Ancient Myanmar Humorous Poem 1

၁၉၆၅ စက်တင်ဘာတွင် မြစာပေမှ ထုတ်ဝေသော မြောင်းမြသခင်တင်၏ ရှေးစာဆိုတော်ကြီးများ၏ ဟာသရသ ကဗျာများ (အမှတ် ၂) စာအုပ်မှ ကူးယူဖော်ပြပါသည်။

အထွေထွေ စာဆိုတော်များ၏ စာပြောင်များ

၁။ သံချိုဦးကျော်လှ ရုပ်သေးမင်းသမီးကိုင် ဦးပျံကြီး၊ ဦးပျံလေးတို့ နေထိုင်ရာ သခွတ်တနယ်ရွာရောက်စဉ် ထန်းရည်သောက်ကြရင်း ဦးပျံကလေးက စပ်သောကဗျာ။

သောက်လိုလျှင် ဝင်စလွယ်
ကျင်ငယ်ကပြန်ထွက်
ကိုဘိုးပိုင် ထန်းရေမွှေး
ပေးနောက်တခွက်။

၂။ မန္တလေးတွင် ပွဲနားစဉ် ဦးဖိုးစိန်ဇာတ်မှ မင်းသမီးအောင်ဗလ ရုတ်တရက် ဆုံးလေသည်။ မန္တလေးသူတို့က အောင်ဗလကို နှမြောတသ စွဲရစ်ကြသဖြင့် ဈာပနတွင် ပြာကျသည်အထိ ဝိုင်းဝိုင်းလည်အောင် စည်ကားစွာ ကူညီကြသည်။ ဤသည်ကို မျက်စိစပါးမွှေးစူးသော မန္တလေးကာလသားများကိုယ်စား တဦးကစာစပ်သည်။

သွားကျိုးအောင် ပါးချောင်ချချင်လှ
အကောင်မတွေဟာ
အောင်ဗလသေတာကို
မနေသာနိုင်အား
အဝီစိပွက်ထာလို
သူ့ထက်ငါ တိုးဝှေ့၍သွား။
သူတို့မှ မရှက်ပေ
ခက်ပလေတကား
မျက်ရည်တွေ အများနှင့်
သနားတဲ့ အာရုံ
အသေကောင် မသာ ဖြစ်တောင်မှ
တဏှာချစ်စိတ်ကမကုန်
အသုဘ အရိုးစုံကို
ကတိုးပုံ ထင်မှတ်လို့
ရင်ဘတ်ကို အခါခါ
ထုနှက်ငိုရှာ။
သဘင်နှင့် မနောပါတယ်
ပြောစရာရှိဘူးပလေး။

အမျိုးသမီးများကလည်း ပြန်လည် ချေပသည်။

တိရစ္ဆာန် ခွေးပါးစပ်က
ရေးစပ်လို့ စာနှံ
တေးထပ်ရဲ့ ဝစနာဉာဏ်
ဗာလာနံတွေက။
အောင်ဗလ ဧည့်မသာကို
ကဲ့ရဲ့ကာ မဲ့လို့ ဆိုကြ။
ပြည်သူက အသနားကြင်
အများပင် ငိုတ
တရားယှဉ် ဗြဟ္မစိုရ်ကြွ
ပျိုအလှတတွေ
မောင်ရင်းလို စိတ်ထား
မိတ်အများသွားကြရှာပေ။
စာရေးသူ အမေသေလျှင်
အပြေပြေ မကျော်ကြားနိုင်ဘု
ဖော်အများ အရပ်ကိုခေါ်
အပ်ရလိမ့်နော်
အောင်ဗလ မသာမော်လို
ကမ္ဘာပေါ် ရှိဘူးကွဲ့လေး။

၃။ မင်းတုန်းမင်းလက်ထက်တွင် စလင်းဆရာတော်သည် စလင်းမြို့ရှိ မိမိကျောင်းထိုင်ရာ ကင်းကုန်းကျောင်းတိုက်သို့ ပြန်ကြွသွားရာ တပေါင်းလကုန် တန်ခူး ကဆုန်မှ ပြန်လာမည်ဟု မှာကြားလိုက်၏။ သို့သော် နယုန်ရောက်သည်အထိ ပြန်ကြွမလာပေ။ မင်းတုန်းမင်းက မဟာဒါန်ဝန် (ယခုခေတ် သာသနာရေးဝန်ကြီး) အား အမှာစာရေးခိုင်းလေသည်။ မဟာဒါန်ဝန်က ကဗျာတပုဒ်ကို စပ်ရေး ပေးပို့လိုက်၏။

