မကြည့်သူနှင့် မသိသူ

ကျနော့်သူငယ်ချင်း၏ ကြီးတော်တယောက်ရှိသည်။ သူသည် ဉာဏ်ရည် ပြည့်မီသူ မဟုတ်ရှာပဲ အသက်ကြီးနေသည့်တိုင် ကလေးလိုသာ တွေးတတ်သူ ဖြစ်လေသည်။ ကျနော့်သူငယ်ချင်းက ရုပ်ရှင် ကြိုက်သူ ဖြစ်၍ ဟောလိဝုဒ် ကားများ မကြာခဏ ငှားကြည့်သည်။

ဟောလိဝုဒ် ရုပ်ရှင်များကို အများအားဖြင့် 20 Fox Century, Universal, Columbia စသည့် စတူဒီယိုများမှ ရိုက်ကူး ထုတ်လုပ်တတ်ရာ ရုပ်ရှင် မပြမီ စာတန်း ထိုးသည့်အခါ မြင်ရမြဲ ဖြစ်သည်။

DVD ဒီစက်ထဲသို့ အခွေထည့်လိုက်ပြီးနောက် ရိုက်ကူးထုတ်လုပ်သည့် 20 Fox Century စသည့်စာတန်း ပေါ်လာသည်နှင့် တပြိုင်နက် ကြီးတော်ကြီးက “ဒီကား ကြည့်ပြီးသားကြီး” ဟု ဆိုကာ ထသွားမြဲ ဖြစ်သည်။

“မဟုတ်ပါဘူး၊ ဒါက စာတန်းထိုးရုံလေးတင်ပါ။ နောက်ပိုင်းမှာမှ ရုပ်ရှင် လာပါမယ်” ဟူပြောလည်း မရ၊ ကြည့်ပြီးသားကြီးဆိုကာ ထသွားမြဲ ဖြစ်သည်ဟူသတတ်။

နောက်တခါ ရယ်စရာကြုံရသည်က သူငယ်ချင်း ကိုယ်တိုင်ပင် ဖြစ်သည်။ သူသည် ရုပ်ရှင် ဝါသနာ ပါလွန်း၍ DVD ပြစက်ကို ဝယ်ထားသည်။ DVD ရုပ်ရှင် ကားကောင်းများလည်း ငှားကြည့်သည်။

တနေ့တွင် သူ့အဖေက တရားခွေနာရန် DVD စက်ထဲသို့ VCD အခွေထည့်လိုက်လေရာ ကျနော့်သူငယ်ချင်းသည် ထိတ်ထိတ်ပျာပျာဖြစ်သွားလေသည်။

“ဒုက္ခပါပဲ အဖေရာ၊ ဒါ DVD စက်ဗျ၊ ဘာလို့ VCD အခွေသွားထည့်တာတုန်း၊ ပျက်တော့မှာပဲ” ဟု ဆိုကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေဆဲ တီဗီဖန်သားပြင်ပေါ်တွင် တရားခွေသည် ပီပီသသပေါ်လာသည်ကို မြင်ရတော့မှ စိတ်အေးသွားလေသည်။

ထိုအကြောင်းကို ကျနော့်ကို ပြောပြသောအခါ “ဟ … မင်းကလည်း DVD စက်ဆိုတာ VCD လည်း ဖွင့်လို့ရတာပဲလေ။ မင်း အဲဒါ မသိဘူးလား၊ ဒီလောက် ရုပ်ရှင်တွေ ကြည့်နေပြီးတော့” ဟု မေးလိုက်သည်။

“ဟီး … ဟီး … အဲဒါ ငါ မသိဘူးဟ၊ DVD ဟာ VCD ဖွင့်လို့ မရဘူး ထင်လို့ ငါ့မှာ တကူးတက DVD တွေချည်း ငှားကြည့်၊ ဝယ်ကြည့်နေရတာ စက် စဝယ်ကတည်းကပါကွာ” တဲ့။

Advertisements

Leave a comment

Filed under Joke

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s