Ancient Myanmar Humorous Poem 4

၁၉၆၅ စက်တင်ဘာတွင် မြစာပေမှ ထုတ်ဝေသော မြောင်းမြသခင်တင်၏ ရှေးစာဆိုတော်ကြီးများ၏ ဟာသရသ ကဗျာများ (အမှတ် ၂) စာအုပ်မှ ကူးယူဖော်ပြပါသည်။

ရှေးစာဆိုတော်ကြီးများ၏ ခါးအောက်ပိုင်း မလွတ်သည့် ဟာသ ကဗျာများ

မြောင်းမြသခင်တင်၏ စာအုပ်ထဲမှ ကျနော်က ကူးယူဖော်ပြရာတွင် သူ့ နဂို အစဉ်အတိုင်း မဟုတ်ဘဲ သင့်ရာသင့်ရာ ပြန်စုထားပါသည်။ ထိုသို့ စုရာတွင် ယခု ကဗျာစုမှာ ရှေးက အထင်ကရ ပုဂ္ဂိုလ်များ ရေးခဲ့သည် မှန်သော်လည်း ညစ်တီးညစ်ပတ် နိုင်လှသဖြင့် နိုင်ငံတကာ စံနှုန်းဖြင့် 18+ ဟု ထိုးရမည်ဖြစ်ကြောင်းနှင့် မဖတ်ကြပါက အကောင်းဆုံး ဖြစ်ပါကြောင်း။ အချို့ကဗျာများမှာ ကျနော် ကိုယ်တိုင်ပင် မဖတ်ဖူးသေးပါ။ သခင်တင်၏ စာအုပ်မှာလည်း ရိဆွေးနေပါပြီ။ မှတ်တမ်း တင်ထားစိမ့်သောငှာသာ တင်လိုက်ပါသည်။

ဧရာဝတီမြစ်ဆိပ်တွင် ရေချိုးရင်း လူသူတော် ဦးမင်းက ဖိုးသူတော် ဦးမင်းကို ကျီစယ် စပ်ဆိုသည့်စာ။

ဟေ့ ဖော်သူတိုး၊
တဏှာမှောင်ကြီးလို၊
လောင်တီး သကိုး။

ဖိုးသူတော် ဦးမင်းကလည်း သဘာဝကြောင့် ဖြစ်ကြောင်း ပြန်ချေပ၏။
ထံက ထာ၊
ဒူလာ လေဖြန်းလို့၊
ဖေတန်း သဗျိုး။

ဖိုးသူတော် ကျပ်တလုံးနှင့် ညောင်ကုန်းမှာ အိပ်ပျော်သည်ဟု လူဦးမင်းက စနောက်ကာ လက်တန်းဖွဲ့၏။

ကျပ်တလုံးရယ်နှင့်၊
ညောင်ကုန်း ရောက်သောအခါ၊
စက်ပါနှင့် ဗျို့။
ကျပ်ကိုယူ၊
လူကိုပင် မတရား၊
မှားတတ်သမို့။

ဖိုးသူတော် ဦးမင်းက မခံချင်သဖြင့် ပြန်ချေ၏။

စာဆိုချင်း၊
ခံပြင်းအောင်ကိုသာ၊
ပြောပါနှင့်မင့်။
ညောင်ကုန်းမြေ၊
နှောင်ထုံး တွင်ရာလေဟု၊
မောင့်မျိုးဆွေ – မယ်သီမိတို့မှာ၊
သိခဲ့ပေါ့ထင့်။

၃။ သီလရှင်ငယ် တပါးသည် အလွန်လူပြတ်ပြီး အန္တရာယ်များသော ကျောက်မိုးတောင်သို့ တရားထွက်ချင်ပါသည်ဟု ဆိုလာသည်။ ပြောဆို၍လည်း သဘောမပေါက်။ ထို့ကြောင့် မန်လည်ဆရာတော်က ဤကဗျာဖြင့် ဆုံးမလိုက်သော ဟူ၏။