တကန်ပြူးမည်ဟု
မိန့်ဖူးတဲ့ ရွှေဗျာသံကို
ပြန်လှန်၍ ချင့်ပါဦး။
တကျန်ပြောင်း
စံဟောင်းကို ပြန်ချင်စိတ်ကယ်ကြောင့်
နံဗိတ်ကို ဘယ်လို ချင်းနိုင်ပ
လင်းမြို့ကင်းကုန်း။

တကန်ပြူး = တကူးပြန်
တကျန်ပြောင်း = တကျောင်းပြန်
နံဗိတ် = နိဗ္ဗာန်

၄။ ဆင်းရဲသား အညာမင်္ဂလာဆောင်ကို စာပြောင်ဖြင့် ဖွဲ့ဆိုသော ပျဉ်းမနားဆရာလှိုင်၏ လက်ရာကဗျာ။

အခြင်းလျာ ညွတ်ချင်စပို့တွေကြောင့်၊ သတင်းဝါကျွတ်လျှင် ကြိုမယ်လို့၊ လွှတ်မယ်ဗျို့တကယ့်တကယ်၊ (အိုကွယ်) ဝတ်ဆင်ဖို့ ဝယ်ခဲ့တယ်။

အသစ်ကြီးပါပဲ၊ ပစ္စည်းမယ်ခမြာက မနိတ်တာကြောင့်၊ ချစ်တီးထည် ပုဝါမိတ်ကယ်နှင့်၊ ရာချိတ်ဟာ သူ့ထက်မကြောပါဘူး၊ ပါတိတ်ဟာ နုလျက် ချောပေသပ၊ ရှုမက်မောဖွယ် တော်တာဆင်ရအောင်၊ လျော်စွာပင် ကျင်းမည် မဟုတ်ပါဘူး၊ ဂေါ်ရာဖျင် အင်္ကျီချုပ်ခဲ့တယ်၊ ဆွေးမစုတ်လွယ်ပေါင်နော်ကွယ် သေးမနုတ်ဖွယ် ထာဝစဉ်ကြေးတန်ရစေတော့လို့၊ ဗမာဖျင် ရှေးဆန်လှတာနှင့် မာလကျင် ချွေးခံပွရဲ့ပြင်၊ မွှေးရန်ကပဲနံ့သာစလယ်၊ ပုလဲရတနာထယ်နှင့် သိပ်မခြား၊ (အိုကွယ်) ဆွဲစရာ ဝယ်ခဲ့တာက ဂျိတ်စေ့များ။

ကြောင်းနိတ်ကာ၊ ခေါင်းထိပ်မှာ သွင်ဆောင်လို့ ရှုတာက၊ ပြောင်းမိတ်စယ မင်ရောင်ဆံစုရယ်နှင့်၊ ခြင်ထောင်ပြုစရာ အညာအရပ်ဟာမို့၊ သင်းစောင်နှစ်ခုဟာ ကန့်လန့်ကာ ဖြစ်စေတော့၊ လွှာဖိနပ်တစုံ ပွဲတော်စီးရန်ဖို့၊ အသာပတ်ရုံ ကျွဲကော်ဘီးရဲ့ပြင်၊ ခဲလှော်ပြီးလျှင် ပန်းခက်ပြောက် ပန်းတွေနဲ့၊ တွဲဖော် မနီးခင် အရမ်းမက်လောက်တဲ့ စခန်းပါပဲ၊ ဖလ်လက်ကောက် အဆန်းကို မြန်းဆင်လို့ ထွက်မှာကြောင့်၊ ဘန်းတင်ဆက်မကွဲ့ (အုန်းမှုတ်အမာ) ရေဖလားရယ်နှင့် (အိုကွယ်) ခန်းဝင် လက်ဖွဲ့မယ့် ဘုန်းဥစ္စာတွေကလား။

(ဆက်လက်ဖော်ပြပါမည်။)

Advertisements

Leave a comment

Filed under Classic, Literature, Poem

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s