တောင်ကျောက်မိုးသို့၊
အလံခိုး သွားရပါတော့မည်၊
နယားပျံ ကျော့ဝိုင်းမော့နောင်က၊
ဒါကူမောင် ဗိုလ်ကလေးတို့နှင့်၊
ဘာဘူစောင် နှစ်ကိုယ်ထွေးရအောင်၊
သီလရှင် ပျိုးကလေးတို့ကို၊
စိုစိုကလေး ပို့ပေးတော်မူစမ်းပ မောင်ကြီးတို့။

၄။ တော်သလင်း ခွေးမြူးရာသီကို စာဆိုတဦးက ဖွဲ့ပုံ။

တော်သလင်း
ဖော်ကင်းပါတဲ့ ခွေးတွေအူ
အိပ်မပျော် တညလုံး
အုံးကျွက်ကျွက်ဆူ
ကြောင်ကျားနီဖြူ
မြာချူသည့် တိုက်ပွဲ
တကောင်ဖင် တကောင်ဆော်လို့
မြင်မလျော် ရှောင်ကာပြေးရတယ်
ခွေးတို့ လွန်ပွဲ။

၅။ မန္တလေးမြို့တွင် မင်းတုန်းမင်းလက်ထက် ယောင်္ကျားနှင့် မိန်းမ အပေးအယူမမျှ၍ ကွာကြသည်။ မိန်းမသည် ဂျင်းပိတ် အမျိုးအစားဟူ၏။ ကွာရသည့် အကြောင်းမှာလည်း ပြောဖို့က ခပ်ခက်ခက်ဖြစ်သည်။ ဘုတလင်ဇာတိ ဆရာကြီး ဦးပြည့်ကျော် (ဣတ္ထိယ ဒုဇ္ဇကထာ လင်္ကာကျမ်း – မိန်းမတို့၏ အပြစ်အနာအဆာများ ပြသောကျမ်း) ကို ပြုစုသည့် ပုဂ္ဂိုလ်က ဤသို့ အများ ကြားသာအောင် စာဖွဲ့လိုက်၏။ (ပါဠိ နားလည်မှ နားလည်နိုင်မည် – သင်ကာ)

လင်မယား နှောမိကြတော့
ယောနိဝ အင်္ဂါ
မဂ္ဂဆိဒ္ဒ လမ်းမသာသည်
မချမ်းသာ ယောင်္ကျား
မဂ်-မဂ်ချင်း မကူးနိုင်
နှစ်ဦးပြိုင် လျှောက်တရား
လက်မထောက် သူရဲ ကတော်ကို
တွဲခေါ်ကာ မရှုစား
လက်သူကြွယ်-လက်ခလယ် အသာထားပါဘိ
လက်သန်းဖျား အနိုင်သာ
ဣတ္ထိလိင်အင်္ဂါ ဇရယ်ကြောင့်
လင်ကွာရ မင်းမိန့်အာဏာ
ဘာဝရုပ်ရှိပါလျက်ကို
ဝိပါက်လာ အကျိုးရယ်ကြောင့်
ခြောက်မျိုး ပဏ္ဍုက်အသွင်
သင်းဖွဲ့လို့ဝင်
ရွှေမန်းမြို့ ပဌမပလ္လင်ဝယ်
ဘဝရင် ရှိတုန်းကလေး။

မဂ္ဂဆိဒ္ဒ = လမ်းပေါက် ချွတ်ယွင်းမှု

သူရဲကတော် = ဝမ်းဆွဲသည်

ဘဝရင် = ဘဝရှင်

(ဆက်လက် ဖော်ပြပါမည်)

Advertisements

1 Comment

Filed under Classic, Literature, Poem

One response to “Ancient Myanmar Humorous Poem 4

  1. ဆက်လက်ဖော်ပြပါဦး ကို သင်ကာ …

    စောင့်ဖတ်နေပါတယ် … 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s